ရဲဘော်တေး - မသာကိန်းအညီ ဝါစိမ်းနီအလံ တလူလူနဲ့
ရဲဘော်တေး - မသာကိန်းအညီ ဝါစိမ်းနီအလံ တလူလူနဲ့
(မိုးမခ) ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၄
RCSS နဲ့ SSPP က သူတို့ ထိန်းချုပ်နယ်မြေမှာ ကျားဖြန့်တိုက်မယ်ဆိုတာဟာ မအလကို ချဲလင့်လုပ်တာပါပဲ။
သူတို့ ထိန်းချုပ်နယ်မြေဆိုပေမယ့် မအလ အုပ်ချုပ်ထားတာဘဲကိုး။ အဲဒီ မသာအုပ်ချုပ်နေရာတွေမှာ မဟုတ်တရုတ် ငွေရှာနေတာတွေကို သေရွာပို့၊ အဲ တရုတ်အပ်မယ်လို့ ပြောတာဟာ မအလနားရွက်ကို ချီးသုတ်တာမဟုတ်လို့ ဘာရှိမှာလဲ။ တပ်ရယ် ပြည်သူ့စစ်ရယ် ရဲရယ် သရီးအင်ဝမ်းလုပ်ကြတာတွေလေ။
ရှမ်းနှစ်ဖွဲ့ကလည်း နွေဦးရဲ့လေရူးနဲ့အတူ ဖက်ဒရယ်ခရီးစဉ် ရွက်လွှင့်ဖို့ သူ့အခြေအနေနဲ့သူ အခါအခွင့်သင့်ချိန် စောင့်နေကြတာပါဘဲ။ စစ်အုပ်စုဆီကတော့ ဘာမှမရနိုင်မှန်းသိပေမယ့် ဒီကောင်တွေရဲ့ အီးမှန်မျက်နှာကို အရသာခံကြည့်ချင်လို့ အစည်းအဝေးတက်ရင်း ဈေးပေါင်ချိုးတောင်မဝယ်ဘဲ ဈေးစနည်းနာတဲ့ သဘောပါ။ စျေးပေါင်ကျိုးလဲ မဝယ်ပါဘူး။ မဝယ်ဆို တိုက်ရာပါပစ္စည်းလေ။ သူခိုးဈေးနဲ့ရောင်းတောင် မဝယ်ပါဘူး။ ဘာ့လို့မဝယ်လဲဆိုတော့ ကိုယ့်ပစ္စည်းကိုယ် ပြန်ဝယ်စရာမှမလိုတာ။ ရှမ်းပြည်လေ။ တပ်ပိုင်မြေမဟုတ်ဖူးလေ။ ရှမ်းနှစ်ဖွဲ့က သူတို့ပြည်ကို လုသွားတဲ့ ဓားပြအဖွဲ့ ချိနဲ့ပြိုကွဲဆေးပြဲ သရဲဘောကြောင်ငေါင်တောင်တောင်အချိန်ကိုစောင့်နေတာ။ အင်း ခုရောက်ပလေ။
စစ်အုပ်စုခမျာ စစ်မှုထမ်းဥပဒေသုံးမျိုးထုတ်ပြီး အိမ်ပေါက်စေ့ စစ်ကြော်ညာရပြီ မဟုတ်လား။ စစ်တပ်အတွက်ဆိုပြီး လူငယ်လူရွယ်ဥ တခုထုတ်၊ ပြည်သူ့စစ်အတွက် ကျန်တဲ့လူကြီး ဥတခုထုတ်၊ အမယ် သူ့ကောင်တွေကလဲ ရှောင်နေမှန်း သိတော့ စစ်မှုထမ်းဟောင်းဥ တခုထုတ်။ ဘယ်ဥမဆို သူ့ဥချည်း ဖြစ်ရမယ်ဆိုတဲ့ သဘော။ သူက တဥပျက် နှစ်ဥရချင်တာ။ ဒီဥပဒေကလဲ အနှစ်ချုပ်ကြည့်တော့ ”ပြည်သူလူထုကြီးခများ၊ သနားသဖြင့် တပ်မတော်ကို ကာကွယ်ပေးပါခညား” ဆိုတဲ့သဘောပါပဲလေ။ အဲဒီလို မပြောလို့ကလည်း မရတော့တဲ့အခြေကိုး။
အင်း ဥကလည်း ထုတ်လို့သာထုတ်ရတာ၊ အညာမှာလည်း လူငယ်တွေက ဘယ်စခန်း အလည်သွားသွား ရွာတိုင်းဘုရားနဲ့ဆိုသလို ပီဒက်မရှိတဲ့ရွာရယ်လို့ကို မရှိတာ။ ရှိရင် ပျူရွာဆိုတော့ လူရှာလဲ ဒါဘဲလေ။ ရှမ်းမြောက်ဘက်တော့ မျက်စောင်းတောင်မရွယ်ရဲ၊ ရှိတဲ့တပ်တောင် လက်နက်ချမယ်တကဲကဲရယ်။
ဝအပိုင် ရှမ်းနယ်လဲ လှမ်းမယ်မကြံနဲ့။ ပန်းစပယ် လမ်းလယ်ကားကြိတ်ခံရသလိုဖြစ်သွားမယ်။ ရှမ်းတောင်ပအိုဝ်းကလည်း ကိုယ့်ပအိုဝ်းတပ်ထဲကို သွားကြမှာ၊ PNLA ကို ဖားသလိုဖြစ်သွားမှာ။ ပအိုဝ်းလူငယ်တွေက မင်းတို့က စစ်ကျွန်ဘောမလို့ အပြောခံရလို့ လူကြီးတွေကို ဒေါသထွက်လှပြီလေ။ ဓနုကလည်း ဓရင့်ဖြစ်တာကြာ။ အင်းသားတွေလည်း ဗျင်းမလားလေဘဲ။ ခုတော့ ရခိုင်စာလဲ ငတ်ပြီ။ ဆာဘူးသီးလည်း အနံ့တောင် ရှူရမယ် မဟုတ်။ ကယားဝက်အူချောင်းလည်း ဝေး၊ တာလပေါလဲ ခွေးစာမဟုတ်၊ မကျွေးပါတဲ့။ အမယ် သင်္ကြန်အပြီး စခေါ်မယ် ပြောတုန်းရှိသေး၊ မွန်ပြည်သစ်က သင်္ကြန်ထမင်းမကျွေးတော့ဘူး ပြောပြီ။ ထားဝယ်ကလည်း ဓားဝယ်ထားပြီးသား။ ကချင်ကလဲ သူ့ပြည်သူထိ ဓားကြည့်။ ကိုယ့်စစ်မှုထမ်းဟောင်းကတောင် မထမ်းချင်တဲ့အထိ ဖြစ်နေပြီလေ။
ဒီစစ်ဥပဒေသုံးခုကတော့ တော်လှန်သူအနီ စစ်မှုထမ်းဟောင်းအစိမ်း ပြည်သူ့စစ်အဝါ ဘာမှကိုမချန်တာဆိုတော့ မသာကိန်းအညီ ဝါစိမ်းနီအလံ လွှင့်လိုက်တာနဲ့ အတူတူပါပဲလို့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar