Breaking News

နေပြည်တော်ကို ပစ်မှတ်ထားမယ်ဆိုတဲ့ KNU ၊ ထိုင်းနိုင်ငံက ခိုးဝင်လာမယ့်သူတွေကို စောင့်ကြည့်ဖမ်းဆီးနေ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၃ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

နေပြည်တော်ကို ပစ်မှတ်ထားမယ်ဆိုတဲ့ KNU ၊ ထိုင်းနိုင်ငံက ခိုးဝင်လာမယ့်သူတွေကို စောင့်ကြည့်ဖမ်းဆီးနေ

ကေအန်ယူရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ ပဒိုစောတောနီးက ကေအန်ယူ အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေထက် စစ်ကောင်စီရဲ့  ဌာနချုပ်ဖြစ်တဲ့ နေပြည်တော်ကိုသာ ထိုးဖောက်ဖို့ စဥ်းစားမယ်လို့ သတင်းမီဒီယာ မေးမြန်းခန်း တခုမှာ ခုရက်ပိုင်း ပြောဆိုခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေထဲက တခုဖြစ်တဲ့ ကေအန်ယူ အနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေ အတော်များများမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမယ်လို့ မြို့သိမ်းတိုက်ပွဲတွေ လုပ်ဆောင်တာနည်းပါးတဲ့ အချက်အပေါ် အများက မေးခွန်းထုတ်ကြတာတွေ ရှိပြီး ကေအန်ယူဘက်က အခုလို တုံ့ပြန်ပြောဆိုလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေအနေနဲ့ လက်နက်ကိုင်နည်းလမ်းနဲ့ စစ်ကောင်စီကို တိုက် ခိုက်ကြဖို့ ဆုံးဖြတ်ပြီး မြို့တွေကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံ သွားရောက်ကြရာမှာ ကေအန်ယူအဖွဲ့ဆီ အများဆုံးသွားရောက်ခဲ့ကြပြီး ကေအန်ယူက ကြိုဆိုလက်ခံခဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ရာမှာလည်း ကေအန်ယူက လုံခြုံတဲ့နယ်မြေ၊ ပူးပေါင်းဆောင် ရွက်မှုတွေနဲ့ အကူအညီပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကို ရှောင်တိမ်းကြဖို့ မြို့တွေကနေ ထွက်ခွာခိုလှုံကြတဲ့ ၂၀၂၀ ရွေး ကောက်ပွဲမှာအနိုင်ရခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီခေါင်းဆောင်တွေလည်း ကေအန်ယူနယ်မြေမှာ ခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ NUG ကို ဖွဲ့စည်းဖို့ အကူအညီပေးခဲ့တာ၊ မြို့တွေက တိမ်းရှောင်သွားတဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ခေါင်း ဆောင်တွေကို လက်ခံစောင့်ရှောက်ပေးခဲ့တာတွေကြောင့် ကေအန်ယူနယ်မြေထဲက တခုဖြစ်တဲ့ လေးကေ့ကော်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ တိုက်ခိုက်ခဲ့ပြီး ကေအန်ယူနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ လနဲ့ချီဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

သို့ပေမဲ့ ကေအန်ယူ အနေနဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ PDF တွေလို မြို့သိမ်းယူဖို့ တိုက်ခိုက်တာမျိုး နည်းပါးခဲ့ပြီး ၂၀၂၃ ခု အောက်တိုဘာ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှ ပဲခူးတိုင်းက မြို့အချို့နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့တို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပဲခူးတိုင်းမှာ မြို့အချို့ကို သိမ်းယူနိုင်ခဲ့ပေမယ့် ကော့ကရိတ်မြို့ကတော့ ၃ လကျော် ကြာမြင့်လာသည့်တိုင် သိမ်းယူနိုင်ခြင်းမရှိသေးတဲ့အနေအထားလည်းဖြစ်ပါတယ်။ ခု သီတင်းပတ်တွေမှာတော့ ကေအန်ယူက ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ် ထိစပ်တဲ့ ထန်းတပင်မြို့နယ်ထဲက ဇရပ်ကြီးမြို့ကို သိမ်းယူဖို့တိုက်ခိုက်နေပြီး ဒီဒေသမှာ တိုက်ပွဲဖေါ်ဆောင်တာဟာ နေပြည်တော်ကို ခြိမ်းခြောက်ဖို့ သို့မဟုတ်ရည်မှန်းချက်ထားဖို့ဆိုတဲ့ ကောက်ချက်ချမယ်ဆိုချနိုင်တာ ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဇရပ်ကြီးမြို့ဟာ နေပြည်တော်ကနေ မိုင် ၄၀/ ၅၀ကျော်အကွာအဝေးရှိတဲ့ တောင်ငူမြို့နဲ့ နီးကပ်နေတဲ့မြို့တမြို့ဖြစ်ကာ ရန်ကုန်မန္တလေး ကားလမ်းဟောင်း ရဲ့ အရှေ့ဘက်မှာ ရှိတဲ့မြို့တမြို့လည်း ဖြစ်ပါတယ်။ ကေအန်ယူအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးဌာနချုပ်ဖြစ်တဲ့ နေပြည်တော်ကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုတာကို ထုတ်ဖေါ်ပြောဆိုခြင်းအားဖြင့် စစ်ကောင်စီအဖို့ နယ်အစွန်အဖျားတွေမှာတိုက်ခိုက်နေတဲ့ တိုက်ပွဲတွေထက် စစ်ကောင်စီရဲ့ပင်မနေရာကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ရည်ရွယ်ထားခြင်းကို ပထမဆုံး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရ ဥပဒေ စတင်အသက်ဝင်ကြောင်းထုတ်ပြန်လိုက်ပြီးနောက် သီတင်းပတ် ၂ ခုအကြာမှာ ဒီဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်အများအပြား နိုင်ငံကနေ နည်းအမျိုးမျိုးနဲ့ ထွက်ခွာဖို့ ကြိုးစားနေကြပြီး အများဆုံးရည်ရွယ်ချက်ထားတာက အိမ်နီးချင်း ထိုင်းနိုင်ငံဖြစ်ပါတယ်။ တရားဝင်သွားရောက်သူတွေရှိပေမယ်လို့ တရားဝင်သွားရောက်ဖို့ လိုအပ်တဲ့ငွေကြေး၊ အတတ်ပညာ၊ အချိန်ယူရမယ့်ကာလတွေကိုမစောင့်ဆိုင်းနိုင်ကြတဲ့ သူတွေအများစုကတော့ နယ် စပ်ကနေ တရားမဝင်လမ်းကြောင်းတွေနဲ့ဝင်ရောက်တာ သို့မဟုတ် ၇ ရက်တာနေထိုင်ခွင့်နဲ့ ဝင်ရောက်ပြီး တရားမဝင်ဆက်လက်နေထိုင်ကြမယ့်သူက အရေအတွက်အားဖြင့် အများစုဖြစ်ပါတယ်။ ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ထိုင်းနိုင်ငံဗီဇာလျှောက်သူ ထောင်နဲ့ချီရှိလာနေသလို နယ်စပ်တွေကနေ တရားမဝင် ခိုးဝင်ကြတဲ့ သူကနေ့စဥ် ရာဂဏန်းနဲ့ချီရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

 မကြာသေးတဲ့ရက်အနည်းငယ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်က တရားမဝင် လာရောက်သူတွေကိုဖမ်းဆီးဖို့ ထုတ်ဖေါ်ပြောဆိုလိုက်ပြီးနောက်မှာ ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်၊ ရနောင်းတို့မှာ စစ်ဆေးမှုတွေ၊ ဖမ်းဆီးမှုတွေ ရုတ်တရက်တိုးမြင့်လာတာ သတင်းတွေထဲဖေါ်ပြထားကြတာတွေ့ရပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုနောက်ပိုင်း နယ်စပ်ကနေ တရားမဝင် ဝင်ရောက်သူတွေအဖမ်းခံရရုံသာမကပဲ မဲဆောက်မြို့ပေါ်က မြန်မာနိုင်ငံသား စျေးသည်တွေလည်း ဖမ်းဆီးအရေးယူတာတွေသတင်းတွေထဲတွေ့နေရပြီး မဲဆောက်မှာ တရားမဝင်နေထိုင်နေကြရတဲ့ မြန်မာ နိုင်ငံသားတွေအဖို့ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြရတဲ့အခြေအနေဖြစ်လာနေတာပါ။ ဒါ့အပြင် မဲဆောက်မြို့တည်ရှိတဲ့ တာ့ခ်ခရိုင်ထဲမှာ နိုင်ငံခြားသားတွေ တညထက်ပိုတည်းခိုရင် ဘယ်လိုနေရာမျိုးမဆို ဧည့်စာရင်းတိုင်ကြားရမယ်ဆိုတဲ့ ဒေသန္တရအမိန့်လည်း ထပ်မံထုတ်ပြန်ခဲ့တာကြောင့် စစ်မှုမထမ်းမနေရ ဥပဒေအသက်ဝင်ခြင်းရဲ့ အကျိုးဆက်ဖြစ်တဲ့ မြန်မာနိုင်ငံက လူငယ်တွေ အလုံး အရင်းနဲ့ ဝင်ရောက်လာမယ့်အရေးကို ထိထိရောက်ရောက် ကြပ်မတ်နိုင်ဖို့ ထိုင်းနိုင်ငံဘက်က ပြင်ဆင်နေတာဖြစ်ပြီး ရောက်ရှိပြီးသား မြန်မာနိုင်ငံသားတွေနဲ့ နောက်ထပ်ရောက်လာမယ့် သူတွေအဖို့ ပိုမိုခက်ခဲကြပ်တည်းလာမယ့် အခြေအနေမျိုးဖြစ်နေတာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ အိမ်နီးချင်းနိုင်ငံအစိုးရတွေက စစ်မှုထမ်းဥပဒေကနေ ထွက်ပြေးတိမ်းရှောင်တဲ့ မြန်မာနိုင်ငံသားတွေအပေါ်  တရားမဝင်နယ်စပ်ဖြတ်ကျော်တာအပြင် အခြားဘယ်လိုမျိုးအရေးယူမလဲ၊ စစ်တပ်က ထွက်ပြေးတဲ့ မြန်မာစစ်သားတွေလိုမျိုး ဖမ်းဆီး ပြန်ပို့တာမျိုးကို ပြင်ဆင်နေသလား၊ လုပ်ဆောင်လာမလား ဆိုတာကလည်း စဉ်းစားစရာအချက်ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar