Breaking News

ဝင်းမင်းခိုင် - ဘယ်တော့မှ

ဘယ်တော့မှ
ဝင်းမင်းခိုင်
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၄

ငကန်းနေရာမှာငစွေကိုအစားထိုးပြီး
အပိုင်းဘယ်လောက်ထိဆက်ရိုက်ဖို့
စဉ်းစားနေသလဲဒါရိုက်တာ

သံပုရာသီးနှစ်ခြမ်းကိုဘယ်အခြမ်းကပိုချဉ်သလဲလို့
တွေးတောနေဖို့ရာငါတို့မှာအချိန်မရှိဘူး

ခေါင်းဖက်ကပြပြပန်းဖက်ကပဲပြပြ
ခေါင်းနဲ့ပန်း၂ ခုပေါင်းထားတဲ့ဒင်္ဂါးတချပ်ဖြစ်တယ်ဆိုတာ
ငါတို့နောကြေနေကြပြီ

ဒီအရပ်မှာဒီဇာတ်ကကျောရိုးတခုထဲပဲဆိုတာလဲ
ကလေးကအစကြိုသိနေကြပြီ

တကယ့်အဖြစ်ပျက်တွေက
စိတ်ကူးယဉ်တာထက်ပိုဆန်းကြယ်သတဲ့

အို
စိတ်ကူးယဉ်တတ်ကြသူတို့
မင်းတို့စိတ်ကူးယဉ်တာထက်ပိုဆန်းကျယ်တဲ့အထွဋ်ထိပ်ကို
ငါတို့ခြေချနိုင်ခဲ့ပြီ

အို
အလိုကြီးလို့ပျက်စီးမှုကျောက်ဆောင်ပေါ်
သောင်တင်သွားသူတို့

ဗုဒ္ဓရဲ့စကားခဏငှားပြောရရင်
မင်းတို့ကိုငါတို့မြင်ပြီ
နောက်ထပ်တဖန်တည်ဆောက်ခွင့်ဘယ်တော့မှရလိမ့်မယ်မဟုတ်

၂၆.၁.၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar