ကိုအောင်မှိုင်း - ဓားချက်ပြင်းပြင်း
ဓားချက်ပြင်းပြင်း
ကိုအောင်မှိုင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၄
ဆို့နင့်နေတဲ့ နှလုံးသားပေါ်
မိုးပေါက်တွေလို ကျလာတဲ့
ကောင်းကင်က သွေးပျစ်ပျစ်တွေကို
စာမျက်နှာတခုပြီးတခု ဆုတ်ဖြဲရင်း
နင့်ဆို့နေတဲ့ မျက်ရည်ပူတွေနဲ့
ကိုင်ထားတဲ့ ဓားသွားတိုင်းကို
ထက်သတက် ထက်လာအောင်
သွေးကြရုံကလွဲပြီး ဘာရှိဦးမှာလဲ။
တောက်
တောက်ခေါက်သံဟာ
ကမ္ဘာကြီးကို တုန်လှုပ်သွားပါစေ
ပေးဆပ်မှုတွေဟာ
ကမ္ဘာကြီးကို ယုံကြည်သွားပါစေ
အနာခံမှုတွေဟာ
ကမ္ဘာကြီးကို တည့်မတ်နိုင်ပါစေ
ရှေ့ဆက် ပေးဆပ်ကြဦးမယ်
ရှေ့ဆက် အနာခံကြဦးမယ်
ရှေ့ဆက် တောက်ခေါက်နေကြဦးမယ်
ယုံကြည်ချက်တွက် ကမ္ဘာကုန်ကျယ်သရွေ့။
ဓားချက်ပြင်းပြင်း စစ်ခင်းနေကြတာ
အမှောင်ထုကို စစ်ကြေညာနေကြတာ
မိုးကြိုးမုန်တိုင်းကို အန်တုနေကြတာ
ပန်းတခင်းအတွက်
ရေကြည်တပေါက်အတွက်
အိပ်ရာတခင်းအတွက် မဟုတ်ဘူး
စစ်ကျွန်ဘဝတွေက လွတ်မြောက်ဖို့
ကြီးမြတ်တဲ့ တော်လှန်ပုန်ကန်မှုအတွက်။
သွေးသောက်ရဲဘော်တို့
ဓားချက်တိုင်းဟာ တိကျပါစေ
ဓားချက်တိုင်းဟာ အဟုန်ပြင်းပါစေ
ဓားချက်တိုင်းဟာ လျင်မြန်ဖျတ်လတ်ပါစေ
ထောင်ချီတဲ့ ဓားချက်တွေနဲ့
ရန်သူနှလုံးအိမ် တည့်တည့်ကို
ပြိုင်တူပစ်လွှတ်လိုက်ကြမယ်။
ဓားဖျားတိုင်းမှာ
ခံပြင်းခဲ့ရတဲ့ နှလုံးသားတွေ
မီးရှို့ခံရတဲ့ အမေ့အိမ်တွေ
မုဒိမ်းကျင့်ခံရတဲ့ နှမငယ်တွေ
နရသိန်ထဲက တင်းခံသူတွေ
ငြင်းဆန်နေဆဲ ပြည်သူတွေ
အရှင်လတ်လတ်
မီးရှို့ခံခဲ့ရတဲ့ ရဲဘော်တွေရဲ့
ဝိညာဥ်တွေကို ထည့်ပေးလိုက်ကြ။
မကြေ မကြေ
ဘယ်တော့မှ မကြေ
သံသရာဆုံးထိ မကြေ
တွေဝေစရာတွေ
လာမပြောကြနဲ့
ရှေ့တည့်တည့်ကိုကြည့်
ဖြောင့်ဖြောင့်တန်းတန်းလျှောက်
ညီညွတ်ရေးတရား
ဟောရမယ့်အချိန် မဟုတ်တော့ဘူး
ညီညီညွတ်ညွတ်တိုက်ရမယ့် အချိန်လို့
သွေးသံရဲရဲ ဓားရိုးတွေက ဆိုနေကြပြီ။
-