Breaking News

ဆယ်ပေါင်တူ - ၆ လကြိုက်သော ‘ကြင်စိုးမ’သွားရာ

ဆယ်ပေါင်တူ - ၆ လကြိုက်သော ‘ကြင်စိုးမ’သွားရာ

(မိုးမခ) ဖေဖော်ဝါရီ ၃ ၊ ၂၀၂၄


မိကြင်စိုး (၆)ဂဏန်း ကြိုက်သည်ကို တရွာလုံး မသိသူမရှိ။ ဒီလိုကြိုက်ရလောက်အောင် ၆ လပိုင်း ၆ ရက်နေ့မှာ မွေး ခဲ့၍လား ဆိုရင်တော့လည်း မည်သူကမျှ ကောင်းကောင်းမဖြေနိုင်။ မိကြင်စိုးကိုယ်တိုင်ပင် သူ့မွေးနေ့ကို သူမသိ။ ရွာတန်ဆောင်တိုင်ပွဲ ဟိုအငြိမ့်လာကသည့် အချိန်ကလိုလို၊ စပါးစျေးတစ်တင်း ဘယ်လောက် ပေါက်တုန်းကလိုလို၊ ရွာနားတဝိုက် လေကြီးမိုးကြီးကျကာ မိုးကြိုးအကြိမ်ကြိမ် ပစ်သည့်နေ့ကလိုလို မသဲမကွဲသာ မှတ်မိသည်။

အမှတ်အသားကောင်းသူတချို့ ပြောကြားချက်အရတော့ အတိအကျဆိုနိုင်သည်က ရွာလယ်စျေးတန်းတွင် အမြဲ စတည်းချကာ ဟိုဆိုင်ကအသား၊ ဒီဆိုင်က ငါးများကို ဆိုင်ရှင်အလစ် ခိုးဆွဲလေ့ရှိသည့် အောင်နက်တို့ ဂုတ်ကျား တို့၏ အဘိုးလား၊ အဘေးလားနှင့် တရက်တည်း တချိန်တည်း မွေးဖွားခဲ့သူ ဖြစ်သည်ဟူ၍ပင်။

မိကြင်စိုး (၆) ဂဏန်းပါသည့် (၆) လကို ဘယ်လောက်အထိ ကြိုက်သလဲ ဆိုလျှင်တော့ ငယ်စဉ်က မြို့တက်တုန်း မှောင်ရိပ်ခိုမှုနှင့် အဆွဲခံရပြီး ထောင် (၆) လကျခဲ့စဉ်က ချုပ်ရက်မပြည့်မီ စောလွှတ်ပေးခဲ့သော်လည်း (၆) လအ ပြည့်အထိ မရရအောင် တင်းခံပြီး ထောင်ထဲအတိအကျ နေခဲ့သူ ဖြစ်သည်။

ဒါတင်ဘဲလားဆိုတော့ မကသေး။ (၃) လခံတားဆေး သွားထိုးသည့် အခါမှာလည်း (၆) လခံဆေးသာ ထိုးချင်သည်၊ မရ ရအောင်ထိုးပေးဟု ဆိုကာ ပေကပ်နေ၍ ဘာလုပ်ရမှန်းမသိသည့် ရွာက ယာယီ ကျန်းမာရေးဆရာမက ပြီးပြီးရော ဆိုကာ (၃) လခံ ဆေး ဘယ်တလုံး၊ ညာတလုံး ထိုးပေးခဲ့ရပြန်သည်။

အခုတော့ အနှီမိကြင်စိုးသည် သူ့နောက်လိုက်နောက်ပါ လူရမ်းကားတသိုက် အားကိုးနှင့် ရွာသူကြီးယောင်ယောင် ဘာယောင်ယောင် အတင်းအဓမ္မတက်လုပ်နေသည်မှာ (၃) နှစ်ပင် ရှိသွားလေပြီ။

တချို့အတွက် (၃) နှစ်ဆိုသည်က ခဏလေးလို၊ တချို့အတွက်ကျပြန်တော့ (၃) နှစ်ဆိုတာ အတော်ကြီးကို ကြာလှသည်။ (၃) နှစ်အတွင်း ဘာဆို ဘာမှအရာမထင်လေသော၊ အားမနာတမ်း ပြောရလျှင် ကြံသမျှပျက်၊ လုပ်သမျှ မဖြစ်သော ဒီ (၃) နှစ်သည် မိကြင်စိုးအတွက်တော့ အိပ်မက်ဆိုးကြီးတခု။ တကယ်တော့လည်း မိကြင်စိုးတို့ တသိုက်သည် ရပ်ရေးရပ်ရွာ စီမံအုပ်ချုပ်ခြင်းဆိုသည်ကို ဘာဆိုဘာမှ နားမလည်ကြ။ စီမံဆိုတာထက် ဆီမန်းဆိုတာ လောက်ကိုသာ သိကြသူများ ဖြစ်ကြသည်။

ဆီမန်းတွေ၊ယတြာတွေနှင့် ယောင်ချာချာ ဟိုလုပ်ဒီလုပ် စမ်းတဝါးဝါး လုပ်နေရင်း (၃) နှစ်အတွင်း မိကြင်စိုးတို့ မိသားစုမှလွဲ၍၊ တရွာလုံး၏ စီးပွာရေးက ဖြူခါပြာခါ ကျသွားသည်။ (၆) လကြိုက်သူဖြစ်၍ ပုံမှန်စိုက်ပျိုးနေကျ သီးနှံများအစား (၆) လနှင့် ထွက်ရှိနိုင်သည်များကို ပြောင်းလဲစိုက်စေသည်။ သူ၏ဗေဒင်ဆရာ အခါတော်ပေးများ ပြောသည့်အချိန်တွင်သာ စိုက်ပျိုးကြရသည်။ မွေးမြူရေးတွင်လည်း (၆) လနှင့် သားပေါက်သည်များကိုသာ မွေးကြရမည်ဟု ပြောပြန်သည်။ သို့သော် တိမွေးကုဆရာလေးက (၆) လနှင့် သားပေါက်တာ မျောက်သာ ရှိသည်ဟု ဝင် ပြောပေးသောကြောင့် ချမ်းသာရာ ရခဲ့ကြသည်။

ဤကဲ့သို့ မိကြင်စိုးနှင့် တတ်ယောင်ကားတသိုက် ဆရာလုပ်မှုကြောင့် ကိုယ်စိုက်ပျိုးချင်တာလည်း မစိုက်ရ၊ စိုက်ချိန်တန်လည်း မစိုက်ရနှင့် ရွာတွင် ဘာသီးနှံမှ ကောင်းကောင်းမထွက်တော့။ ထို့အပြင် မိကြင်စိုး၏ ခါးပိုက်ဆောင် ခိုးဆိုးလုနှိုက်တသိုက်ကြောင့်လည်း တရွာလုံး အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရ ဖြစ်နေလေတော့သည်။

အရင်သူကြီးလက်ထက် လျှပ်စစ်မီးထိန်ထိန်ညီးခဲ့သည့် ရွာကလေးသည် မိကြင်စိုး၏သားသမီးများ ရောင်းချသော ဘက်ထရီ၊ဆိုလာပြား၊ဖယောင်းတိုင်များ ပိုရောင်းကောင်းစေရန်အတွက် လျှပ်စစ်မီးများ တမင်ဖြတ်တောက်ထားမှုကြောင့် လသာသော ညများမှလွဲ၍ မှောင်နှင့်မည်းမည်း ဖြစ်နေပြန်သည်။

ပြုံးပြုံး ပြုံးပြုံးနှင့် ဟန်ကိုယ့်ဖို့ လုပ်နေသော်လည်း တရွာလုံးက နှာခေါင်းရှုံ့နေကြမည်ကို သိနေသောကြောင့် (၃) နှစ်အတွင်း ဘာမှဖြစ်မြောက်အောင် မလုပ်နိုင်သည်ကို မိကြင်စိုး စိတ်ထဲက မကျေနပ်။ (၃) နှစ် ဆိုသော အသံကို မကြားချင်သောကြောင့် ရွာထဲတွင် (၃) နှစ် ဆိုသော စကားလုံး မပြောရဟု အမိန့်ထုတ်သည်။ ထို့ကြောင့် အသက် (၃) နှစ်အစား ‘ဒီကျုပ်သားအငယ်ကောင်က (၃၆) လရှိပြီ’ ‘ကျုပ်တို့ယူကြတာ (၂၃) နှစ်ရှိပြီ ဆိုသည့်အစား နှစ် (၂၀) နဲ့ (၃၆) လရှိပြီ အစရှိသဖြင့် ပြောင်းလဲသုံးနှုန်းကြရသည်။

ဤကဲ့သို့ တစက်လေးမျှ အထင်ကြီးစရာ မရှိသော မိကြင်စိုးကို ရွာနီးချုပ်စပ်များမှ ရွာလူကြီး အစည်းအဝေးတွေ လုပ်ရင်လည်း ဘယ်တုန်းကမှ မဖိတ်၊ လူရာမသွင်း။ မိကြင်စိုးကို ပညာပေးချင်သော ဥဏ်ကောင်းသည့် ရွာထဲမှ ကလေးများက ‘အဲဒီရွာလူကြီးတွေက ကြီးဒေါ်မိကြင်စိုးမှာ ဝဲစိုဝဲခြောက်တွေ ပေါက်နေလို့ အတူမထိုင်ချင်ကြတာနဲ့ အစည်းအဝေး မဖိတ်တာလို့ ပြောတယ်’ဟု အကွက်ဆင်သည်။

‘ဒါဆို ငါ သွားပြီးရှင်းပြလိုက်မယ်’ဟု ဆိုသောအခါ မိကြင်စိုး ကို ချောက်ချချင်သော ကလေးများက ‘ သွားရှင်း နေရရင် ကြီးဒေါ် သိက္ခာကျတာပေါ့၊ ကိုယ်လည်း ရွာလူကြီးပဲ၊ ခယပြီးသွားစရာ မလိုပါဘူး၊ ဒီလိုလုပ်လိုက်ရင် ပြီးတာပဲ’ ဟု ဆိုကာ အကြံပေးသည်။

ခပ်တုံးတုံး ခပ်ထုံထုံ မိကြင်စိုးက အင်း ဟုတ်သားပဲဟု ဆိုပြီး ချက်ချင်းထလုပ်ရန်ပြင်သည်။ သို့သော် မိကြင်စိုး နောက်လိုက် မိမဲလုံးကိုပါ ကြည့်မရသောကြောင့် ‘ဝဲဆိုတာက ကူးတတ်တယ်၊ ကြီးဒေါ်မှာ မရှိလည်း ကြီးဒေါ်နဲ့ တတွဲတွဲနေတဲ့ မိမဲလုံးမှာ ရှိနေတယ်လို့ ထင်နေကြသေးရင် ဘယ်လိုလုပ်မလဲ၊ ကြီးဒေါ်တို့နှစ်ယောက်လုံး လုပ်ပြဖို့ လိုတယ်’ ဆိုကြသည်။ အခုခေတ်ကလေးများ၏ ဉာဏ်ကိုမီဖို့ နေနေသာသာ ဘယ်သူနှင့်ပဲယှဉ်ယှဉ် အကြံတုံး ဉာဏ်တုံး ဖြစ်နေသည့် မိကြင်စိုးက ကလေးများ၏ အကွက်ထဲဝင်သွားကာ မိမဲလုံးကိုလည်း သူ့လိုလိုက်လုပ်ဖို့ အမိန့်ပေးသည်။

ဤသို့ဖြင့် ကလေးများ အကြံပေးသည့်အတိုင်း မိကြင်စိုးနှင့် မိမဲလုံးတို့တွင် ဝဲစိုဝဲခြောက်များ လုံးဝမရှိကြောင်း ရွာနီးချုပ်စပ်မှလူများ သိစေရန်အတွက် ရွာလယ် နေပြည်တော်လမ်းမပေါ်တွင် မိကြင်စိုးတို့နှစ်ယောက်သား ဝစ်လစ်စလစ်ဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြလေသည်။ ဒါကို ကလေးများက ဖေစ့်ဘွတ်ပေါ် ချက်ချင်းတင်လိုက်သဖြင့် ဟိုးလေးတကျော်ကျော် ဖြစ်ကုန်တော့သည်။ ဒီလောက်တောင် ဉာဏ်နည်းရသလား ဣန္ဒြေ သိက္ခာနည်းရသလား လျှပ်ပေါ်လော်လီရသလားဟု မိကြင်စိုးကို အစဉ်အဆက် ထောက်ခံသူများကပင် ဆိုလာသည်။

ရွာလူကြီးအဖြစ်က ထွက်ပေးဖို့လည်း ပြောဆိုလာကြသည်။ ကွမ်းချေးတက်နေသော သွားများ လူမြင်မှာစိုးသည် ကအပြင်၊ ရယ်လိုက်ပါက သရဲသဘက်လို ဖြစ်သွားတတ်သောကြောင့် ပါးစပ်တင်းတင်းစေ့ကာ ရုပ်တည်ကြီးဖြင့် နေတတ်သော မိကြင်စိုးလက်ထောက် လက်ဖက်ခြောက် စျေးပတ်လိုက်ရောင်းသူ မိစိုးကြီးဆိုရင် အခုလို ဖြစ်မှာမဟုတ်ဟု တွေးကြကာ မိကြင်စိုးကို နေရာဖယ်ပေးဖို့ ပြောသည်။ သူတို့ပဲ ကြံဖန် ချီးမွမ်းခဲ့ကြသော ဘုရားဒါယိကာမကြီး မိကြင်စိုးသည် ချာတူးလန် သုံးစားမရသည့်  ကလေကဝ ရွာသူကြီး ဖြစ်သွားတော့သည်။

မိကြင်စိုးသည် သူ့ကို ပညာပေးသော ရွာမှဂျီဇက်လေးများကို ဘယ်လိုမှ အခဲမကြေ။ တကွေ့ကွေ့တော့ တွေ့ ကြဦးမပေါ့ဟု ကြုံးဝါးလေသည်။ မိကြင်စိုးကလည်း မိကြင်စိုးပင်၊ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် မကင်း၊ လုပ်လိုက်သမျှလည်း သောက်တလွဲ။ သူ စီစဉ်လေသမျှ အပေါက်လမ်းမတည့် ကပေါက်တိ ကပေါက်ချာ ဖြစ်ရစေသားဟု ဆုပန်ထားသည့်နှယ်။

ကြည့်လေ ဟိုဘက် ဘာဘူကြီးတို့ ရွာဘက်ရောက်နေသည့် သူ့လယ်သူရင်းငှါး တအုပ်ကို သွားကြိုသည့် ထော်လာဂျီမှာလည်း လမ်းဘေးထိုးကျပြီး သုံးပိုင်းပြတ်လိုပြတ်။ လှကြူကို ငုတ်တုတ်ထားပြီး အီစီကလီရိုက် နေသော ရွာတောင်စွန်းမှာ ကင်းစောင့်ဖို့ထားသည့် ရည်စားလိုလို ချစ်သူလိုလို လူကလည်း မိကြင်စိုးနှင့် ခွါပြဲလိုပြဲ။ မိကြင်စိုး၏ ထမင်းကိုလည်း မစား၊ ပိုက်ဆံလည်းမယူတော့ဟု ဆိုသည်။ ချော့ရမှာလား ခြောက်ရမှာလား မိကြင်စိုး မစဉ်းစားတတ်တော့။

ဤသို့ဖြင့် ရွှေကိုကိုင်ရင်တောင် ချေးဖြစ်သည့် မိကြင်စိုးကို ရွာမှလူများက လုံးဝမလေးစားသလို သူ၏ခွေးများကပင် မခန့်ကြတော့။ ဤတွင် ရွာမှကလေးများက တစခန်းထလာပြန်သည်။ မိကြင်စိုး၏ အိမ်ရှေ့တည့်တည့်တွင် ‘ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ’ ဆိုသည့် ဆိုင်းဘုတ်ကြီးစိုက်ကာ မိကြင်စိုးကို ထေ့ငေါ့လှောင်ပြောင်ကြသည်။

ဒီတခါတော့ မိကြင်စိုး လုံးဝသည်းမခံနိုင်တော့၊ ဘယ်သူပဲ အသိအမှတ် ပြုပြု မပြုပြု၊ ရွာသူကြီးပါဝါကို သုံးပြီး ‘ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ’ ဟူသောစကားကို သုံးစွဲပါက ဘယ်သို့ဘယ်ပုံ အပြစ်ပေးခံရမည်ဖြစ်ကြောင်း ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဟု ကျောက်သင်ပုန်းပေါ် မြေဖြူဖြင့် စာလုံးကြီးကြီးရေးကာ သတိပေး လိုက်သည်။

နောက်တနေ့မနက် မိကြင်စိုးအိပ်ရာအထမှာ အခုလောက်ဆိုရင် သကောင့်သားလေးတွေ ကြောက်လန့်ပြီး သူ့အ ကြောင်း ကျောင်းမှန်းကန်မှန်း သိသွားပြီဟုတွေးကာ ကလေးများစိုက်ထားသည့် ဆိုင်းဘုတ်နေရာကို လှမ်းကြည့် လိုက်သည်။ မိကြင်စိုးထင်သလိုပင် ထိုဆိုင်းဘုတ်က မရှိတော့၊ သို့သော် နောက်ဆိုင်းဘုတ်အသစ်တခုက ရောက် နေလေသည်။ ထိုဆိုင်းဘုတ်ကို ဖတ်အပြီး အတိတ်နမိတ် အယူသီးတတ်သည့် မိကြင်စိုးမှာ ခွေကနဲ လဲကျသွား ပြီး နှာနှပ်ယူလိုက်ရသည်။

မိကြင်စိုးထက် ဉာဏ်ပိုသွားသော ကလေးများက ‘ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ’ ဆိုသည့်အစား မိကြင်စိုး၏ အမိန့်နှင့်လည်းလွတ်၊ အတိတ်‌ကောက် နိမိတ်ကောက်တတ်သည့် မိကြင်စိုးကို ပိုပြီးလည်း စိတ်ဒုက္ခရောက်သွား စေသည့် စာသားများဖြင့် ပြောင်းလဲရေးသားထားလိုက်သည်က ‘ကြင်စိုးမ’ သွားရာ ကြိုးတိုက်သို့ပါ’ ဟူသတည်း။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar