Breaking News

ဆယ်ပေါင်တူ - ဂိမ်းသီအိုရီကို ထိပ်တိုက်ယှဉ်မည့် ကြင်စိုး၏‘ဂိန်’သီအိုရီ

ဆယ်ပေါင်တူ - ဂိမ်းသီအိုရီကို ထိပ်တိုက်ယှဉ်မည့် ကြင်စိုး၏‘ဂိန်’သီအိုရီ

(မိုးမခ) မတ် ၉ ၊ ၂၀၂၄


ကြင်စိုး အတော်လေး အလုပ်ရှုပ်သွားသည်။ အမှန်အတိုင်း ပြောရရင် ကြင်စိုးသာ မဟုတ်၊ ဂိမ်းဆော့နေသော ကြင်စိုး၏ မြေးများပါ အလုပ်ရှုပ်ကုန်သည်၊ ဂိမ်းကစားဖျက်ကြရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အဘိုး ကြင်စိုးသည် ဂိမ်းသီအိုရီ မပြောနှင့်၊ ဂိမ်းဆော့တာကိုပင် ထမင်းစား ရေသောက်လည်း မသိ၊ ကောက်ညှင်းပေါင်းစား ရေနွေးကြမ်းသောက်လည်း မသိသည့်အတွက် သူ့မြေးများကို ဟိုမေး ဒီမေး လုပ်နေရသည့်အတွက် ဖြစ်သည်။

ဆိုင်းဝိုင်းအတွင်း ထိုင်နေသည့်အလား စာအုပ်ပုံကြား စိတ်ရှုပ်လက်ရှုပ်ဖြစ်နေသော ကြင်စိုးတယောက် ဟိုဂိမ်းသီအိုရီ စာအုပ်ဖွင့်လည်း နားမလည်၊ ဒီစာအုပ်လှန်လည်း နားမလည် ဖြစ်နေသည်။ ဒါတောင် မိုးမခထုတ် ဂိမ်းသီအိုရီ စာအုပ်တွေ မှာထားတာက ရောက်မလာသေး၊ ရောက်လာရင်လည်း သူ ဖတ်လို့ နားလည်မည့်ပုံ မပေါ်။

ဘာကို ဆိုလိုသည်မှန်း ကောင်းကောင်းမသိသော်လည်း ကြင်စိုးက ဒါက သူ့ကို စောင်းမြောင်း ပြောဆိုတာဟု ထင်သည်။ ဟိုမိန့်ခွန်း ဒီမိန့်ခွန်း၊ ဟိုအစည်းအဝေး ဒီအစည်းအဝေးဆိုပြီး သူ ခဏခဏထွက်ကာ စကားတွေ အများကြီး ပြောရသည်ကို ထေ့ငေါ့ခြင်းဟု မြင်သည်။ သူကလည်း သူ၊ အဲဒီဂိမ်းသီအိုရီ ဆိုတာကို အခြေခံသဘောလောက်တောင် မသိရှာလေတော့ အခုလို ဆိုရှယ်မီဒီယာပေါ်မှာတင်ပြီး အပြောခံရတာလို့ ခံစားမိသည်။

မဲလုံးကို ခေါ်ပြီး မေးမြန်းတိုင်ပင်တော့လည်း ဘာမှမထူး၊ မဲလုံးလည်း ဘာမှမသိ။ ဆရာ တပည့် နှစ်ယောက် ငူငူ ငေါင်ငေါင်ကြီး စာအုပ်ပုံအလယ်မှာ ထိုင်နေကြရာကနေ မဲလုံး ခေါင်းထဲတခု ပေါ်လာသည်။

‘ဘပု၊ ဒါ ဘပုကို ပြောတာ မဖြစ်နိုင်ဘူး။ ဒါ တမင်အာရုံလွှဲတာဗျ၊ စဉ်းစားကြည့်လေ သူတို့မှာလည်း ကျနော်တို့ ရပ်ကွက်ကသူတွေတင် မကဘူး၊ သူတို့ရပ်ကွက်ကလိုလို ကျနော်တို့ရပ်ကွက်ကလိုလို၊ ဟိုလိုလို ဒီလိုလို လူတွေ ကပါ နေ့နေ့ညည အပြောခံနေရတာ၊ ဟော အခုကြည့်၊ အဲဒီလူတွေအားလုံး ခါတိုင်းလို ဆီလိုအပေါက်ရှာပြီး အရည်မရ အဖတ်မရတွေ ပြောဖို့ သတိမရကြတော့ပဲ ‘ဂိမ်းသီအိုရီ ဂိမ်းသီအိုရီ’ ဆိုတာကြီးနောက်ကိုပဲ လိုက်ပြီး ကွန်းမင့်တွေပေး၊ စာတွေ အချီအချ ရေးကုန်ကြပြီ’

‘အေး ဟုတ်သားပဲ၊ မဲလုံးမင်းတော်တယ်၊ ငါတောင် မစဉ်းစားမိဘူး။ အင်း ဒီအကွက်က လှတယ်ကွ၊ ငါလည်း အတုခိုးရမယ်’

ဟုတ်တော့လည်း ဟုတ်သည်။ ကြင်စိုးအဖြစ်က ပိုလို့တောင် ဆိုးသေးသည်။ သူ့ကို ကလေကဝ ဉာဏ်တိမ်ဉာဏ်မွဲ ချာတူးလန်လို့ ပြည်သူအများစုက သဘောထားကြသည်ဆိုကာမှ သူ၏ အမာခံ ဆိုသူများ၊ အရင်က သူ လုပ်သမျှ မျက်စိမှိတ် ထောက်ခံကြသူများက အခုဆို ရာထူးက ဆင်းခိုင်းနေကြသည်။ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုလာကြသည်။ လူမလေးခွေးမခန့် ဆိုသောစကားက အခုတော့ ကြင်စိုးအတွက် သွေးထွက်အောင် မှန်နေလေပြီ။ ပြည်သူပြည်သား လူအများက မလေးစားကြသလို နောက်လိုက်ငယ်သား ‘စခ’များကလည်း ပမာမခန့် ပြုကုန်ကြပြီ။ ဒီတော့ သူလည်း အပြောအဆိုခံရတာ သက်သာအောင် အာရုံလွှဲဖို့ ကြိုးစားရမည်။

‘ဟေ့ကောင် မဲလုံး၊ သတင်းပြန်ကြားရေး၊ စိတ်ဓာတ်စစ်ဆင်ရေး ဒါတွေအားလုံး မင်းပဲ ကိုင်နေပြီး ငါ့ကိုလည်း ဟိုဘက်ရပ်ကွက်ကလို တခွန်းဆိုတခွန်း ပြောလိုက် ရေးလိုက်တဲ့ စကားလို ဆိုရှယ်မီဒီယာတွေပေါ်မှာ အုတ်အော်သောင်းနင်း ဖြစ်သွားအောင် လုပ်မပေးနိုင်ဘူးလား၊ အာရုံလွဲသွားအောင်လေ’

‘ဒီလို ရှိတယ် ဘပုရဲ့၊ အဲဒီဘက်က ပြောသလိုမျိုး အဘ လိုက်တုပြောနိုင်ဖို့ ဂိမ်းသီအိုရီ၊ ဘာသီအိုရီ၊ ညာသီအိုရီဆို တာကို အဘ နားလည်လို့လား’

ကြင်စိုး ခဏတွေသွားပြီးနောက် ‘ အဲဒါတော့ ငါ ဘယ်သိပါ့မလဲ၊ အခုလည်း ဖတ်ကြည့်နေတာ ပိုတောင်ရှုပ်သွားပြီ၊ မသိလည်း ဘာဖြစ်လဲကွာ၊ ငါ ပြောချင်တာ လျှောက်ပြောတာကို လူကြားထဲ ဟော့သွားအောင်၊ အုံးအုံးကျွက်ကျွက် ဖြစ်သွားအောင် မင်း လုပ်ပေးနိုင်ရမှာပေါ့၊ ဒါ မင်းတာဝန်ပဲ’ဟု ပြန်ပြောလိုက်သည်။

မဲလုံးသည် ‘လဒူတောက လူပေါ’ ဟု ဆိုရမလို ဒေါ်စိန်အေးကျောင်းဆင်းများထဲတွင်တော့ ကလီကမာ လှည့်ပတ် ဇာတ်လမ်းထွင် ပြောဆိုတတ်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ဤရာထူးကို ရထားခြင်း ဖြစ်သည်။ ဘာစာမှ မဖတ်သလို ခေါင်းထဲလည်း ဘာစာပေ ဘာဗဟုသုတမှမရှိမှာ သေချာသည့် ကြင်စိုးအတွက် ဟိုသီအိုရီ ဒီသီအိုရီတို့အကြောင်း ခပ်တည်တည် ကိုးကားပြောဆိုခိုင်းဖို့ မဖြစ်နိုင်မှန်း သူ သိသည်။ ထို့ကြောင့် ဖြတ်ထိုးဉာဏ်ဖြင့် သူ စဉ်းစားလိုက်သည်။

‘ဒီလိုလုပ်ကြရအောင်၊ သူများ ရေးထားတာတွေ မှီငြမ်းပြောဆိုမယ့်အစား ဘပုကိုယ်တိုင် ဖော်ထုတ်ထားတဲ့ သီအိုရီသစ်တခုကို စာအုပ်ရေးပြီး ပြောကြဆိုကြမယ်။ ဒါဆိုရင် ဘပုကို ခေသူမဟုတ်ပါလား ဆိုပြီး လူလည်း ပိုရှိန်သွားကြလိမ့်မယ်’

‘ပြီးတော့ ဖေစ့်ဘွတ်ပေါ် ကောက်တင်လိုက်ရင် ကွန်းမင့်မျိုးစုံ နောက်က လိုက်ရေးကြ၊ ပွဲဆူသွားကြရာကနေ ဘပုကို ကလော်တုတ်ကြဖို့ မေ့သွားကြလိမ့်မယ်၊ အာရုံတွေ လွဲကုန်ကြလိမ့်မယ်၊ နောက်ပြီး ပေါ်တာဆွဲတာ၊ ချွေး တပ်ဆွဲတာထဲ မပါချင်ရင် ဒီစာအုပ်ဆောင်ထားကြ ဆိုပြီး လူစေ့အိမ်စေ့ လိုက်ရောင်းကြမယ်၊ မကောင်းဘူးလား’

လူလည်း စကော်လာလိုလို ဘာလိုလို ဖြစ်သွား၊ ငွေလည်းရ၊ အဆူအဆဲလည်း လျော့သွားကြ ဆိုတာကို တွေးပြီး မဲလုံးကို လက်သပ်မွေးရကျိုး နပ်ပေသည်ဟု ကြင်စိုး တွေးလိုက်သည်။ ဖမ်းထည့်ထားသည့် ပြန်ဝန်ဟောင်းမှသာ စာရေးတတ်သည် မဟုတ်၊ သူလည်း အခု စာရေးဆရာဖြစ်တော့မည်။ ဒီအကြံက နောက်ကျသွားခဲ့ပေလို့သာ၊ အရင်အစိုးရလက်ထက်မှာသာ လုပ်ဖြစ်ခဲ့ပါက ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ အကန်တော့ခံ စာရင်းထဲမှာတောင် သူ ပါသွားနိုင်သည်။

‘မြန်မြန်တော့လုပ်ကွ၊ တမြို့ပြီးတမြို့ လက်လွှတ်နေရတော့ စာအုပ်လိုက်ရောင်းစရာ သိပ်မကျန်တော့ဘဲ နေလိမ့် မယ်’ 

ကလိမ်စေ့ငြမ်းဆင်ရာတွင် သူမတူဟု ဆိုနိုင်သည့် မဲလုံး ကြင်စိုးနှင့်လိုက်ဖက်မည့် သီအိုရီ ကြာကြာမစဉ်းစားလိုက်ရ။ 

‘ကျနော် အကြံရပြီ၊ ကိုယ်နဲ့တန်တန် မတန်တန် ဘပုက အာဏာဆိုလည်း ရအောင်ယူလိုက်တာပဲ၊ နိုင်ငံပိုင်အိမ်၊ မြေ၊ စီးပွားရေး၊ တင်ဒါတွေလည်း မလွတ်ဘူး၊ ရအောင်ယူတယ်။ ကုန်ကုန်ပြောရရင် ကိုယ့်အတွက် ရှင်တုန်း မိသားစုလိုက် ကျွန်ခံကြတဲ့သူတွေ သေသွားကြလည်း အသက်အာမခံကအစ ပေးစရာတွေ မပေးရလေအောင် ဟိုအထောက်အထားပြ ဒီအထောက်အထားပြဆိုပြီး ခက်ခဲအောင် ကတ်သတ်လုပ်၊ ပြီးတော့ ကိုယ့်အိတ်ကပ်ထဲကိုပဲ ရအောင်ပြန်ထည့်ယူ၊ အဲဒီလို သူမတူအောင် ရအောင်ယူတတ်လေတော့ ‘ကြင်စိုး၏ GAIN THEORY’ ဆိုပြီး စာ အုပ် ထုတ်လိုက်မယ်လေ’

ကြင်စိုးက မဲလုံးမျက်နှာကို တအံ့တဩကြည့်မိသည်။ သူ မတွေးမိသည်ကို ရှာကြံစဉ်းစားပြီး ဂိမ်းသီအိုရီနှင့် အပြိုင်၊ ကိုယ်ပိုင်သီအိုရီ ထွက်ရှိလာမည်ဆိုတော့ ဟိုဘက်ရပ်ကွက်ကထက်တောင် အပုံကြီး ပိုသာသွားတော့မည်။ ရာထူးက ထွက်ခိုင်းနေသူများလည်း အသံတိတ်သွားမည်။ ရွှေကိုကိုင်ရင်တောင် ချီးဖြစ်တဲ့ သုံးစားလို့ မရတဲ့သူ ဆိုပြီး သူ့ကိုပြောနေကြသူများလည်း နည်းနည်းတော့ ဟန့်သွားပေလိမ့်မည်။

မဲလုံးက စာအုပ်တွင်သုံးရန် ကြင်စိုးဓာတ်ပုံများကို ရွေးချယ်ထားဖို့ ပြောသည်။

‘တရုတ်နှစ်ကူးတုန်းက ပုဝါအနီနဲ့ပုံတော့ ပါရမယ်ကွ၊ အနီတွေဘက်ကို မဲဆွယ်ကြည့်တာပေါ့ကွာ၊ သူတို့များ သဘောကျပြီး စာအုပ်ဝယ်ချင်စိတ် ပေါ်လာမလားလို့’

‘ဟုတ်အဘ’ဟု မဲလုံးပြန်ပြောရင်း ကျနော်တခု ထပ်စဉ်းစားနေတာလို့ အစချီလိုက်သည်။

‘သီအိုရီအသစ်ကို ချပြတာဆိုတော့ ပညာရှင်ဆန်အောင် ဩစီက ဂုဏ်ထူးဆောင် ဘွဲ့ကြီးကြီးတခု အဘအတွက် လှမ်းယူပေးရရင် ကောင်းမလားလို့’

‘မဲလုံးရ၊ ဩစီကဘွဲ့ဆိုတော့ ရဖို့လွယ်ပါ့မလားကွ’

‘အဆောက်အဦး ခံ့ခံ့ညားညား ကျောင်းဝန်းကျယ် ကင်းပတ်စ်ကြီးတွေနဲ့ နိုင်ငံတကာအသိအမှတ်ပြု ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေကတော့ ဘယ်ဟုတ်နိုင်ပါ့မလဲ၊ ကျနော် ပြောတဲ့ဆီကတော့ ရဖို့လွယ်ပါတယ်၊ သူတို့က ဂုဏ်ထူးဆောင် လမ်းဘေး ကြက်တိုက် ဖဲရိုက် အရက်ပုန်းချက်တာက အစ၊ လကမ္ဘာပေါ်မှာ သက်ရှိ သက်မဲ့ ရှာဖွေတာအထိ ကြုံသလို ကြံဖန်ဘွဲ့တွေ ပေးချင်သလို ပေးလို့ရတယ်။

‘ဟ ၊ မင်းဟာက မဟုတ်သေးပါဘူး၊ ဘွဲ့ပေးတယ် ဆိုတဲ့သူကရော ဘယ်တက္ကသိုလ်က ဘွဲ့ကို ရထားတာလဲ၊ အဲဒီဘွဲ့ကို ဘယ်တက္ကသိုလ်က ပေးခဲ့တယ်ဆိုတာက ပိုပြီးတောင် အရေးကြီးသေးတယ်’

‘ဒါဆိုရင်တော့ မဖြစ်ဘူးနဲ့ တူတယ်၊ သူ့ရှေ့က ‘ဒီအာရ်’ဆိုတာကြီးက ဂုဏ်သိက္ခာ ထည်ထည်ဝါဝါရှိတဲ့ ယူနီဗာစတီမျိုးက ရတာမဟုတ်ဘဲ ဘယ်သူမှ မကြားဖူးတဲ့ ချောင်ဂလောင်နေရာတခုခုကပဲ ဖြစ်မှာသေချာတယ်၊ အင်း၊ ရှက်တတ်တဲ့သူတွေကတော့ တကယ့်ထိပ်တန်း အမှန်အကန် တက္ကသိုလ်အစစ်တွေက ဘွဲ့အစစ်အမှန်ရတဲ့ ပညာရှင်တွေကြား ရောက်သွားရင်၊ သူတို့ရတယ်ဆိုတဲ့ ပေါပေါပဲပဲဟာတွေအကြောင်း လေသံလေးနဲ့တောင် မဟရဲရှာကြဘူးလို့ ကြားဖူးတယ်’

‘ဒါကလည်း အရှက်ရှိမှပါကွာ၊ အရှက်မရှိတဲ့သူတွေ အချင်းချင်းပေါင်းပြီး မသိနားမလည်တဲ့သူတွေအပေါ် လှည့်ပတ်နှပ်ချ လူပေါ်လူဇော် လုပ်ကြမယ့် လူရှုပ်အုပ်စုတွေပဲ ဖြစ်လိမ့်မယ်။ ငါတို့နဲ့တောင် ခပ်ဆင်ဆင်။ တော်ပြီ တော်ပြီ၊ ထားလိုက်တော့၊ ကြည့်ရတာ ငါ ရုရှားက ရခဲ့တဲ့ ဟယ်ရီပေါ်တာ ဝတ်စုံနဲ့ဟာကမှ ပိုအဆင့်မြင့်တဲ့ ပုံပေါက်နေသေးတယ်’

ဘာပဲဖြစ်ဖြစ် အခုလို မဲလုံးတယောက် သူ့အတွက် စိတ်ဝင်တစား စဉ်းစားကြံဆပေးတာကိုတော့ သူ ချီးမွမ်းမိသည်။ အခုအချိန်မှာ သူ့နံဘေးတွင် မဲလုံးလိုလူမျိုးက လက်ချိုးရေတွက်လို့ပင် ရသည်။ နောက်ကျော ဓားနှင့် ထိုးလိုသူများ၊ လစ်များလစ်ရင် ကျည်ကာလွတ်နေသည့် ခေါင်းကို ချိန်ရွယ်ပစ်လိုသူများက အပုံအပင်။ အခုတော့ ခေတ်ကိုပြောင်းအောင် ခေါင်းကို အပစ်ခံရတော့မည် ထင်သည်။ မသင့်တော်သော်လည်း နေ့ရောညပါ ကျည်ကာ သံခမောက်ကြီး ဆောင်းပြီး နေချင်စိတ်က ပေါ်လို့နေသည်။

‘မဲလုံး မင်းလိုချင်တဲ့ ဘွဲ့တံဆိပ် စဉ်းစားထားကွာ၊ နောက်တခေါက်ကျရင် ငါ မင်းကိုပေးမယ်’ဟု ပြောလိုက်သည်။ ပြောပြီးမှ ‘အင်း ငါမပြုတ်သေး၊ မသေသေး၊ မပြေးရသေးရင်ပေါ့’ဟုလည်း စိတ်ထဲက ကျိတ်ရေရွတ်မိသည်။ ‘မင်း ရေးတဲ့အခါ အင်္ဂလိပ်သံ အင်္ဂလိပ်ဟန် မပေါက်စေနဲ့ ၊ မြန်မာဆန်ဆန် မြန်မာသံပေါက်ပါစေ’ လို့လည်း မျိုးချစ်စိတ် အင်မတန်ကြီးသူဟု ထင်သွားရလေအောင် ထပ်မှာကြားလိုက်သည်။

‘စိတ်ချပါ အဘ၊ မြန်စာစာ၊ မြန်မာသံ ပီပီသသ ဖြစ်ရပါစေ့မယ်’ဟု မဲလုံး ပြန်ပြောသည်။

ဤသို့ဖြင့် မဲလုံးနှင့် သူ၏သတင်းနှင့် ပြန်ကြား‌ရေးဝန်ကြီးဌာန၏ လီဆယ်လုပ်ကြံ အားထုတ်မှုကြောင့် ကြင်စိုး ရုံးခန်းစားပွဲပေါ် ကာတွန်းလိုလို ရုပ်ပြလိုလိုအရွယ်၊ စာအုပ်ခပ်ပါးပါးတအုပ် ရောက်ရှိလာလေတော့သည်။

‘သူခိုး မဟာကလေကချေလဒူ သူခိုးလစိပုကွကွ’ဟု ပြည်သူများ ခေါ်ဆိုကြသည့် ဘွဲ့ထူးဂုဏ်ထူး တသီတတန်းဖြင့် အစချီထားသော ကြင်စိုး၏အမည်နှင့် စာအုပ်ကို ရွှေရောင်စာလုံး၊ ကြွေရောင်စာရွက်များဖြင့် ခံ့ခံ့ညားညား ရေးသား ပုံနှိပ်ထားသည်။ သူ၏ကလောင်အမည်မှစ၍ စာတလုံးချင်း အရသာခံပြီး တဖြည်းဖြည်းချင်း ဖတ်နေသော ကြင်စိုးသည် စာအုပ်ခေါင်းစဉ်နေရာ အရောက်တွင် ရုတ်တရက်တန့်သွားကာ မျက်မှောင်ကုတ်ပြီး နောက်တကျော့ ပြန်ဖတ်လိုက်သည်။ ပြီးမှ မဲလုံးဘက်ကို လှည့်ကြည့်ပြီး—

‘မင်း စာအုပ်နာမည်ကို ဘယ်လို ရေးထားတာလဲ၊ မင်းကိုယ်တိုင် အသံထွက်ဖတ်ကြည့်စမ်း’ ဟု ဘဝင်မကျဟန်ဖြင့် မေးသည်။

မဲလုံး ချောင်းတချက်ဟန့်လိုက်ကာ အသံထွက် ဖတ်လိုက်သည်။ဘာညာသရကာ ဘွဲ့နံမည်များကို ရွတ်ပြီးနောက် သူ ဆက်ဖတ်လိုက်သည်က ‘ကြင်စိုး၏ ဂိန်သီအိုရီ’ ဟူ၍ပင်။ အင်္ဂလိပ်သံမပေါက်စေနှင့် ဆိုတော့လည်း အသံထွက်ကို မြန်မာသံနှင့် အတတ်နိုင်ဆုံး နီးနီးစပ်စပ် ပြန်ဆိုရေးသားထားကြရ၍ ဖြစ်သည်။

‘ဘပုပဲ မြန်မာသံပေါက်စေရမယ်ဆို’ဟုပြောလိုက်သည့် မဲလုံး၏စကားကို ကြင်စိုး အလိုမကျ။ သူက ‘ဂိန်’ ဆို သည်ကို လုံးဝ သဘောမကျ။ သို့သော် မြန်မာစာ မြန်မာသံတွင် ‘ဂိန်း’ ဆိုသည်က မရှိ၊ ထို့ကြောင့် ‘ဂိန်းသီအိုရီ’ ဟု  ရေး၍မရ။ ‘ဂိမန္တာ’လို ‘ဂိန်’ဆိုသည့် သံနေသံထားဖြင့်သာ အနီးစပ်ဆုံး အသံထွက်ပြီး ရေးသားနိုင်သည်။ သူ မှာထားသလို အင်္ဂလိပ်သံမပေါက်ဘဲ မြန်မာအသံထွက်နှင့် တတ်နိုင်သမျှ နီးကပ်အောင် ကြိုးစားရေးထားခြင်းပင် ဖြစ်သည်။

’ဂိန်’ဆိုသည်က ကြင်စိုးရင်ကို ဆို့နင့်သွားစေသည်။ နဂိုကပင် ပြည်သူများက သူတို့ကို ‘ဂိန်မျိုးဂိန်နွယ်’ အမည် စာရင်းသွင်းထားကြပြီး၊ သူ့တပ်သည်လည်း သူ့လက်ထက်တွင်  ’ဂိန်’တပ်ကြီးဖြစ်သွားသည့်နောက် ဤစာအုပ်သာ ထွက်ရှိလာပါက တတိုင်းပြည်လုံး၏ လှောင်ပြောင်မှုကို ခံရပေဦးမည်။

သို့သော် ဘာမျှမတတ်နိုင်တော့။ စာအုပ်များကလည်း ဖြန့်ဖို့အသင့်၊ ကလော်ဆဲနေကြသူများ အာရုံလွဲစေဖို့၊ မြို့ လက်ကျန်တွေလည်း အခုထက်ပိုနည်းမသွားခင်၊ ရှိသမျှ မြို့များအနှံ့ အတင်းအကျပ် စာအုပ်လိုက်ရောင်းနိုင်ဖို့လည်း လိုအပ်သည့်အတွက် ‘ကြင်စိုး၏ဂိန်သီအိုရီ’ကို ဒီအတိုင်း မြန်မြန်ဆန်ဆန်သာ ဖြန့်ချီ‌ရောင်းချ လိုက်ဖို့သာ ရှိတော့သည်။

ဤသို့ဖြင့် မျှော်မျှော် မမျှော်မျှော် ‘ဂိန်သီအိုရီ’က တားမနိုင်ဆီးမရ ထွက်ချလာပါတော့မည်။ ကြင်စိုး မျှော်လင့်ထားသလို အာရုံလွဲကြကာ သူ့အပေါ် အဆူအဆဲများ လျော့နည်းသွားလေမလား၊ ဒါမှမဟုတ် ထုံးစံအတိုင်း မှန်း ချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ပြန်လေဦးမလား ဆိုသည်ကိုတော့ စောင့်ကြည့်ကြရပေဦးမည်။ နုကြည်လူကြီးမင်းများကိုလည်း ဟိုသီအိုရီ ဒီသီအိုရီများအကြောင်း ထပ်မပြောမိကြစေဖို့ မေတ္တာရပ်ခံလိုပါသည်။ သို့မဟုတ်ပါက ကြင်စိုးကလည်း သူ၏တန်ပြန်သီအိုရီ စာအုပ်များ ထပ်ကာထပ်ကာ ရိုက်ထုတ်ပြီး စားဝတ်နေရေး ကျပ်တည်းနေပါသော ပြည်သူများအပေါ် မငဲ့မညှာပဲ၊ အတင်းအကျပ် မဝယ်မနေရဆိုကာ စာအုပ်များ ထပ်မံရောင်းချလာမည့် အန္တရာယ်ကို တွေးပူနေမိသည့်အတွက်ကြောင့်  ဖြစ်ပါသည်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar