ညိုထွန်းလူ - တံငါသည်
တံငါသည်
ညိုထွန်းလူ
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၄
“သန်ဘက်ခါ ငါ့မြေးလေးရက် ၁၀၀ ပြည့်မွေးနေ့ကျင်းပမှာ၊ မင်းမေ့မနေနဲ့နော်။ ဆက်ဆက်လာဖြစ်အောင် လာခဲ့"
တယ်လီဖုန်းထဲက ပြောနေတဲ့ ဒီကောင်ရဲ့အသံက မြူးကြွနေတယ်။ အေးလေ... သူ့အတွက်တော့ မြေးဦးပေကိုး။ မြူးမယ်ဆိုလည်းမြူးစရာပေါ့။ မြေးဆိုတာ ဘိုးဘိုးဘွားဘွားတို့အချစ်ပွားရတာပဲ မဟုတ်လား။ သားသမီးတွေလည်း သားသမီးတွေမို့၊ မြေးတွေလည်း မြေးတွေမို့ အဘိုးအဘွားတွေက ချစ်ကြရှာတယ်။ ဒါပေမဲ့ မြေးကို ချစ်ကြတာချင်း အတူတူ အခုမှ အဘိုးဘဝကို ပူပူနွေးနွေး ရောက်လာတဲ့သူကတော့ တခြားအဘိုးတွေထက် ပိုပြီး ကဲလိမ့် သည်းလိမ့်မယ်ထင်ရဲ့။ ပြောရရင် ကိုဖိုးကဲကြီးပေါ့။ ဘာလို့တုန်းဆိုတော့ ကျွန် တော်က ငယ်ပေါင်းမို့ သူ့အကြောင်းကို အူမချေးခါးမကျန် အကုန်လုံးသိနေတာလေ။ ချစ်တတ်တဲ့နှလုံးသားတွေထဲမှာ သူ့နှလုံးသားက အနီရဲဆုံးတဲ့။ ပြီးတော့ သူ့ရဲ့နှလုံးသားဟာ အချစ်အတွက် မွေးဖွားလာတာတဲ့။ အမုန်းတွေအလိုမရှိတဲ့။ လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်တုန်းက အဲသလို ပေါတောတောစကားတွေ ဟစ်ကြွေးခဲ့တဲ့ သူ့အကြောင်းတွေကို အခုထိ လတ်လတ် ဆတ်ဆတ်ကြီး မှတ်မိနေတုန်း။
. . . . .
ဆယ်တန်းတစ်ခါကျလို့ ကျောင်းပြန်တက်တာ တစ်လတောင် မရှိသေးဘူး။ ခင်နှင်းသွယ်ကို ခိုက်နေပြီလို့ ပြောလိုက်တဲ့ သူ့ကို ကျွန်တော် မျက်စောင်းခဲပြီး ကြည့်လိုက်မိပါတယ်။ ဒီလိုပုံအတိုင်းသာဆိုရင် အခုနှစ်လည်း ဒလိမ့်ကောက်ကွေး မကျရင် ကံကောင်းပေါ့။ ကျွန်တော့်စိတ်ထဲ ဖြစ်နေတာကို ရိပ်မိနေဟန်ရှိတယ်။
'မင်းကို ဖွင့်မပြောခဲ့မိလို့ပါကွာ ခင်နှင်းသွယ်ကို မနှစ်ကတည်းက တွေ့တွေ့ချင်း ငါကြိုက်ခဲ့တာကွ။ ဒီနှစ် သူနဲ့တစ်တန်းတည်းအတူနေရတော့ ငါ့အချစ်ဟာ ကြာလေ ခိုင်မြဲလေပဲကွ' ဆိုပြီး ကတိုက်ကရိုက် ရှင်းလင်းချက်ထုတ်လိုက်တယ်။ ဒီကောင့် မျက်လုံးတွေဟာ စိတ်အားထက်သန်လို့ လင်းလက်နေတယ်။ အသက်ရှူသံကလည်း ခပ်ပြင်းပြင်းရယ်။ ဒီထက်ခံစားချက်တွေ ပိုလျှံကုန်ရင် သူ့နှလုံးသားဟာ ဖောင်းခနဲ ပေါက်ထွက်သွားမလား မသိဘူး။
ပြောရဦးမယ်။ မနှစ်တုန်းက သူနဲ့ကျွန်တော်က ဆယ်တန်း အေမှာ။ ခင်နှင်းသွယ်ကတော့ ဆယ်တန်းဘီမှာ ရှိတယ်။
ခင်နှင်းသွယ်ရဲ့ဖခင်က အစိုးရဌာနကြီးတစ်ခုရဲ့အရာရှိ။ တာဝန်အရ ပြောင်းရွှေ့လာရင်း မန္တလေးကို ရောက်လာတယ်။ ဒီလိုနဲ့ ခင်နှင်းသွယ်လည်း သူ့အဖေ တာဝန်ကျရာလိုက်ရင်း မန္တလေးပြောင်းလာတော့ ကျွန်တော်တို့ ကျောင်းမှာ နေရတော့တာပေါ့။ ကျောင်းဝင်တာ နောက်ကျတော့ ခင်နှင်းသွယ်က ဆယ်တန်းဘီကို ရောက်သွားတယ်။ အတန်းရှိကျောင်းသား စာရင်းမှာတောင် နောက်ဆုံးမှာ ရိုးလ်ကောခေါ်ရင် အမှတ်စဉ် ၄၉ ခင်နှင်းသွယ်မှာ ဆုံးသွားတယ်။ ဒါတွေ သူပြောမှသိရတာပါ။ ကျွန်တော်လား ကိုယ်နဲ့မှမဆိုင်လို့စိတ်မဝင်စားပေါင်။
တကယ်တော့ ဆယ်တန်းအေရယ်၊ ဘီရယ်လို့သာ ခွဲခြားထားတာပါ။ အတန်းနှစ်တန်းစလုံး နံရံခြားထားပြီး ဟိုဘက်ဒီဘက်မှာ ရှိနေကြတယ်။ ဒီတော့ ကိုယ့်လူက ကျောင်းဆင်း အနားပေးချိန်ရောက်တိုင်း လှစ်ခနဲ ဆယ်တန်း ဘီဘက် ကူးသွားတာကို ကျွန်တော်တို့ သတိမထားမိလိုက်ဘူး။ ရွှေပင်လယ်ကာဆီးတာမှ မဟုတ်ဘဲ ခြေတစ်လှမ်းကျော်တာနဲ့ ဟိုဘက်ခန်းကို ရောက်သွားတဲ့ဥစ္စာ။
ဆယ်တန်း စီဆိုတာ အေနဲ့ဘီစာမေးပွဲကျတဲ့သူတွေကို ထားတာပါ။ အဲဒီအချိန်တုန်းက တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းက ၆ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျွန်တော်တို့ကလည်း လူတော်တွေဆိုတော့ တစ်ချီတည်းနဲ့ အောင်စာရင်းထဲမှာ ဘယ်ပါနိုင်ပါ့မလဲ တစ်နှစ်ထပ်နေပြီး အားပြန်မွေးပြီး မာန်တင်းရတယ်။ ဆရာတွေကလည်း ကျွန်တော်တို့အတန်းကို အကျတန်းဖြစ်ပေမယ့် အားစိုက်သင်ပေးတယ်။ စာမေးပွဲကျတယ် ဆိုပေမယ့် ညံ့လို့ထက် ဘာသာတစ်ခုခုမှာ အားနည်းလို့ ကျကြရတာပါ။
ခင်နှင်းသွယ်က သူ့အဖေ နေရာအပြောင်းအရွှေ့ကြောင့် ကျောင်းနေရတာ ကသီလင်တဖြစ်ပြီး စာမေးပွဲကျသွားဟန်တူတယ်။ စာတော့ တကယ်ကြိုးစားခဲ့တာ။ ကျွန်တော်တို့လား။ ပြောရရင် ယောင်တောင် ပေါင်တောင်ပေါ့။ ဆရာတွေအားကိုးချင်စရာ၊ ဂုဏ်ယူချင်စရာအဆင့်ထိ မရှိလှဘူး။ စာမေးပွဲကျပြီး နှစ်လလောက်ကြာတော့ ကျောင်းနေပျော်ပျော်တွေ ဖြစ်ကုန်တယ်။ ဒီကောင်က ကျွန်တော်တို့ထက်တောင် ဆိုးသေးတယ်။ သူဆယ်တန်းကျတာ ကံကောင်းတယ်။ ခင်နှင်းသွယ်နဲ့ ရေစက်ဆုံဖို့ အကြောင်းဖန်လာသတဲ့။ သူ့အတွေးတွေကို သူ့မိဘတွေသိရင် ဘယ် လောက်များ ရင်ဝကိုဖနောင့်နဲ့ ပေါက်လိုက်ချင်မလဲ။ အေးပေါ့လေ၊ မင်းရေစက်ကြီးကို စောင့်ကြည့်ရဦးမယ်၊ မော်တာလောင်သွားရင် ဂွမ်းခနဲကွ၊ အဲသလို ခပ်ငေါ့ငေါ့ပြောလိုက်တော့ မျက်နှာက စပ်ဖြဲဖြဲဖြစ်သွားတယ်။
သီတင်းကျွတ်ကျောင်းပိတ်ရက်သာ ပြီးသွားတယ်၊ သူ့ရေစက်ကြီးနဲ့ ဟန်ပုံမရသေးဘူး။ သူလည်း ကင်မက်စထရီအီကွေးရှင်းတွေ ညှိရတာနဲ့ ဘိုင်အိုပုံတွေ အတူဆွဲရတာနဲ့ သင်္ချာအဖြေတိုက်ရတာနဲ့ ကျောင်းပိတ်ရက် နှစ်ရက်က လွဲပြီး တစ်ပတ်ငါးရက်စလုံး ခင်နှင်းသွယ်နဲ့ နီးစပ်အောင် အကြံဆိုးတွေ အမျိုးမျိုး ထုတ်နေတယ်။ သူက အမူအယာ ကောင်းတယ်။
ဥပမာ ခင်နှင်းသွယ်က သင်္ချာပုစ္ဆာတစ်ပုဒ်ကို မတွက်တတ်လို့ သူ့ကို မေးပြီဆိုပါတော့၊ သူမသိရင် မသိဘူးလို့ မပြောဘူး။ နေဦးနော် ... ဒီပုစ္ဆာကို မနေ့ညကတည်းက တွက်ထားပြီးသား။ ဒါပေမဲ့ မခင်နှင်းသွယ် နားလည်အောင် ဘယ်လိုရှင်းပြရမလဲ ဆိုတာစဉ်းစားနေတာ။ ကျွန်တော့်ကို နာရီဝက်လောက်အချိန်ပေးနော်... အဲဒီလိုပြောပြီး ခင်နှင်းသွယ် အနားက လစ်ထွက်လာခဲ့တယ်။ တစ်နေရာရာမှာ ထိုင်ရင်း နားလည်အောင်ရှင်းပြဖို့ နည်းလမ်းကို စဉ်းစားတဲ့သဘောလား။ ဘယ်ဟုတ်မှာတုန်း။ ခင်နှင်းသွယ်မေးတဲ့ သင်္ချာပုစ္ဆာကို ယူပြီး နားနေခန်းမှာရှိတဲ့ ဆရာတွေဆီကို ပြေးတော့တယ်။
“ဆရာ ဒီပုစ္ဆာလေးက ကျွန်တော် အတွက်ရခက်လို့ဆရာ”
သင်္ချာသင်တဲ့ ဆရာ့ဆီကိုသွားမေးလိုက်တော့ ဆရာက ချက်ချင်းရှင်းပြလိုက်တယ်။ သူ့မျက်နှာဝင်းလက်သွားပြီး ဆရာတွေ နားနေခန်းက ထွက်ထွက်ချင်း ခင်နှင်းသွယ်ဆီ သွားတော့တာပေါ့။ ပြီးမှ ပုစ္ဆာရဲ့အဖြေက ဒီလိုကိုး မခင်နှင်းသွယ်ရဲ့ဆိုပြီး သူက ဆရာကြီးလုပ် ရှင်းပြတယ်လေ။
ခင်နှင်းသွယ်ကလည်း သူ့ကို တော်တော်အထင်ကြီးသွားတယ်။
နောက်တော့ သင်္ချာတင်မဟုတ်တော့ဘူး။ ဖစ်ဆစ်ရော၊ ကင်မက်စထရီရော၊ မသိတာတွေ မတွက်တတ်တာတွေကို ဆရာတွေဆီ ခဏခဏ သွားမေးတယ်။ ဆရာတွေကလည်း စာမေးတဲ့တပည့်ဆိုရင် သိပ်သဘောကျတာကိုး။ ဒီကောင်လေး တော်တော် စာကြိုးစားတာလို့ အထင်ရောက်သွားတယ်။ အဲသမှာ အကျိုးဆက်က အတန်းထဲမှာစာမေးရင် ကျွန်တော်တို့ချည်း အမေးခံရတယ်။ စာမရရင် နှစ်ချက်လောက် အတွယ်ခံရတယ်။ ကောင်းကရော။
ကျွန်တော်တို့ခမျာ နာနေတဲ့ဖင်ကို စုပ်တသတ်သတ်နဲ့ ပွတ်ရင်း ဒေါကန်နေကြတယ်။ အံမယ် ... သင်းမျက်ခွက်က ဘာမှ မသိတဲ့ပုံစံမျိုး။ ရိုးရိုးကုတ်ကုတ်နဲ့ စာကြိုးစားနေတဲ့ ကောင်ကလေးလိုရယ်။ နို့ပေမယ့် သူဘူးထတဲ့အကြောင်း ဆရာတွေကို သွားတိုင်ရင်လည်း ယုံမှာ မဟုတ်ဘူးလေ။ ကံမကောင်းရင် အထင်အမြင်အလွဲခံရပြီး ထပ်အတွယ်ခံရနိုင်တယ်။
ဒီဇင်ဘာရောက်တော့ သူ့အချိုးက ပြောင်းသွားတယ်။ ခင်နှင်းသွယ်နား သိပ်မကပ်တော့ဘူး။ ကြည့်ရတာ သူ့ရေစက်ကြီးကို စိတ်လျော့သွားဟန်တူရဲ့။ ကျွန်တော် အထင်မှားသွားတယ်။ ခုနစ်တန်းမှာ ခင်နှင်းသွယ်ရဲ့ ညီမလေး ခင်ဝင်းနွယ်ဆီကို သွားပူးနေတာ။ ဟိုကလေးမလေးကလည်း သူ့အကျင့်နဲ့ ရည်ရွယ်ချက်ကို မသိတော့ အစ်ကိုကြီး ... အစ်ကိုကြီးနဲ့ ခင်မင်အားကိုးနေရှာတယ်။
ဒါကအတွင်း စည်းထဲကို ထိုးဖောက်ဝင်တဲ့သဘောပဲကွလို့ သူ့ရဲ့မဟာဗျူ ဟာကို ရှင်းပြလိုက်တယ်။ ခင်နှင်းသွယ်နဲ့ အတူ ထိုင်ကြတဲ့ လဲ့လဲ့ဝင်းနဲ့မြမြအေး ရှိပေမယ့် သူတို့ဆီကတစ်ဆင့် ချဉ်းကပ်ရမှာ အန္တရာယ်များသတဲ့။ ခင်ဝင်းနွယ်က ကလေးမို့ သူ့အစ်မဆီ စာပေးခိုင်းရင် လုပ်ပေးမှာ မခဲယဉ်းဘူးတဲ့။ သူ့ရဲ့ဉာဏ်နီဉာဏ်နက် ထုတ်ပုံကို နားထောင်ရင်း ကျွန်တော် အံ့ဩသွားတယ်။ စာမေးပွဲမဖြေခင် တစ်လလောက်အလိုမှာ ခင်နှင်းသွယ်ဆီက အဖြေရလိုက်တယ်။ မြူးရွှင်နေတဲ့သူ့မျက်ခွက်ကို ကြည့်ရင်း ကျက်သရေမရှိလိုက်တာလို့ ဩဘာပေးမိလိုက်တယ်။ သူတို့အကြောင်းကို ကြာကြာလည်း မစဉ်းစားနိုင်အားပါဘူး။ စာမေးပွဲနီးလာလို့ ခေါင်းပူ ဖင်ပူဖြစ်ကုန် ကြပြီလေ။
အဲဒီနှစ်က ကျွန်တော်တို့ကျောင်းက အောင်ချက်ကောင်းတယ်လို့ ဆိုရမယ်။ အောင်တဲ့သူတိုင်းလိုလို ဂုဏ်ထူးတွေ ပါကြတယ်။ ကျွန်တော်နဲ့သူက သင်္ချာ၊ ဓာတု၊ ရူပ ဂုဏ်ထူးသုံးဘာသာ ထွက်တယ်။ ခင်နှင်းသွယ်ကတော့ သင်္ချာ တစ်ဘာသာတည်း ပါတယ်။ တက္ကသိုလ်ကို ကျွန်တော်က တိမွေးကု၊ သူက သစ်တော။ ခင်နှင်းသွယ်ကတော့ မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က သင်္ချာကို ရောက်သွားတယ်။
ကျွန်တော်တို့တစ်တွေ တက္ကသိုလ်မသွားခင် တစ်ပတ်လောက် အလိုမှာ ကျွန်တော်တို့ကျောင်းရဲ့မိဘဆရာအသင်းက ပညာရည်ချွန် ဂုဏ်ပြုပွဲလုပ်တယ်။ ခင်နှင်းသွယ်ရဲ့ အမေက သူ့ကိုသား ...သားတဲ့။ တစ်သားတဲ သားနေတဲ့ ဒီမိန်းမကြီးရဲ့အမူအယာကို ကျွန်တော် သိပ်သဘောမကျလှဘူး။ သူ့မျက်လုံးတွေက တံငါသည် မျက်လုံးတွေလိုပဲ။ ငါးမျှားချိတ်မှာ အစာတပ်ပြီး ဖမ်းမလား။ ဘယ်လိုမှ လွတ်ထွက်လို့မရအောင် ပိုက်ကွန်နဲ့ပဲ ပစ်မလား။ တစ်ခုခုတော့ တစ်ခုခုပဲ။
ဘာဖြစ်လို့ ဒီလိုစွပ်စွဲရတုန်းဆိုတော့ အဘွားကြီးက သမီးချည်းလေးယောက်ရှိတာကိုး။ ခင်နှင်းသွယ်က တတိယမြောက်။ သူ့အထက်မှာ အစ်မနှစ်ယောက်ရှိတယ်။ အဲဒီ အစ်မတွေကလည်း နှစ်ယောက်စလုံး အစိုးရအရာရှိတွေနဲ့ အိမ်ထောင်ကျသွားတယ်။ ဒါက သူတို့အမေရဲ့ စီမံခန့်ခွဲမှုလို့ ဆိုရမယ်။ အဘွားကြီးကိုယ်တိုင် အရာရှိကတော် ဖြစ်နေမှတော့ သမီးတွေအတွက် သင့်တော်ရာကို သမက်ဖမ်းဖို့ မခဲယဉ်းတော့ဘူးလေ။ ဟော.. ကြည့်။ သစ်တောအရာရှိလောင်းလေး၊ သူ့ကို ခုကတည်းက “သား”လို့ခေါ်နေပြီ။ အံမယ် ... ဒီကောင်ကလည်း မခေဘူး။ အန်တီ အန်တီနဲ့ အန်တီချင်းမိုးမွှန်နေတယ်။ ကောင်းပါပေရဲ့။ တစ်သားတည်း သားနဲ့ တစ်တီတည်းတီနေလိုက်ကြတာများနှယ်၊ အတိုင်အဖောက် ညီကြလွန်းလို့ ဘယ်အချိန်မှာ ရွှေလမ်းငွေလမ်း ခင်းကြမလဲဆိုတာပဲ စောင့်မျှော်ကြရုံပဲပေါ့။
. . . . .
အချိန်ကာလတွေဟာ ပုံမှန်အတိုင်း တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားခဲ့တယ်။ ဒီကောင်သစ်တောက ဘွဲ့ရပြီး အစိုးရဝန်ထမ်းဘဝနဲ့ ရပ်စောက်ကို ရောက်သွားတယ်။ ခင်နှင်းသွယ်ကတော့ သူ့အဖေက ပင်စင်ယူလိုက်လို့ သူတို့မိသားစုရဲ့ ဇာတိ ကျောက်ပန်းတောင်းမှာပဲ အခြေချလိုက်ပြီး ပုပ္ပါးတောင်ခြေကရွာတစ်ရွာမှာ မူလတန်းပြဆရာမ ဖြစ်နေသတဲ့။ အခုခေတ်လို လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းသေးတော့ သူတို့နှစ်ယောက် တစ်နှစ်မှာ လူချင်း နှစ်ကြိမ်လောက်ပဲဆုံပြီး စာအဆက်အသွယ်ပဲလုပ်ရင်း အလွမ်းဖြေရတာတဲ့။ ဒါတွေက သူပြောသလောက်ပဲ သိရတာပါ။ ကျွန်တော်နဲ့လည်း ဝေးနေပြီလေ။
ကျွန်တော့်တက္ကသိုလ်က ၆ နှစ်တက်ပြီးမှ ဘွဲ့ရတာဖြစ်ပေမယ့် တစ်နှစ်ကျလိုက်လို့ သူတို့နှစ်ယောက်အလုပ်ဝင်တဲ့အချိန် တက္ကသိုလ်က မခွာနိုင်သေးဘူး။ ကျွန်တော် နောက်ဆုံးနှစ် အပိုင်း (က)ရောက်တော့ ပခုက္ကူမှာကွင်းဆင်းနေတုန်း သူ့ဆီက စာရောက်လာတယ်။ ကွင်းဆင်းပြီးလို့ မန္တလေးပြန်ရင် ကျောက်ပန်းတောင်းမှာ ဆုံရအောင်တဲ့။ ခင်နှင်းသွယ်ဆီကို ခဏဝင်တွေ့ပြီးမှ မန္တလေးကို အတူပြန် ကြမယ်လို့ စာထဲမှာ ရေးထားတယ်။ ဒီတော့လည်း ပခုက္ကူကနေ ပုဂံညောင်ဦးကို မော်တော်နဲ့ကူးပြီးမှ ကျောက်ပန်း တောင်းကို မော်တော်ကားစီးပြီး သွားရတာပေါ့။ ကျောက်ပန်းတောင်းရောက်တော့ ည၇နာရီထိုးခါနီးနေပြီ။
ချိန်းထားတဲ့ မော်တော်ကားဂိတ်နားက ထမင်းဆိုင်မှာ သူ့ကို အဆင်သင့် တွေ့ရတယ်။ လွန်ခဲ့တဲ့တစ်နာရီလောက်ကတည်းက ရောက်နှင့်နေတာလို့ ပြောတယ်။ ထမင်းဆိုင်မှာ ခဏနားရင်း ထမင်းစားတာတောင် ဖြောင့်ဖြောင့် မစားနိုင်ဘူး။ သွားကြရအောင် သိပ်မှောင်သွားရင် မကောင်းဘူးဆိုပြီး နားတပူပူလုပ်နေတယ်။ ကျွန်တော် စိတ်တိုချင်ချင်ဖြစ် သွားတယ်။ ဘယ့်နှယ် သူ့ဘာသာ ခင်နှင်းသွယ်စိတ်နဲ့ မွှန်ထူပြီး ထမင်းဆာလို့ ဆာမှန်းမသိ ရောဂါတက်နေတာကို ကျွန်တော့်ဘက်လာ ဒုက္ခပေးနေတော့ စိတ်မတိုဘဲ နေပါတော့မလား။ အတော်ခက်တဲ့ကောင်။
မော်တော်ကားဂိတ်နဲ့ ခင်နှင်းသွယ်တို့အိမ်က သိပ်မဝေးလှဘူး။ မန္တလေးအခေါ် လေးငါးပြလောက်ပဲ ရှိမယ်ထင်ရဲ့။ အဲဒီရောက်တော့ ဒီကောင် အမောကြီး မောသွားတယ်။ ခင်နှင်းသွယ်မရှိဘူး။ သူ့အမေနဲ့ ရပ်ကွက်လမ်းထိပ်က နာရေးအိမ်ကို သွားတာတဲ့။ အိမ်ရှေ့ဝင်းတံခါးဝမှာ ထွက်ပြောနေတဲ့ ကောင်မလေးကို ကြည့်ရင်း မှောင်လည်း မှောင်နေတော့ ကျွန်တော့် စိတ်ထဲမှာ ဇဝေဇဝါဖြစ်သွားတယ်။ အစတုန်းက ခင်နှင်းသွယ် မှတ်နေတာ။ မဟုတ်ဘူး။ သူ့ညီမ ခင်ဝင်းနွယ်ရယ်။
တစ်ချိန်တုန်းက ၇တန်းကျောင်းသူ ဂါဝန်လေးနဲ့ ဒီကောင်မလေးက အခုတော့ တက္ကသိုလ်တောင် ရောက်နေပြီဆိုတော့ အချိန်ကာလရဲ့ကုန်ဆုံးမှုကို သတိမပြုမိဘဲ မနေနိုင်အောင် ဖြစ်သွားတယ်။ ဒီကောင်ကတော့ ကျွန်တော့်လို တွေးမနေအားဘူး။ ခင်နှင်းသွယ် ရောက်နေတဲ့ နာရေးအိမ်ဆီကိုပဲ သွားကြရအောင်လို့ လောဆော် နေတယ်။ ကျွန်တော် တစ်ချက်ခေါင်းကုတ်လိုက်မိတယ်။ ခရီးဝေးက အမောတကောလာပြီးမှ ရည်းစားကို နာရေးအိမ်မှာ တွေ့ရမှာကော။ ကဗျာမဆန်တဲ့အဖြစ် လွမ်းချင်စရာတွေတောင် ပျောက်သွားနိုင်ရဲ့။
နာရေးအိမ်က အထူးရှာဖွေစရာ မလိုဘူး။ ကနားဖျင်ထိုးထားတဲ့ အဲဒီနေရာကို ဆယ်မိနစ်လောက် လျှောက်လိုက်တာနဲ့ ရောက်သွားတယ်။ နာရေးကိုလာမေးတဲ့သူက သိပ်များများစားစား မရှိဘူး။ ဖျာကြမ်းပေါ်မှာ စုထိုင်နေကြတဲ့ မိန်းမအချို့ကို တွေ့လိုက်ရတယ်။ ခင်နှင်းသွယ်တို့ သား အမိများ ရှိနေမလား။ လင်းယုန်ရဲ့စူးရှတဲ့ မျက်လုံးမျိုးနဲ့ ဖန်ချောင်းမီးရောင်အောက်မှာ တွေ့ရတဲ့ မိန်းမတွေကို လှမ်းကြည့်လိုက်တယ်။
ကျွန်တော့်စိတ်ထဲမှာ သူတို့ချင်း မြန်မြန်တွေ့ပါစေလို့ဆုတောင်း နေမိတယ်။ တွေ့ရင် နတ်သံ နှောချင်လည်းနှော၊ နာရေးအိမ်ထဲမှာမို့ ဗျိုင်းတောင်နဲ့ ငိုချင်းပဲချချ။ ကိုယ်ကြိုက်တာ လုပ်ကြပေရော့။ ကျွန်တော်မှာ ခရီးအဆင့်ဆင့်လာရလို့ ပင်ပန်းရတဲ့အထဲ ဗိုက်ကလည်း ထမင်းမဝသေးတော့ သူတို့ ကိစ္စ မြန်မြန်ပြီးဖို့အရေးကိုပဲ စိတ်စောနေမိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်လာတာ တစ်မိနစ်လောက်ပဲရှိသေး မိန်းမကြီး တစ်ယောက် အော်ကြီးဟစ်ကျယ်ငိုရင်း ကျွန်တော်တို့ဆီကို ပြေးထွက်လာပါရော။
“အမလေး ... မင်းတို့လာတာ နောက်ကျသွားပါပြီကွယ်။ ငါ့သားရေ မင်းသူငယ်ချင်းတွေ ရောက်လာကြပြီ ကွဲ့”
မိန်းမကြီးက ဒီကောင်ကို ဖက်ရင်းပြောလည်းပြော ငိုလည်းငို။ မျှော်လင့်မထားတဲ့အဖြစ်ကြောင့် ကျွန်တော်တို့ နှစ်ယောက်စလုံး ကြောင်အမ်းအမ်းတွေ ဖြစ်ကုန်ကြတယ်။ တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်နေတဲ့ အသုဘအိမ်လည်း လှုပ်လှုပ်ရှားရှား အသက်ဝင်သွားတယ်။ ကနားဖျင်းအောက်မှာ ထိုင်နေကြတဲ့သူတွေ အားလုံးရဲ့ မျက်လုံးတွေက ကျွန်တော်တို့ဆီမှာ။ မိန်းမကြီးက ငိုရင်းတန်းလန်းနဲ့ သူ့ကိုအလောင်းပြင်ထားတဲ့ ကုတင်ဆီကို ဇွတ်ကြီး လက်ဆွဲခေါ်သွားတယ်။ သူကလည်း အူကြောင်ကြောင်နဲ့ပါသွားတယ်။ သူက အဲသလိုပါသွားတော့ ကျွန်တော်လည်း ဘာမသိညာမသိနဲ့ နောက်ကနေ လိုက်ရတော့တာပေါ့။ စန့်စန့်ကြီး လဲလျောင်းနေတဲ့ အ
လောင်းဆီကိုလည်း ရောက်တာနဲ့မိန်းမကြီးက တစ်ကျော့ ထပ်မံငိုလိုက်ပြန်ရော။
“သားရေ ... ထကြည့်ပါဦး။ မင်းသူငယ်ချင်းတွေ ရောက်လာပြီလေ။ တမြန်နေ့က သူငယ်ချင်းတွေ လာကြဦးမှာလို့ သားပြောခဲ့သေးတယ်။ ထပြီး နှုတ်ဆက်ပါဦးလား သားလေးရယ်...”
ဟိုက် ... ပြဿနာ။ အမှုကတော့ တဖြည်းဖြည်းကြီးလာပြီလို့ တွေးလိုက်ရင်း ဘုရားတမိလိုက်တယ်။ ပိန်ခြောက်ကပ်ပြီး မျက်တွင်းဟောက်ပက်နဲ့ အလောင်းကိုကြည့်ရင်း ဟာ- ကျွန်တော်တို့ သူငယ်ချင်း မဟုတ်ဘူးလို့ ငြင်းဖို့ စိတ်ကူးလိုက်တယ်။ ဒါပေမဲ့ မိန်းမကြီးက တငိုတည်းငိုတော့ ဘယ်လိုမှရှင်းပြလို့ မရနိုင်ဘဲ ဖြစ်နေတယ်။ အဲဒီအချိန်မှာပဲ ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရာ ငါတို့လာအောင်အထိ မစောင့်တော့ဘူးလား။ ပြောရင်း တဟီးဟီးနဲ့ ငိုချလိုက်တဲ့ သူ့ကို ကြည့်ရင်း ဘာလုပ်ရမှန်းမသိဘဲ ပူထူသွားတယ်။ ရောယောင်ငိုရမှာ လား။ အသုဘ အိမ်ထဲက အမြန်ပြေးထွက်သွားရမှာလား။
ဒီကောင်ကတော့ ပျော်ပျော်ကြီးကို ငိုနေလိုက်တာ။ ခွေးကောင်၊ သောက်ရူး စိတ်ထဲကကြိတ်ပြီး ကျိန်ဆဲရင်း ဒေါသတွေ အလိပ်လိပ်ထွက် လာခဲ့တယ်။ ခက်တာက ရင်ထဲမှာရှိသမျှ ဒေါသတွေကို ပြုံထွက်ရလောက်အောင်လည်း အခြေအနေကမပေး။ တွေးရင်းနဲ့ ခေါင်းတွေရှုပ်သွားပြီး ကလေးတစ်ယောက်လို ငိုချလိုက်ချင်စိတ်တွေ ပေါက်သွားတယ်။ သိပ်မကြာဘူး။ အိ - ဟိ၊ အု - လို့ ပဏာမနိဒါန်းပျိုးတဲ့အနေနဲ့ ရှိုက်သံတွေက ကျွန်တော့်လည်ချောင်းက ရုန်းကန်ထွက်လာတယ်။ အစတော့ ခပ်နှေးနှေး၊ ပြီးမှ တဖြည်းဖြည်းမြန်ဆန်လာပြီး အီး ... ဟီး ... ဟီး ငိုသံတွေက တောက်လျှောက်ကပ်ပါ လိုက်လာတယ်။ ဘာမှန်းညာမှန်းမသိဘဲနဲ့ကျွန်တော်လည်းငိုရပါပကော...။
အဖြစ်ကတော့ ပြောတောင်မပြောချင်တော့။ ကျွန်တော်တို့နှစ်ယောက်စလုံး အသုဘအိမ်မှာ မလည်ရှုပ် ဇာတ်ထုပ်နဲ့ နာရီဝက်လောက် ငိုချင်းတွေချပြီး အလျင်အမြန်ပြန်ထွက်လာကြတယ်။ ခင်နှင်းသွယ်က ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ရင်း အံ့ဩနေရှာတယ်။
သေတဲ့သူနဲ့ ကျွန်တော်တို့က သူငယ်ချင်းတွေဖြစ်မှန်း မသိဘူးတဲ့၊ စော စောက မျက်ရည်လည်ရွဲဖြစ်နေတဲ့ ဒီကောင့်မျက်ခွက်က ချက်ချင်းဆိုသလို ပြုံးဖြဲဖြဲ ဖြစ်သွားတယ်။
တဟားဟားရယ်ရင်း အကြောင်းစုံကိုရှင်းပြရတာပေါ့။ အသုဘအိမ်က အပြန်လမ်းတစ်လျှောက်မှာ ကျွန်တော်တို့ရယ်သံတွေ ဖုံးလွှမ်းသွားတယ်။ ခင်နှင်းသွယ်လည်း ဖြစ်ကြောင်းကုန်စင်ကိုသဘောပေါက်သွားပြီး ပြုံးရယ်ရင်း ဒီကောင့်ကို တံတောင်နဲ့တစ်ချက် လှမ်းတွက်လိုက်တယ်။ ခင်နှင်းသွယ်တို့ အိမ်ရောက်တော့ နာရီဝက်လောက်ပဲ စကားပြောချိန်ရပါတယ်။ မန္တလေးကို သွားမယ့် ခေတ္တရာမန်း ကားက ကျောက်ပန်းတောင်းကို မကြာမီအချိန်တွင်းမှာ ရောက်တော့မှာလေ။
အဲဒီညက မော်တော်ကားပေါ်မှာလည်း ကျွန်တော်တို့ နှစ်ယောက် အိပ်ပြီး မလိုက်နိုင်ကြဘူး။ အသုဘအိမ်မှာ ချောက်ပေါက်ကျရတဲ့ အဖြစ်ကို ပြောပြီး တခွိခွိရယ်နေကြမိတယ်။ သူ့ရယ်သံကတော့ အကျယ်လောင်ဆုံး။ ဒါပေမဲ့ ရယ်စရာ မောစရာဆိုတဲ့စကားကို ကျွန်တော်တို့ မေ့နေကြတယ်။ ရယ်စရာပြီးရင် မောစရာတွေက ကပ်ပါလာတတ်တာ မဟုတ်လား။ အခုကြုံရတဲ့အဖြစ်ဟာ မကြာမီ မှာ သူ့အတွက် မောစရာတင်မက ငိုရတော့မယ်ဆိုတာကို မတွေးလိုက်မိရှာဘူး။
. . . . .
အနားမှာ မိုင်းဗုံးဖောက်ခွဲလိုက်တဲ့ အတိုင်းပဲ။ ယောက္ခမကြီးက သူနဲ့ ခင်နှင်းသွယ်ကို သဘောမတူတော့ဘူး ဆိုပြီး ကြေညာလိုက်တော့ ဒီကောင် ပျာတောက်သွားတယ်။
ဟ-ဘယ်လိုဖြစ်ရတာတုန်း၊ ရည်းစားသက်တမ်း လေး၊ ငါး၊ ခြောက်နှစ် ရှိနေမင့်ဥစ္စာ။ အခုမှ စိတ်ပြောင်းသွားရအောင် အဘွားကြီး ရူးများနေသလား။ ကျွန်တော်လည်း သူ့အစားကြားကနေ ဒေါသဖြစ်ရင်း စိတ်ပေါက်ပေါက်နဲ့ မေးမိလိုက်တယ်။ ကြက်ကြီး လည်လိမ်ထားသလို အပူရုပ်နဲ့သူ့ကို ကြည့်ရင်း ရှားတောင့်ရှားပါး သနားစိတ်ဝင်သွားတယ်။ အတော်ညံ့တဲ့ကောင်၊ မိန်းမ တစ်ယောက်အတွက်နဲ့ ရုပ်ပျက်ဆင်းပျက် ခံစားရလောက်တဲ့အထိ မလိုဘူးထင်တယ်။ ကျွန်တော်ကသူ့ကို စိတ်ထဲမှာအားမလို အားမရဖြစ်ရင် ဒါမှမဟုတ် ဒေါသဖြစ်ရင် အကောင်လို့ခေါ်လေ့ရှိတယ်။ သူ့နာမည်အရင်းက ဝင်းမိုးပါ။
“ဝင်းမိုး ... တော်တော့ကွာ၊ ငါ့လခွီးမှပဲ”။ ဖန်ခွက်ထဲက အာမီရမ်ကို တစ်ကျိုက် နှက်ထည့်လိုက်ရင်း သူ့ကို ပြောလိုက်တယ်။ ကျွန်တော့်မှာလည်း တစ်ဒုက္ခ၊ ဘွဲ့ရပြီးလို့ မန္တလေးပြန်လာခါစရှိသေး၊ ရပ်စောက်ကို လာခဲ့ပါဦး အမှာတော် ပါးလိုက်တဲ့ သူ့စာရောက်လာလို့ အိတ်ဆွဲပြီး မန္တလေး-တောင်ကြီး ကားစီးပြီး လိုက်လာရတယ်။ ခရီး အဆင့်ဆင့်လာပြီးမှ သူ့ကိုတွေ့လိုက်ရလို့ တော်တော် စိတ်ပျက်သွားတယ်။
"'ငါ့ရင်ထဲမှာပူလွန်းလို့ အရက်တွေတောင် ရေဖြစ်သွားပြီ သူငယ်ချင်းရာ" တဲ့၊ "ရေဖြစ်သွားလည်း မသောက်နဲ့ပေါ့ ကွာ။ ငါပဲသောက်တော့မယ်၊ အလွမ်းဇာတ်ခင်းချင်တဲ့သူ့ကို ရွဲ့ပြောပြီး နောက်ထပ်တစ်ခွက် ထပ်တွယ်လိုက်ပြန်တယ်။ ရပ်စောက် ရာသီဥတုက အေးသမှုတ်လား။ သူ့ကိုလည်း ချော့ရင်း အာမီရမ်ကလည်း ရာသီဥတုနဲ့ လိုက်ဖက်ညီနေတော့ ဟန်ကျနေတယ်။ ရပ်စောက်မှာ လေးရက်နေပြီးမှ မန္တလေးကို ပြန်လာခဲ့တယ်။ သူကတော့ အိပ်ရာထဲမှာ ခွေခေါက် ကျန်ရစ်ခဲ့လေရဲ့။
ခင်နှင်းသွယ်နဲ့ အဘွားကြီးက သဘောမတူတာကို နောက်တစ်လလောက် အကြာမှသိရတယ်။ တရားခံက ကျွန်တော်တို့ မဆီမဆိုင် ငိုပွဲဆင်ပေးခဲ့ရတဲ့ ဟိုမသာလေ။ အဲဒီကောင်က ဖိုးသမား၊ နံပတ်ဖိုးထိုးရင်း ရှော့ခ်ဖြစ်ပြီး မာလကီးယားတော့တာကိုး။
မသာက ဘယ်ဘဝရောက်နေမှန်း မသိပေမယ့် ကျွန်တော်တို့မှာတော့ အမှုပွေ ကျန်ရစ်ခဲ့ တယ်။ ကုသိုလ်ကံများ မကောင်းလိုက်ပုံက အဲသလိုပဲ။ ခင်နှင်းသွယ်က အကျိုးအကြောင်း ရှင်းပြပေမယ့် အဘွားကြီးက လက်မခံဘူး။ ဖိုးသမားသူငယ်ချင်းကို သူ့သမီးနဲ့သဘောမတူနိုင်ဘူးတဲ့၊ ရုပ်တွေကြည့်လိုက်ပါလား။ နှစ်ယောက်စလုံး ဖိုးစွဲနေတဲ့ပုံတွေတဲ့။ ဟောဗျ.. ဒီကိစ္စကကျွန်တော်လည်း အလကားနေရင်းနဲ့ အဆစ်ပါနေ ပါပကော။
တစ်ခုတော့ ရှိပါတယ်။ အဘွားကြီး အထင်လွဲမယ်ဆိုရင်လည်း အထင်လွဲချင်စရာပါ။ ကျွန်တော်ကလည်း တစ်လကိုးသီတင်း ကွင်းဆင်းပြီးမှ ပြန်လာ၊ သူကလည်း တောထဲကလာရဆိုတော့ နှစ်ယောက်စလုံး စုတ်တီးစုတ်ပြတ် ဖြစ်နေကြတာကိုး။ အမှန်တော့ အဘွားကြီးက သူနဲ့ ခင်နှင်းသွယ်ကို အဆက်ဖြတ်စေချင်တုန်း မသာကိစ္စပေါ်လာတော့အကြောင်းပြစရာ ရသွားတာကလား။
မြင်းခြံဘက်က သူဌေးသားတစ်ယောက်နဲ့ ခင်နှင်းသွယ်ကို သဘောတူ နေသတဲ့လေ။ ငါးကြီးကြီးကို မြင်လိုက်ရတော့ ပိုက်ကွန်ထဲ ဇွတ်တိုးဝင်ချင်တဲ့ ငါးအသေးလေးကို ဘယ်ဂရုစိုက်တော့မလဲ။ ဒီကောင် အသည်းနှလုံးဟက် တက်ကွဲပြီး တော်တော်လေး ခံလိုက်ရတယ်လို့ ကြားတယ်။ ကျွန်တော်လည်း အစိုးရဌာန အလုပ်ရသွားတော့ တာဝန်ကျတဲ့ဒေသ တွေဆီ ရောက်သွားရင်း သူနဲ့မဆုံဖြစ်တော့ဘူး။ လေးငါးနှစ်လောက်အကြာ သူလည်း အိမ်ထောင်ကျသွားတဲ့ အကြောင်း ကြားလိုက်တယ်။ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်ကြပြီး အလုပ်ဌာနတွေကလည်း မတူကြတော့ ကျွန်တော်တို့နှစ်ယောက်စလုံး အဆက်အသွယ်တွေ ပြတ်သွားပြီး ပင်စင်ယူလိုက်တော့မှ မန္တလေးမှာ ပြန်ဆုံတယ်။ တမြန်မနှစ်က သူ့ရဲ့သမီးမင်္ဂလာဆောင်ကို သွားရောက်ချီးမြှင့်ပေးခဲ့ရသေးတယ်။
. . . . .
မန္တလေးကလည်း အရင်လို မဟုတ်တော့ဘူး။ မြို့က ပိုကျယ်ပြန့်သွားပြီး အသွားအလာတွေကလည်း များပြားနေတော့ ကျွန်တော်တို့လို ဘိုးတော်အရွယ်တွေ အကြောင်းကိစ္စမရှိဘဲ အပြင် သိပ်မထွက်ဖြစ်တော့ဘူး။ သူ့ရဲ့မြေးကလေး ရက် ၁၀ဝ ပြည့်ကလည်း စည်ကားလိုက်ပါဘိ။ သုံးထပ်တိုက်ကြီးတစ်ခုလုံး ဧည့်သည်တွေနဲ့ပြည့်ကျပ်နေတယ်။ နောက်ဝင်လာတဲ့ ဧည့်သည်တွေကို နေရာပေးရမှာမို့ ကျွန်တော်လည်း သူ့ကိုနှုတ်ဆက်ပြီး ပြန်ဖို့ ဟန်ပြင်လိုက်ပါတယ်။
ဘွားတော်ကြီးကို သွားနှုတ်ဆက်လိုက်ပါဦးဟ.. သူက ကျွန်တော့် လက် မောင်းကို ကိုင်ပြီး ခပ်တိုးတိုးပြောရင်း မလှမ်းမကမ်းမှာ ဝှီးချဲကြီးပေါ် ထိုင်နေတဲ့ အဘွားကြီးကို မေးငေါ့ပြလိုက်တယ်။ အမယ်လေး...တော်ပါတော့၊ ကိုယ့်ကို ဖိုးသမားလို့ စွပ်စွဲထားတဲ့ကိစ္စ တွေးမိရင် ကသိကအောက်ဖြစ်နေတုန်းပဲ။ သူက ယောက္ခမမို့ ခွင့်လွှတ်လို့ရပေမယ့် ကျွန်တော်နဲ့ ဘာမှဆိုင်တာမဟုတ်ဘဲ။
ယောက္ခမနဲ့သမက် မတည့်တဲ့အခါလည်း ရှိမှာပေါ့။ အမြဲကြည်ဖြူနေရင် ကောင်းပါတယ်။ ပြုံးရယ်နေတဲ့ သူ့ကိုကြည့်ရင်း သူ့မျက်လုံးတွေကို သတိထားမိလိုက်တယ်။ ကျွန်တော် အံ့ဩသွားတယ်၊ တစ်ခါတုန်းက သူ့ယောက္ခမကြီးရဲ့ မျက်လုံးတွေလိုပဲ၊ တံငါသည် မျက်လုံးမျိုးတွေလေ။ ငယ်ကတည်းက အတူသွားအတူလာ ငယ်ပေါင်း သူငယ်ချင်းရဲ့ မျက်လုံးတွေကို အခုချိန်ရောက်တော့မှ ဘယ်လိုကြောင့် စွပ်စွပ်စွဲစွဲ ပြောချင်ရတာပါလိမ့်။ သူ့ယောက္ခမကြီးအပေါ် စိတ်ကွက်ထားလို့ အထင်အမြင် မှားသွားတာလား၊ ပြန်ဖို့ဟန်ပြင်နေ တုန်း သူ့အမျိုးသမီးရောက်လာတယ်။
“အစ်ကိုကြီးရေ နန်းရှေ့က ဦးလှရွှေတို့ ရောက်လာကြတယ်။ ဟောတော်.. ကိုမြင့်လွင်ကြီးပါလား”
သူ့အမျိုးသမီးက ကျွန်တော့်ကို တွေ့လိုက်ရလို့ အံ့ဩသွားတယ်။ ဧည့်ပရိသတ်တွေကလည်း များနေလို့ သူတို့နဲ့ အထွေအထူး ပြောမနေတော့ဘဲ “ရောက်တာကြာပြီဟ၊ လိုလေသေးမရှိ ဧည့်ခံကြတယ်။ ကဲ...ပြန်တော့မယ် ခင်ဝင်းနွယ်ရေ”လို့ နှုတ်ဆက်ပြီး တိုက်အောက်ထပ်ကို ဆင်းလာခဲ့ရတယ်။ ခင်ဝင်းနွယ်နဲ့ ဘယ်လိုလုပ် ညားခဲ့ကြ တာလဲ၊ ခင်နှင်းသွယ်ကကော ဘယ်ရောက်နေလဲ၊ ကျွန်တော်က အစဖော်ပြီး မမေးမိသလို သူကလည်း ပြောမပြဘူး။ အသက်ကြီးလာကြပြီကိုး၊ ဒီအကြောင်းတွေက ဘာမှအရေးမပါတော့ဘူးလေ....။
ညိုထွန်းလူ
* စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar