မြန်မာစစ်အာဏာသိမ်း ၃ နှစ်နဲ့ ယူကရိန်း စစ်ပွဲ ၂ နှစ်တာ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၄ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄
မြန်မာစစ်အာဏာသိမ်း ၃ နှစ်နဲ့ ယူကရိန်း စစ်ပွဲ ၂ နှစ်တာ
ယူကရိန်းကို ရုရှားကျူးကျော်စစ်စတင်တာ ၂ နှစ်ပြည့်ချိန် မှာ ပြန်လည်ငဲ့ကြည့်ကြတဲ့အခါ ယူကရိန်းပြည်သူ အသက်ပေါင်း သောင်းဂဏန်းမက သေဆုံးခဲ့ကြရပြီးဖြစ်သလို ယူကရိန်းနိုင်ငံကိုကာကွယ်ဖို့ လက်နက်ကိုင်တိုက်ခိုက်တဲ့သူ သောင်းနဲ့ချီသေဆုံးခဲ့ရပြီး ရှေတန်းစစ်မျက်နှာမှာ ပျောက်ဆုံးနေသူချည်း ၃ သောင်းမျှရှိတယ်လို့ သတင်းတွေထဲမှာ ဖတ်ရှုရတာ ဖြစ်ပါတယ်။ ရုရှားဘက်က သေဆုံးမှုကိန်းဂဏန်းက ယူကရိန်းထက် များပြားတယ်လို့ အကဲခတ်စောင့်ကြည့်သူတွေက ဆိုကြပါတယ်။
ယခင်နှစ် သြဂုတ်လ အနေအထားအရ နှစ်ဖက် လက်နက်ကိုင် ထိခိုက်မှုနဲ့ သေဆုံးမှုကိန်းဂဏန်းတွေအနေနဲ့ ခန့်မှန်းကြရာမှာ ယူကရိန်း နဲ့ ရုရှားနှစ်ဖက် စုစုပေါင်း ၅ သိန်းခန့် သေဆုံးနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပြီး ရုရှားဘက်က ၃ သိန်းခွဲဝန်းကျင် ရှိပြီး ကျန်အရေအတွက်က ယူကရိန်းဘက်ကလို့ ဆိုပါတယ်။ ယူကရိန်း လက်နက်ကိုင်အရေအတွက် ၇ သောင်းခန့် သေဆုံးခဲ့ကြရပြီး ၁ သိန်း ၂ သောင်းလောက် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ မှန်းဆထားကြပါတယ်။ အရပ်သားသေဆုံးမှု ကိန်းဂဏန်းက လက်နက်ကိုင် တပ်ဖွဲ့ဝင် သေဆုံးမှု ကိန်းဂဏန်းထက် နည်းကောင်းနည်းမှာ ဖြစ်ပေမယ့် ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ရှိနိုင်တာဖြစ်ပြီး စစ်မြေပြင်ဖြစ်တဲ့ ယူကရိန်းနိုင်ငံက စစ်ဘေးတိမ်းရှောင်သူ အရေအတွက်က ပြည်တွင်းမှာ ၄ သန်းနဲ့ ပြည်ပနိုင်ငံတွေမှာ ၆ သန်းအထိ ရှိနေပြီ ဖြစ်ပါတယ်။
ရုရှား ယူကရိန်းစစ်ပွဲ ဖြစ်ပွားမှု ၂ နှစ်တာအတွင်း ဥရောပ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားမဟာမိတ် နိုင်ငံတွေက ဒေါ်လာ ဘီလျံရာနဲ့ချီ ကူညီခဲ့ကြရာမှာ လူသားချင်းစာနာမှုအကူအညီ၊ ဘဏ္ဍာရရေး အကူအညီနဲ့ စစ်လက်နက် အကူအညီ ၃ မျိုးသုံးစားရှိရာမှာ စစ်လက်နက် အကူအညီပေးတဲ့ ရာခိုင်နှုန်းက အခြားကဏ္ဍ ၂ ခုထက် သိသိသာသာ များပြားတာတွေ့ရမှာဖြစ်ပါတယ်။ ၂ နှစ်တာအတွင်း ဥရောပမဟာမိတ်နိုင်ငံတွေက ယူကရိန်းကို စစ်ရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှုဆိုင်ရာ စုစုပေါင်း ဒေါ်လာ ၉၂ ဘီလျံကျော် ကူညီပြီး အမေရိကန် ပြည်ထောင်စုက ဘီလျံ ၇၀ ကျော် ကူညီခဲ့ပြီး ဖြစ်ပါတယ်။ ထက်ဝက်ကျော် ပမာဏဟာ လက်နက်နဲ့ စစ်ရေး အသုံးစရိတ်တွေ ဖြစ်ပါတယ်။
ဒီနေရာမှာ ဆိုချင်တဲ့ အချက်က ကမ္ဘာမှာ စစ်ပွဲတွေအတွက် ဒေါ်လာ ဘီလီယံရာချီ ကူညီနေကြချိန်မှာ ယူကရိန်း နိုင်ငံမဟုတ်ပဲ ကမ္ဘာရဲ့ နေရာအချို့မှာ နှစ်ရှည်ကြာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်ဖြစ်စေ၊ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်ကြောင့် ဖြစ်စေ၊ အုပ်ချုပ်သူ သို့မဟုတ် စနစ် ချွတ်ယွင်းချက်ကြောင့်ဖြစ်စေ စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေကြတဲ့ သိန်းနဲ့ သန်းနဲ့ချီရှိတဲ့ နေရာဒေသတွေကို ကူညီဖို့ရာမှာတော့ ဝန်လေး တွန့်တိုနေကြတဲ့ အဖြစ်က ရုပ်ဆိုးတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ သာဓကဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်သော ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂအဖွဲ့အစည်းက အကူအညီတွေ ဖြန့်ဝေပေးနေရာမှာ လိုအပ်တဲ့ ရံပုံငွေတွေက တဖြည်းဖြည်း လျော့ကျလာနေပြီး ဒုက္ခသည်တဦးကို တလ ၁၀ ဒေါ်လာအောက် ရောက်ရှိတဲ့ အထိလျော့ကျလာနေတာ ဖြစ်ပါတယ်။
ကမ္ဘာရဲ့ ဒေသအချို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် ဒေါ်လာဘီလီယံ ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းထိ ကူညီဖို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကတိပေးကူညီနေကြချိန်မှာ အခုလို နှစ်ရှည်ကြာလာတဲ့ ဒုက္ခသည်စခန်းတွေအတွက် အကူအညီငွေ ဒေါ်လာ သန်းဆယ်ဂဏန်း၊ ရာဂဏန်းကို တွန့်ဆုတ်နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီ တနည်းအားဖြင့် ရိက္ခာ၊ ဆေးဝါးတို့လို အသက်ဆက်ဖို့ ခက်ခဲနေတဲ့ သူတွေကို ကူညီမယ့်ပမာဏထက် ဒေါ်လာ သန်းရာဂဏန်း၊ ထောင်ဂဏန်းနဲ့ ကုန်ကျတဲ့ စစ်လက်နက်ပစ္စည်းတွေ၊ တိုက်လေယာဥ်၊ အမြောက်ကျည်၊ တာဝေးပစ် ဒုံးလက်နက်၊ လေယာဥ်ပစ် လက်နက်၊ ဒရုန်း စတဲ့ ပစ္စည်းတွေအတွက် ကူညီဖို့ ပိုပြီးစိတ်အားထက်သန်လျက်ရှိနေခြင်းက စစ်လက်နက် တီထွင်ထုတ်လုပ်ကြတဲ့ လုပ်ငန်းကြီးတွေကို ပိုမိုဖွံ့ဖြိုးအောင် ဒီစစ်လက်နက်ထုတ်လုပ်ကြတဲ့ လုပ်ငန်းတွေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုကို ကျားကန်တည်ဆောက်ကြဖို့ ရည်ရွယ် ကြသလားလို့ ကောက်ချက်ချစရာ ရှိလာတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ယူကရိန်းဟာ ဥရောပရဲ့ အရှေ့ဘက် ခြံစည်းရိုး၊ ဥရောပက ဒီမိုကရေစီနိုင်ငံတွေရဲ့ စည်းကို အာဏာရှင် ရုရှားက လာရောက်ထိပါးတာ ဥရောပနဲ့ မဟာမိတ်ဖွဲ့ပြီး ထူထောင်ထားတဲ့ နေတိုး စစ်စာချုပ်ဝင် နိုင်ငံတွေကို နောက်တဆင့်မှာ ထိပါးလာမယ့် အရေးဖြစ်လို့ ဒီအရေးက အားလုံးအရေးကိစ္စတွေထက် အပေါ်ရောက်ပြီး ကူညီရတာလို့ ဆိုကောင်းဆိုကြပါလိမ့်မယ်။
စစ်ပွဲ စတင်စဥ်က စိတ်အားထက်သန်စွာ ကူညီခဲ့တဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ၂ နှစ်ကြာ ကာလအတွင်း အများစု လက်နက်နဲ့ စစ်အသုံးစရိတ်တွေ ဖြစ်တဲ့ ဒေါ်လာဘီလျံ သန်း ၇၀ ကျော်ကူညီပြီးနောက်မှာ နောက်ထပ် စစ်လက်နက်နဲ့ အသုံးစရိတ် ကူညီရမယ့် စစ်ပွဲအသစ်တခု အရှေ့အလယ်ပိုင်း မှာ ပေါ်ထွက်လာတာ၊ နိုင်ငံရေး အရ အတိုက်အခံပါတီကြီး ၂ ခုအကြားရွေးကောက်ပွဲ နဲ့ချိတ်ဆက်နေတဲ့ အားပြိုင်မှုတွေ နဲ့ ယူကရိန်းကို ဆက်လက်ပြီး ဒေါ်လာဘီလီယံ ဆယ်ဂဏန်းများစွာ ကူညီရေးက အကျပ်အတည်းနဲ့ ကြုံနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေအနေနဲ့တော့ ရုရှားရဲ့ ခြိမ်းခြောက်မှု ဆိုတဲ့ ခေါင်းစဥ်အောက်မှာ စည်းလုံးကာ ကူညီကြရမယ့် အနေအထားရှိပေမယ့် စစ်ပွဲရဲ့ ရှည်ကြာလာမှုက အကူအညီတွေကို အရင်နှစ်တွေ ပမာဏအတိုင်း ကူညီဖို့ နိုင်ငံအသီးသီးမှာ ဆန့်ကျင်မှု သဘောထားကွဲလွဲမှုတွေ ကြုံရနိုင်တာ ဖြစ်ပါတယ်။
ဒါတွေက အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေက ယူကရိန်း ရုရှားစစ်ပွဲ နဲ့ပတ်သက်လို့ ရှုမြင်ကူညီကြတဲ့ အနေအထား ဖြစ်ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုကို အနောက်နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့က စိတ်ဓာတ်ရေးအရ ထောက်ခံကြပြီး စစ်အာဏာရှင် ပြုတ်ကျရေး ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုတွေကိုတော့ လက်တွေ့ကူညီမှုတွေ မရှိပါဘူး။
ဒီနေရာမှာ မြန်မာ့ဒီမိုကရေစီအရေး၊ စစ်အာဏာရှင် ပြုတ်ကျရေးဆောင်ရွက်သူတွေ အနေနဲ့ ဘယ်လောက်ထိ စည်းရုံးပြောဆိုမှုတွေ လုပ်ပါစေ အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက မြန်မာ့နိုင်ငံက လက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်အာဏာရှင်တပ် ပြုတ်ကျရေးအတွက် တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ရုပ်ဝတ္ထုအရ၊ ကျွမ်းကျင်မှုသင်တန်း စတာတွေ ကူညီခြင်းမရှိခဲ့ပါဘူး။
မြန်မာ့အရေးဟာ အမေရိကန်ပြည်ထောင်စု အတွက် အမျိုးသားအကျိုးစီးပွား မဟုတ်ခြင်းက ပထမအခြေခံ အချက်ဖြစ်ပြီး မြန်မာနိုင်ငံကို အခြေခံပြီး ကမ္ဘာမှာ မဟာဗျူဟာအရ ပြိုင်ဘက်နိုင်ငံတနိုင်ငံ ဖြစ်နေတဲ့ တရုတ်နိုင်ငံကို သိက္ခာကျရုံလောက်သာ ရည်မှန်းချက် ထားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံကို နိုင်ငံရေးအရ ကစားဖို့ တနည်းအားဖြင့် မနားရအောင် လုပ်ထားဖို့ဆိုရင် မြန်မာနိုင်ငံက အရေးကိစ္စထက် ထိုင်ဝမ်အရေးက အဆပေါင်းများစွာ အရေးပါတာဖြစ်လို့ အမေရိကန် ပြည်ထောင်စုအဖို့ အရှေ့တောင်အာရှနဲ့ အရှေ့အာရှမှာ ထိုင်ဝမ်၊ ဖိလစ်ပိုင်တို့က မြန်မာထက် ပိုအရေးကြီးတဲ့ မဟာဗျူဟာ ကိစ္စတွေ ဖြစ်နေတဲ့ အနေအထားလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။
ဒီလို အနေအထားတွေကို ပြန်ခြုံငုံသုံးသပ်ကြည့်တဲ့အခါ ကာလရှည်ကြာလာတဲ့ အခါ စတင်စဥ်က အင်တိုက်အားတိုက် ကူညီခဲ့တဲ့ ယူကရိန်းလိုနိုင်ငံမျိုးကိုတောင် ၂ နှစ်ကြာပြီးနောက် ကူညီမှုတွေက အားလျော့လာတဲ့ အခြေအနေ၊ ကမ္ဘာမှာ ယူကရိန်း စစ်ပွဲပြီးနောက် ၂ နှစ်မပြည့်ခင်မှာပဲ အစ္စရေးလ်-ပါလစ္စတိုင်း အရေးကိစ္စတွေလို ပိုမိုအရှိန်အဟုန်ပြင်းထန်တဲ့ စစ်ရေး ပဋိပက္ခတွေ သေဆုံးမှု၊ ဆုံးရှုံးမှုကြီးမားတဲ့ ပဋိပက္ခအသစ်တွေ ထပ်ပြီးပေါ်ထွက်လာတာတွေက နဂို ဖြစ်ပွားနေဆဲ ပဋိပက္ခ၊ လက်နက်ကိုင် တိုက်ပွဲတွေကို စိတ်ဝင်စားမှု လျော့ကျစေတာ သဘာဝ ဆိုတဲ့အချက်၊ မြန်မာ့အရေးမှာ လက်တွေ့ကျတဲ့ အကူအညီ၊ လူသားချင်းစာနာမှု အကူအညီတွေ ရဖို့ အလားအလာက ပဋိပက္ခ အချိန်ရှည်ကြာလာတာနဲ့ အမျှ လျော့နည်းလာတယ်ဆိုတဲ့ အချက်ကို သတိမူပြီး မိမိတို့ရှိတဲ့ အင်အားနဲ့ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးကို လုပ်ဆောင်ကြရမှာ ဖြစ်တယ်ဆိုတဲ့ အချက်က ပိုပြီးထင်ရှားလာတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar