Breaking News

အောင်ဝေး - စစ်မှာတမူ (PDF VERSION)

Art by Than Htay Maung

စစ်မှာတမူ (PDF VERSION)
အောင်ဝေး
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄
စစ်တိုက်ခြင်းဟာအနုပညာဖြစ်တယ်
စစ်တိုက်ခြင်းအနုပညာပေါ့။
စစ်တိုက်ခြင်းအနုပညာကို
လေ့လာရမယ်။
ဘယ်ကစမလဲ
အသည်းနှလုံးထဲက
အရင်စကြရမပေါ့။
ဘယ်လိုလဲဆိုတော့
ငြိမ်းချမ်းရေးကို
ရင်ဘတ်ထဲကစရသလိုပ။
စစ်တိုက်ခြင်းဟာအနုပညာဖြစ်သလို
ယဥ်ကျေးမှုလည်းဖြစ်လေရဲ့။
ကြားဖူးရဲ့မဟုတ်လား
နိုင်ငံရေးယဥ်ကျေးမှုဆိုတာကိုလေ
နိုင်ငံရေးမှာယဥ်ကျေးမှုရှိသလို
စစ်မှာလည်းယဥ်ကျေးမှုရှိလေရဲ့။
စစ်ယဥ်ကျေးမှုကို
စစ်တိုက်တဲ့နိုင်ငံရေးမှာပဲ
တွေ့နိုင်ပေရဲ့။
ဒီနေ့ဘာနိုင်ငံရေးလဲဆိုတာ
ဒီနေ့ဆင်နွှဲနေတဲ့(လူထုခုခံ)စစ်က
သက်သေပြချေရဲ့။
အချစ်ကလေး
စစ်ပွဲတွေဘယ်ကစသလဲ
စစ်ရဲ့အစဟာ
ဘာလဲ ဘယ်လဲ။
စစ်ဟာနိုင်ငံရေးကစတယ်
စစ်ရဲ့အစဟာနိုင်ငံရေး
စစ်ဟာနိုင်ငံရေးရဲ့အဆက်ဖြစ်တယ်။
လမ်းပေါ်ထွက်ဆန္ဒပြမရတော့လို့
တောထဲဝင်လက်နက်ကိုင်ရတယ်။
နိုင်ငံရေးဆိုတာ
ပါးစပ်နဲ့တိုက်တဲ့စစ်
စစ်ကတော့
သေနတ်နဲ့တိုက်တဲ့နိုင်ငံရေးပေါ့
ဒီတော့ကာ
စစ်ဟာအစမဟုတ်၊ အဆုံးမဟုတ်
နိုင်ငံရေးကစတဲ့
စစ်ဟာ
ငြိမ်းချမ်းရေးမှာဆုံးရမယ်။
နိုင်ငံရေးသည်အစ
ငြိမ်းချမ်းရေးသည်အဆုံး။
စစ်နဲ့တော်လှန်ရေးကို
ဖြတ်သန်းပြီးမှသာ
ကြာပန်းဟာပွင့်လာရစမြဲ။
ငြိမ်းချမ်းရေးကိုသွားတဲ့လမ်းမှ
စစ်ဆိုတာ
တော်လှန်ရေးကိုသယ်ဆောင်လာတဲ့
ယာဥျပဲ။
ယဥ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ
နိုင်ငံရေးဟာအနုပညာ။
ငါတို့လူ့အနုပညာမှာ
ပါရမီသက်ကုန်ရင်
ပညာသက်နဲ့ဆက်ရတယ်။
တော်လှန်ခြင်းမှာ
နိုင်ငံရေးအသက်မကုန်ခင်
စစ်နဲ့အသက်ဆက်ရတာပဲ။
အာဏာရှင်တွေရဲ့သံဖနောင့်အောက်မှ
စစ်ဟာလည်း
နိုင်ငံရေးလိုပဲ
အနုပညာဖြစ်လာရတော့တယ်။
စစ်တိုက်ခြင်းဟာအနုပညာ
ထပ်ပြောမယ်
စစ်တိုက်ခြင်းအနုပညာပေါ့။
စစ်တိုက်ခြင်းအနုပညာကို
သင်အံကြ။
စစ်ဖိနပ်တွေ
လည်မျိုကိုနင်းထားတာမမေ့လေနဲ့။
စစ်မတိုက်ချင်/ရဲပဲနဲ့
မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ
မအော်နဲ့။
မှတ်ထား
စစ်တိုက်မှ
မြန်မာပြည်ကြီးငြိမ်းချမ်းမယ်။
မှတ်ထား
စစ်နဲ့တော်လှန်ရေးကိုဖြတ်သန်းပြီးမှ
ငြိမ်းချမ်းရေးဟာ
ခိုင်မာလာမယ်။
လုလင်တို့၊ လုံမတို့
စစ်တိုက်ခြင်းအနုပညာကို
လေ့လာသင်ယူကြလော့
ဖက်ဆစ်တစ္ဆေကခြောက်နေပြီ။
နေဝင်းကသေပြီးမှ
တစ္ဆေဖြစ်တယ်။
သန်းရွှေက
မသေခင်တစ္ဆေဖြစ်နေပြီ။
၁၉၅၉ က
နေဝင်းစစ်မှုထမ်းဥပဒေ။
၂၀၁၀ မှာ
နေဝင်းကိုပြင်ဆင်တဲ့
သန်းရွှေစစ်မှုထမ်းဥပဒေ။
၂၀၂၄ မှာ
မင်းအောင်လှိုင်
ကျားသေကိုအသက်သွင်းချေရဲ့။
မောင်တို့၊ မယ်တို့
၆၅ နှစ်ကြာသေနေတဲ့ကျား
အလကားပဲ
ကြောက်မနေနဲ့။
ကျားသေမကြောက်နဲ့
အမှန်တရားသေမှာပဲကြောက်။
ကျားသေမကြောက်နဲ့
ကိုယ်ချင်းစာတရားသေမှာပဲကြောက်။
စစ်မှုထမ်းဥပဒေ
ဒီတစ္ဆေက
ကြောက်ရင်ခြောက်မှာပဲ
မကြောက်နဲ့
မကြောက်ရင်လွတ်လပ်တယ်။
အချစ်ကလေး
ရှင်ငြိမ်းမယ်ခေတ်မှာ
ငါတို့ဟာ
စစ်ထဲလိုက်ခဲ့ကြတယ်။
ညောင်ရမ်းခေတ်မှာ
ချစ်သူတွေ
စစ်ထဲလိုက်ခဲ့ကြပေါ့။
ငါတို့ခေတ်မှာ
ငါတို့ဟာလည်း
စစ်ထဲလိုက်ကြရမှာပဲ။
နွေဦးကိုမော်ကွန်းထိုးဖို့
ချစ်သူတွေစစ်ထဲလိုက်ကြ။
+++
စစ်မှာတမူ
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်မတို့လေ။
နှမထွေးသူတို့မောင်မှာစစ်သံကြားလျှင်
နာဖျားဥပါယ်ခိုကြတယ်။
နှမထွေးပျိုတို့မောင်မှာစစ်သံကြားလျှင်
ရွှေဓားပိုက်ကာ
အိုးစားဖက်ကိုလိုက်လို့ငယ်ရှာသည်။
ရိက္ခာကနည်း မိုးကသည်းသနဲ့
သံတွဲကိုကူးပါလိမ့်လားတော်။
စစ်မှာတမူ နှမထွေးပျို့ထက်ဖြူကို
ယူပေလိမ့်မလားတော်။
စစ်မှာယွန်းမ နှမထွေးမယ့်ထက်လှကို
ရပေလိမ့်မလားတော်။
စစ်မှာဆွေမျိုး
ဘိုးဘွားမောင့်မှာရှိသလားတော်။
စစ်မှာတမူ
နှမထွေးပျို့ထက်ဖြူကိုမယူဘူးဗျာ
စစ်မှာယွန်းမ
နှမထွေးမယ့်ထက်လှကိုမရဘူးဗျာ။
စစ်မှာဆွေမျိုး
ဘိုးဘွားမောင့်မှာမရှိဘူးဗျာ။
ရေမြေ့သခင် ရှင်ဘုရင်က
မိန့်တော်စာနှင့်အပါချလို့လိုက်ရမဲ့တာ
မြင်းမှာအုန်းခွံ ကျွန်မှာကုလား
ဓားမှာမိုးကြိုး ယွန်းနုထိုးနှင့်
အိုးစားဘက်စုံ စစ်သည်ပုံမှာ
ကျွန်ယုံကဲ့သို့
မောင်ကလေး မောင်သာလိုက်တဲ့
တောင်ပတ်လည်နှင့်
ဇင်းမယ်ဆိုညိုတဲ့မြို့မှာ
ပျို့လွမ်းဖွယ်လေး။ ။
ရှင်ငြိမ်းမယ်
(ညောင်ရမ်းခေတ်၊ ၁၇-ရာစု)
+++
ငါတို့ခေတ်မှာ
ငါတို့ရာဇဝင်
လုလင်ဂျန်ဇီ
ဂျန်ဇီလုံမ
သပိတ်စုံသူပုန်ထမကွဲ့။
မောင်တို့၊ မယ်တို့
သေမှုထမ်းမလား
ရှင်မှုထမ်းမလား။
စစ်ဖိနပ်အောက်
ဒူးထောက်အညံ့ခံတယ်ဆိုတာ
သေမင်းရဲ့အနမ်း။
တော်လှန်ရေးအတွက်
ထမင်းအိုးထမ်းဟင်းအိုးထမ်း
သေနတ်ထမ်းထမ်းဘာထမ်းထမ်း
ရှန်သန်တဲ့အလွမ်း။
ရှင်ငြိမ်းမယ်ခေတ်မှာဆိုရင်
စစ်ဆိုတာ
ဓားနဲ့ခုတ်တာ။
နွေဦးတော်လှန်ရေးမှာ
ငါတို့လည်း
ယင်းမာပင်၊ သပြေအေးရွာက
ဓားနဲ့စခုတ်ခဲ့တာပဲ။
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်မတို့လေ။
လွိုင်ကော်သိမ်းမဲ့ရဲဘော်တို့ရေ
စစ်တွေသိမ်းမဲ့ရဲဘော်တို့ရေ
နေပြည်တော်သိမ်းမဲ့ရဲဘော်တို့ရေ
ဒီအိုင်ချင်းကတော့
အောင်ဝေး VERSION
မင်းအောင်လှိုင်လည်ပင်း
ကြိုးကွင်းစွပ်မဲ့သီချင်း။ ။
အောင်ဝေး
(၂၊ ၁၉၊ ၂၀၂၃)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar