Breaking News

သီအိုဇော် - မမေ့ကြေး

သီအိုဇော် - မမေ့ကြေး

(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄


ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ လွှတ်တော်နဲ့ ဒေသဆိုင်ရာ ရွေးချယ်မှုတွေလည်း ပါဝင်ပေမယ့် သမ္မတ ရွေးကောက်ပွဲကို ပိုစိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။ မဲဆန္ဒရှင် ၂၀၅ သန်းဝန်းကျင်က မဲရုံပေါင်း ၈၂၀,၀၀၀ခန့်မှာ မဲပေးခဲ့ကြရတာဖြစ်လို့ တရားဝင်ရလဒ် ချက်ချင်းထွက်ပေါ်မလာနိုင်တာက သဘာဝကျတယ်လို့ ဆိုနိုင်ပါတယ်။

ဒီလိုအချိန်မှာတော့ မဲရုံများက နမူနာမဲပေးစာရင်းများနဲ့ သီးခြားလွတ်လပ်တဲ့ စစ်တမ်းကောက်အဖွဲ့အစည်းတွေက တွက်ချက်ထားတဲ့ အမြန်ကောက်စစ်တမ်းရလဒ်ကိုပဲ  လက်ကိုင်ထား  ကိုးကားကြရပါတယ်။ ဒါက တရားဝင် ရလဒ် မဟုတ်ပေမယ့် ၂၀၀၄ ခုနှစ်ကတည်းက ကျင့်သုံးလာတဲ့ နည်းစနစ်ဖြစ်ပြီး ‌ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်နဲ့ ကိုက်ညီလေ့ရှိလို့ ပဏာမ ထုတ်ပြန်ချက်လို သဘောထားကြပါတယ်။

အခု ဆောင်းပါးရေးချိန် ထွက်ရှိထားတဲ့ ရလဒ်ကတော့ ထူးထူးခြားခြား ပြောစရာ သိပ်မရှိဘူးလို့ ဆိုရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ စောင့်ကြည့်လေ့လာသူတွေနဲ့ စစ်တမ်းများက ကြိုတင်တွက်ဆထားကြတဲ့အတိုင်း လက်ရှိ အာဏာရပါတီ Indonesian Democratic Party of Struggle (PDI-P)ရဲ့ ပြိုင်ဘက် Great Indonesia Movement Party (Gerindra) ပါတီခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto)က ထိပ်ဆုံးက ဦးဆောင်နေပါ တယ်။

တရားဝင်ရလဒ် မဟုတ်သေးပေမယ့် အထက်ကပြောခဲ့တဲ့ ပဏာမ ထုတ်ပြန်ချက်ရလဒ်ကို ကိုးကားပြီး ပရာဘိုဝိုက သူ့အနေနဲ့ စုစုပေါင်း မဲအရေအတွက်ရဲ့  ၅၅ ရာခိုင်နှုန်းကျော် ရရှိပြီး သူအနိုင်ရရှိသွားပြီလို့ ကြေညာခဲ့ပါတယ်။ ကျန်သမ္မတလောင်း နှစ်ဦးကတော့ သူတို့ ရှုံးပါတယ်လို့ မပြောသေးပါဘူး။ ရွေးကောက်ပွဲစည်းမျဥ်းအရ  တဦးကမှ ၅၀ ရာခိုင်နှုန်း မကျော်၊ ပြည်နယ်တခုချင်းစီမှာလည်း ၂၀ ရာခိုင်နှုန်း မကျော်ရင် ထိပ်ဆုံးသမ္မတလောင်း ၂ ဦးက ဇွန်လ ၂၆ ရက် နေ့မှာ ဒုတိယအကြိမ် ပြန်ပြိုင်ကြရမှာပါ။

တရားဝင်ရလဒ်ကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က ၃၅ ရက်ထက် နောက်မကျဘဲ ကြေညာပါလိမ့်မယ်။ အငြင်းပွားမှု၊ ကန့်ကွက်မှုတွေ ဘယ်လောက်အထိ ရှိလာမလဲ ဆိုတာလည်း စောင့်ကြည့်ရပါဦးမယ်။ လက်ရှိ အနေအထားမှာတော့ ပရာဘိုဝိုကိုပဲ ဖြစ်နိုင်ခြေအရှိဆုံး ရွေးချယ်ခံ သမ္မတလို့ သတ်မှတ်ထားရမယ် ထင်ပါတယ်။ သမ္မတ သက်တမ်းက အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင်ပါလိမ့်မယ်။ မဲဆွယ်ကာလမှာ နိုင်ငံခြားရေးမူဝါဒ အကြောင်းက ထိပ်တန်းအဆင့် ပြောဆိုစရာ မဖြစ်ခဲ့ပေမယ့် ပရာဘိုဝိုကတော့ ဘယ်အင်အားကြီးနိုင်ငံဘက်ကိုမှ လိုက်ပြီး ထောက်ခံနေမှာ၊ မှီခိုနေမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

လက်ရှိ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဟာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ အာဏာရှင် ဆူဟာတိုရဲ့ သမက်ဟောင်း၊ အထူးတပ်ဖွဲ့ (Kopassus)ကို ခေါင်းဆောင်ခဲ့သူ၊ သန်းကြွယ်သူဌေးတဦးဖြစ်ကာ ဆူဟာတိုလက်ထက်က သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ကလင်တန်၊ ဘုရှ်၊ အိုဘားမားအစိုးရ သုံးဆက်လုံးက အမေရိကန်နိုင်ငံ ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသူ ဖြစ်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား စစ်တပ်မှ ထုတ်ပယ်ခံရကာ ဂျော်ဒန်နိုင်ငံမှာ ပြည်ပြေးအဖြစ် သွားရောက်နေထိုင်ခဲ့ရဖူးပေမယ့် တရားစီရင် အပြစ်ပေးခံရခြင်းမျိုးတော့ မရှိခဲ့ပါ ဘူး။ 

ငြင်းကြခုံကြစရာ နောက်ကြောင်းအချက်အလက်တွေ ဘယ်လိုပဲ ရှိခဲ့စေဦးတော့၊ ကမ္ဘာ့တတိယ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးက မဲဆန္ဒရှင် သန်း(၂၀၀)ကျော်ရဲ့ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ပွဲကတဆင့် သမ္မတအဖြစ် ရွေးချယ်ခံရခြင်းသာဖြစ်လို့  အင်ဒိုနီးရှားပြည်သူများရဲ့ ရွေးချယ်မှုကို အသိအမှတ် ပြုကြရမှာပါ။

ရွေးကောက်ပွဲမတိုင်မီမှာ ကျောင်းသားဆန္ဒပြပွဲ အချို့သတင်း၊ ၁၉၉၈ အရေးအခင်းမှာ ပျောက်ဆုံးခဲ့သူများရဲ့ မိသားစုတချို့ရဲ့ ခံစားချက်နဲ့ ပတ်သက်တဲ့သတင်းတွေ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အသံတွေက ရွေးကောက်ပွဲမှာ အရာမထင်ခဲ့ဖူးလို့သာ ဆိုရပါလိမ့်မယ်။

ဒီရွေးကောက်ပွဲမှာ ဂျန်ဝိုင် (Gen Y) နဲ့ ဂျန်ဇီ (Gen Z) အရေအတွက်က စုစုပေါင်းမဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော် ရှိပါတယ်။ အခု အင်ဒိုနီးရှားရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ အချက်အလက်များအရ အသက်(၁၇-၃၀) နှစ်ကြား မဲဆန္ဒရှင်များက (၃၁.၂၃) ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ၁၉၉၈ ခုနှစ် ဆူဟာတို ရာထူးက နုတ်ထွက်ခဲ့ချိန်က ၂၆ နှစ်ဝန်းကျင် ရှိသွားပြီ ဖြစ်လို့ ဒီများပြားလှတဲ့ လူငယ်မဲဆန္ဒရှင်များက အာဏာရှင် ဆူဟာတို လက်ထက်က အိပ်မက်ဆိုးတွေကို မကြုံခဲ့ကြဘူးလို့ပဲ ဆိုရမှာပါ။

အသက် (၇၂) နှစ်အရွယ် ပရာဘိုဝို ဟာ TikTok ပေါ်မှာလည်း ကခုန်ပြရင်း ပျော့ပျောင်းတဲ့ ပုံရိပ်သစ်ကို ပြောင်းပြီး မဲဆွယ်ခဲ့ပါတယ်။ သူ့ရဲ့ အဓိကမဲဆွယ် ပစ်မှတ်က အာဏာရှင်ဆူဟာတိုကို မမီခဲ့ကြတဲ့ ငယ်ရွယ်သူများဖြစ်ပြီး သူတို့ကလည်း ပရာဘိုဝိုကို သဘောကျကြပါတယ်။ သူ့ပါတီဟာ လက်ရှိအာဏာရ သမ္မတဂျိုကိုဝီရဲ့ ပါတီရဲ့ ပြိုင်ဘက် ဖြစ်ပေမယ့် အခုထက်ထိ လူကြိုက်များတဲ့ ဂျိုကိုဝီရဲ့ သားကြီး ဂစ်ဘရန် ရာကာဘူမင် ရာကာ (Gibran Rakabuming Raka)ကို သူ့ရဲ့ ဒုသမ္မတလောင်း အဖြစ်ရွေးထားနိုင်ခဲ့မှုကလည်း အောင်မြင်တဲ့ ရွေးကောက်ပွဲ ဗျူဟာလို့ ဆိုကြပါတယ်။  ဘူဒီမန်ဆူဂျာမိကို (Budiman Sudjatmiko)လို ဆူဟာတို လက်ထက်က လူသိများတဲ့ နိုင်ငံရေးအကျဥ်းသား၊ တက်ကြွလှုပ်ရှားသူတချို့ သူ့ကို ထောက်ခံသူ ဖြစ်လာတာကလည်း ပုံရိပ်သစ် ပြောင်းချင်တဲ့ ပရာဘိုဝို အတွက် အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ယူဆရမှာပါ။

သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြောစရာအများ အပြားရှိကြပါတယ်။ ဂျိုကိုဝီနဲ့ သူ့မိသားစု နိုင်ငံရေး အင်ပါယာ တည်ဆောက်လာမှု အပါအဝင် အာဏာရပါတီနဲ့ ဂျိုကိုဝီကြားက အဖုအထစ်များ အစရှိသဖြင့် ပြောဆို ရေးသားကြပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး အဲဒီသတင်းတွေထက် အာဏာရှင်ဆူဟာတို လက်ထက်က ဖြစ်ပျက်ခဲ့တာတွေအပေါ် ဒီကနေ့ အင်ဒိုနီးရှားပြည်သူတွေ မေ့လျော့သွားပြီလား၊ မေ့ပစ်လိုက်ပြီလား ဆိုတဲ့ အတွေးနောက်ကိုပဲ ပိုစဥ်းစားချင်မိပါတယ်။ 

တဆက်တည်း တွေးမိတာက အာဏာရှင်မိသားစု အသိုင်းအဝိုင်းထဲက နိုင်ငံရေး စင်မြင့်ထက်ဆီ တကျော့ပြန် တက်လှမ်းနိုင်တာ နောက်အာဆီယံ တနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာလည်း ဖြစ်ခဲ့ဖူးတာကိုပါပဲ။ ၂၀၂၂ခုနှစ် မေလ ရွေးကောက်ပွဲတုန်းက အာဏာရှင် မားကိုစ့်ရဲ့သား ဘုံဘုံမားကိုစ့် (Bong Bong Marcos) အနိုင်ရပြီး သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတာ မှတ်မိကြပါလိမ့်မယ်။

နိုင်ငံရေး သံသရာစက်ဝိုင်း ဆိုတာမျိုးက ဒီလိုပဲလားလို့ တွေးမိစရာ အလားတူ ဖြစ်ရပ်မျိုးကို ဆယ်စုနှစ် ၄ ခုနီးပါး ကူမင်တန် အစိုးရရဲ့ မာရှယ်လော စစ်အုပ်ချုပ်ရေးအောက်မှာ နိုင်ငံရေးဖိနှိပ်မှုများစွာ ကြုံတွေ့ ခံစားခဲ့ရတဲ့ ထိုင်ဝမ်မှာလည်း မြင်ခဲ့ကြရပါတယ်။ နောက်ပိုင်းမှာ ကူမင်တန်ပါတီ ကိုယ်စားပြု သမ္မတတွေ ပြန်အရွေးချယ်ခံရခဲ့သလို၊ လောလောလတ်လတ် ပြီးဆုံးသွားခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း သမ္မတနေရာသာ အနိုင်မရပေမယ့် ဥပဒေပြု လွှတ်တော်မှာ အမတ်နေရာအများဆုံးရတဲ့ ပါတီ ဖြစ်လာခဲ့ပြန်ပါတယ်။

အာရှနိုင်ငံတွေမှာချည်းပဲ ဒီလိုပုံစံမျိုး ဖြစ်ပျက်နေတာလား ဆိုရင်တော့ အာဖရိကတိုက်က လိုင်ဘေရီးယားနိုင်ငံ အကြောင်းကိုလည်း ထည့်ပြောရပါဦးမယ်။ ဒုတိယသက်တမ်းအတွက် ထပ်မံရွေးကောက် မခံရတော့လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက သမ္မတ ၆ နှစ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ လိုင်ဘီးရီးယားနိုင်ငံရဲ့  သမ္မတဖြစ်ခဲ့သူ  ဂျော့ချ်ဝီးယား (George Weah) အစိုးရအဖွဲ့မှာ  ဒု- သမ္မတ ဖြစ်ခဲ့သူ ဂျူဝယ်လ်တေလာ (Jewel Taylor)နဲ့ သက်ဆိုင်ပါ တယ်။

လိုင်ဘီးရီးယားနိုင်ငံရဲ့ သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အာဏာရှင် သမ္မတတယောက် ရှိခဲ့ဖူးပါတယ်၊ သူဟာ ၂၂ ကြိမ်မြောက် လိုင်ဘီးရီးယား သမ္မတဖြစ်သူ ချားလ်တေလာ (Charles Taylor)ဖြစ်ပြီး ကုလသမဂ္ဂနဲ့ ဆီယာရာ လီယွန်းနိုင်ငံကြား သဘောတူညီချက်အရ ဖွဲ့စည်းခဲ့တဲ့ အထူးခုံရုံး (Special Court for Sierra Leone)မှာ တရားစွဲဆိုခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့က နယ်သာလန်နိုင်ငံ ‘သည်ဟိဂ်’(The Hague)မြို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ထောင်ဒဏ် ၅၀ နှစ် စီရင်ခံရသူလည်း ဖြစ်ပါတယ်။ လက်ရှိ ယူကေနိုင်ငံမှာ ပြစ်ဒဏ်ကျခံနေရပါတယ်။

ချားလ်တေလာကို နျူးရင်းဘတ်ခုံရုံးနောက်ပိုင်းမှာ စစ်ရာဇ၀တ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC) အစီအစဥ်နဲ့ အသက်ရှင်ရက် စွဲချက်တင် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရတဲ့ ပထမဦးဆုံး နိုင်ငံအကြီးအကဲဟောင်းလို့ ဆိုကြပါတယ်။ ဂျူဝယ်လ်တေလာ က ချားလ်တေလာရဲ့ဇနီး သမ္မတကတော် တယောက်အနေနဲ့ ချားလ်တေလာ သမ္မတဖြစ်ခဲ့ချိန် (၁၉၉၇-၂၀၀၃) တ လျှောက်လုံး သူ့နံဘေးမှာ ရှိခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ သူတို့နှစ်ဦး ကွာရှင်းခဲ့ကြပါတယ်။

ဒီအကြောင်းတွေ ထုတ်နုတ်ဖော်ပြနေခြင်းဟာ အထက်ပါပုဂ္ဂိုလ် တဦးချင်းစီနဲ့ ပါတီများရဲ့ ဂုဏ်သိက္ခာ၊ ထိုက်တန်မှု ရှိ၊ မရှိ အစရှိတာတွေကို မေးခွန်းထုတ်နေတာ မဟုတ်ဘူးလို့တော့ ပြောထားချင်ပါတယ်။ ရွေးကောက်ပွဲရဲ့ သဘောသဘာဝအရ သူတို့အတွက် ပိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ့် အစိုးရလို့မြင်ပြီး ရွေးချယ်ခဲ့တာမျိုး အဲဒီနိုင်ငံတွေမှာ ရှိကောင်း ရှိခဲ့ကြပါလိမ့်မယ်။ သူတို့ ပြည်တွင်း နိုင်ငံရေးရေစီးနဲ့ သူတို့အကြောင်းနဲ့သူလည်း ဖြစ်နိုင်ပါတယ်။ ရွေးချယ်ခံခဲ့ရသူများဟာ သက်ဆိုင်ရာ နိုင်ငံများရဲ့ စည်းမျဉ်းဥပဒေများနဲ့ ကိုက်ညီတဲ့ သူများဖြစ်ပြီး၊ သူတို့ လိုလားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူများလို့လည်း  ပြည်သူတွေက ထင်မြင်ထားကြတာလည်း ဖြစ်နိုင်ပါတယ်။ ကာယကံရှင် ပြည်သူတွေရဲ့ နေရာကို ပြင်ပက မှန်းဆကြည့်လို့ ခက်တဲ့အရာတွေလည်း ရှိနိုင်ပါတယ်။

ဒါပေမဲ့ ဒီရွေးကောက်ပွဲ ဖြစ်စဥ်တွေကို စဉ်းစားကြည့်ရင်း မဝေးလှတဲ့ အတိတ်ကို သူတို့တတွေ ခပ်လွယ်လွယ်ပဲ မေ့ခဲ့လေသလား ဆိုတဲ့ မေးခွန်းကို ဆက်မေးမိနေပါတယ်။ သူတို့နိုင်ငံများဆီက အကြောင်းသက်သက်ကြောင့်တော့ မဟုတ်ပါဘူး။ ‘မေ့တတ်ကြသူတွေများလား’ ဆိုတဲ့အတွေးက ဒီနွေဦးတော်လှန်ရေးတလျှောက်မှာ အခါအားလျော်စွာ ပေါ်လာတတ်တာကြောင့်လည်း ဆက်စပ်စဥ်းစားကြည့်မိတာ ဖြစ်ပါတယ်။

စစ် ဆိုတဲ့ အငွေ့အသက် ရိပ်ဖမ်းသံဖမ်းတောင် မတွေ့ရဘဲ ပျော်ပွဲရွှင်ပွဲ အာရုံလွဲစရာတွေနောက် ကောက်ကောက်ပါအောင် လိုက်ကြတဲ့သူတွေကို မြင်မိတိုင်း၊ မြန်မာ့လူ့အဖွဲ့အစည်းဆိုတာ ဒီလိုပဲ မေ့မေ့လျော့လျော့ ခပ်ပေါ့ပေါ့ ရှိကြသူတွေနဲ့ပဲလားလို့  အတွေးဝင်သွားသူတွေ များလာမှာကို စိုးမိပါတယ်။ ဒီအတွေးက တော်လှန်ရေးအတွက် အပြုသဘော မဆောင်သလို၊ အဲဒီအတွေးကြောင့် တော်လှန်ရေး လမ်းခရီးတဝက်မှာ စိတ်ပျက်အားလျော့သူတွေ ဖြစ်သွားကြမှာကိုလည်း မလိုလားပါဘူး။

ဒါ့ကြောင့် အာဏာရှင်အသိုင်းအဝိုင်းနဲ့ ပံ့ပိုးဝန်းရံနေတဲ့ ဒေါက်တိုင်တွေလို့ ခြုံပြောလို့ရတဲ့သူများ ဖြစ်စေချင်တဲ့ အကွက်ထဲ ရောက်သွားပြီး မေ့ပျောက်လွယ်တတ်ကြလေသလား ဆိုတဲ့မေးခွန်းအတွက် တုံ့ပြန်အဖြေနိုင်ပေးတဲ့ ဆောင်းပါးတပုဒ် ရေးချင်တဲ့ ဆန္ဒရှိနေပါတယ်။ အခုတော့ မြင်သာအောင် အထက်က ကောက်နုတ်ခဲ့တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်း အဖြေရှာကြည့်ဖို့ အကြောင်းတိုက်ဆိုင်လာပါပြီ။

မြန်မာလူ့အဖွဲ့အစည်းဟာ ပျော်ပွဲရွှင်ပွဲတွေကို သဘောကျကြတယ်ဆိုတာ မငြင်းလိုပါဘူး။ ဒါပေမဲ့ ပျော်ရွှင်မှုက တကန့်၊ နာကြည်းမှုက တကန့်၊ တာဝန်သိမှုက တကန့် ထားနိုင်တဲ့သူ အရေအတွက်က ခံယူချက်မသိ၊ ခံစားချက်မရှိဘဲ အပျော်အပါး အာရုံလွှဲရာနောက် ဝေလေလေ လိုက်ပါသွားကြသူတွေထက် နှိုင်းယှဥ်မရအောင် ပိုလို့ များပြားတယ်လို့  နိုင်ငံတကာ ဖြစ်ရပ်တွေနဲ့ ချိန်ထိုးပြီး ဆိုချင်ပါတယ်။

စိတ်အနှောက်အယှက် ဖြစ်စရာ အပျော်နောက်လိုက်ကြတဲ့ မြင်ကွင်းတွေဟာ တကယ်တမ်းက ပြည်သူစစ်စစ် အများစုကို ကိုယ်စားမပြုပါဘူး။ စိတ်ထွက်ပေါက်အနေနဲ့ အဲဒီရေစီးထဲ ခဏလိုက်ပါသွားကြသူ တချို့ရှိကောင်း ရှိနိုင်ပေမယ့် ထိုသူတို့ဟာ အတိတ်ကို မမေ့သူ၊ ကိုယ့်တာဝန်ကိုယ် သိကြသူတွေလည်း ဖြစ်နိုင်ပါတယ်။ 

ဖော်ပြခဲ့တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဥ်ရင် မြန်မာပြည်သူများဟာ အတိတ်ကို လွယ်လွယ်ကူကူ မေ့ပျောက်တတ်ကြသူတွေ မဟုတ်ကြောင်း မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ရလဒ်များကတဆင့် ထင်ထင်ရှားရှား သိမြင်နိုင်ပါတယ်။

မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်မိသားစု အဝန်းအဝိုင်းကို မဆိုထားနဲ့၊ ပတ်သက်ရာပတ်သက်ကြောင်း လက်ဝေခံ နိုင်ငံရေးပါတီများကို အခွင့်သာတိုင်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲများမှာ မြောင်းထဲ ပို့ခဲ့ကြတာ ဒီနေ့ ဒီအချိန်အထိပါပဲ။ တိုင်းပြည်ကို ဒုက္ခတွင်းထဲ ဆွဲနှစ်ခဲ့သူများ၊ စစ်အာဏာရှင်များရဲ့ အဆွယ်အပွားများ၊ ခေတ်အဆက်ဆက် စစ်တပ်နဲ့ ဆက်စပ်ခဲ့တဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများကို မြန်မာပြည်သူလူထုက ဘယ်တုန်းကမှ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် ကျော့ကျော့မော့မော့ ပြန်တက်ခွင့်ပေးလေ့ မရှိခဲ့ပါဘူး။ဒါ့ကြောင့် မြန်မာ ပြည်သူများဟာ အထက်မှာ ဥပမာပြခဲ့တဲ့ နိုင်ငံတွေရဲ့ လူ့အဖွဲ့အစည်းထက် အမှတ်သညာရှိပြီး အမှတ်သည်းခြေ လည်း ပိုကြီးကြတယ်လို့ပဲ မှတ်ချက်ပြုလိုပါတယ်။

အခု အင်ဒိုနီးရှား ရွေးကောက်ပွဲက ဆူဟာတို ပြုတ်ကျပြီး ၂၆ နှစ်ဝန်းကျင် အကြာမှာ ပြုလုပ်တာပါ။ မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး ၂၇ နှစ်အကြာ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက ၃၂ နှစ် အကြာတို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်များမှာ သမိုင်းမမေ့တဲ့ လူငယ်များအပါအဝင် ပြည်သူလူထုကြီးတရပ်လုံးက တာဝန်ကျေခဲ့ကြပါတယ်။ ဒီမိုကရေစီ အရေခြုံဖို့ ကြိုးစားတဲ့  စစ်အာဏာရှင် အဆွယ်အပါးတို့ရဲ့  ခြေလှမ်းတွေကို ကြိုမြင်ကြပြီး ပါးပါးနပ်နပ် တားဆီးနိုင်ခဲ့ကြပါတယ်။ 

အခု နွေဦးတော်လှန်ရေးမှာလည်း မျိုးဆက်သစ်လူငယ်လူရွယ်တွေဟာ စစ်အာဏာရှင်‌တွေရဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံးအပေါ်  သွေးခွဲအနိုင်ကျင့် ရက်စက်ယုတ်မာခဲ့တဲ့ သမိုင်းကြောင်းကို အမြဲသတိချပ်ပြီး  ရှေ့တန်းက ဆက်လက် ပါဝင်နေတာကလည်း တခြားနိုင်ငံများက လူငယ်ထုနဲ့ နှိုင်းယှဉ်တဲ့အခါ တကယ့်ကို ဂုဏ်ယူစရာပါ။ အပေါ်ယံ သဏ္ဌာန် ပြောင်းလဲရုံမဟုတ်ဘဲ ဆိုးညစ်တဲ့စနစ်ကို ရေသောက်မြစ်က လှန်ပစ်ဖို့ ကြိုးစားနေကြတာက မျက်မြင်ပါပဲ။ ပြည်သူစစ်စစ်များက အတိတ်သမိုင်းကို မေ့မသွားဘဲ ရန်သူရဲ့ ခြောက်လုံးချော့လုံး ပရိယာယ်များ ကြားကနေ ကိုယ် တတ်စွမ်းတဲ့နေရာက တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေကြဆဲပါ။

ဒီအတွက် အာဏာရှင်ဒေါက်တိုင်များ၊ ရေပေါ်ဆီလူတန်းစားနဲ့ နောက်လိုက်နောက်ပါများရဲ့ အပြုအမူတွေကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်‌နေစရာ မလိုဘူးလို့ပဲ ကောက်ချက်ချလိုပါတယ်။ အဲဒီအလွှာဟာ နဂိုကတည်းက တော်လှန်ရေးစီးကြောင်းရဲ့ ပြင်ပမှာရှိပြီး၊ တော်လှန်ရေးနဲ့ ကင်းကွာကြတဲ့သူတွေသာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး ဒီနေ့ ဒီအခြေအနေ ရောက်ခဲ့ရတာ အဲဒီလူတန်းစားတွေကြောင့် မဟုတ်ဘဲ၊ အာဏာရှင် လုပ်ရပ်တွေအပေါ် အမှတ်သည်းခြေကြီးကြီးနဲ့ နာကျည်းတတ်သလို၊ အမှတ်သညာရှိရှိ မမေ့လျော့ကြသူ ပြည်သူအများစုကြီးကြောင့်သာ ဖြစ်ပါတယ်။ တော်လှန်ရေးခရီးကို သွေးမအေးပဲ အဆုံးတိုင် ဖြတ်သန်းနိုင်ဖို့အတွက်၊ မမေ့ပျောက်သင့်တဲ့ စိတ်ခံစားမှုများကို ခွန်အားအဖြစ် ပြောင်းလဲနိုင်ကြဖို့လည်း လိုအပ်ပါတယ်။

ဒေါသ၊ အာဃာတ၊ အမုန်းတရားတို့ကို အရင်းခံ စဉ်းစားတာမျိုး မဟုတ်ပေမယ့်၊ ဖက်ဆစ်စစ်အာဏာရှင်များရဲ့ လူမဆန် ရက်စက်ကောက်ကျစ်မှု၊ တရားလက်လွတ် ပြုကျင့်မှုများ ပြည့်လျှံနေတဲ့ ဒီသမိုင်းဖြစ်ရပ်တွေကို မြန်မာ့လူ့ အဖွဲ့အစည်း တည်ရှိနေသရွေ့ ကာလပတ်လုံး မမေ့လျော့စေလိုတဲ့ ဆန္ဒရှိပါတယ်။

ဒီနေ့ဒီအချိန်မှာ မမေ့ကြသေးသလို နောင်တချိန်မှာလည်း နာကျင် နာကြည်းစရာတွေကို မေ့ပျောက်မသွားကြစေဖို့ အရေးကြီးလှပါတယ်။ ဒါမှသာ ဒီနွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ကြသူများအပေါ် တန်ဖိုးထား လေးစားကြရာလည်း ရောက်ပါလိမ့်မယ်။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar