Breaking News

ကချင်၊ ကရင်နဲ့ ရခိုင် စစ်မြေပြင်တွေမှာ တိုက်ပွဲပြင်းထန်

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၈ မြင်ကွင်း

(မိုးမခ) မတ် ၉၊ ၂၀၂၄


ကချင်၊ ကရင်နဲ့ ရခိုင် စစ်မြေပြင်တွေမှာ တိုက်ပွဲပြင်းထန် 

မတ်လ ၇ ရက်နေ့မှာ နေရာအများအပြားတပြိုင်နက် စတင်တိုက်ခိုက်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ထိုးစစ်က စခန်းငယ်တွေနဲ့ စစ်အခြေစိုက်စခန်းတွေ သိမ်းယူရရှိနေတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ ကချင်ပြည်နယ် အောက်ဘက် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ဗန်းမော်၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်မှာရှိတဲ့ စစ်စခန်းတွေကို အဓိက ထားတိုက်ခိုက်နေတာ ဖြစ်ပြီး မြစ်ကြီးနားနဲ့ သိပ်မဝေးလှတဲ့ ဝိုင်းမော်မြို့နယ်ထဲက နေရာအချို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ပထမဆုံး တိုက်ခိုက်တဲ့နေ့မှာပဲ ဝိုင်းမော်မြို့က လီဆူ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း စီးနင်းလာတဲ့ကားကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အခြား ၄ ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ခါရာဘွမ် လို့ခေါ်တဲ့ ခါရာတောင်ကုန်း စခန်းကို KIA က ပြန်ရရှိဖို့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ လည်း သတင်းတွေထဲ ဖော်ပြထားပါတယ်။ အခု မတ်လ ၇ ရက်နေ့မှာ စတင်တဲ့ KIA ရဲ့ စစ်ဆင်ရေးကို ကြည့်ရင် မြို့တွေကို သိမ်းယူဖို့ ပစ်မှတ်ထားတာမဟုတ်ဘဲ စစ်ရေးအရ အချက်အချာကျတဲ့ စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ သဘောလည်း ဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ စစ်စခန်းတွေမကျရေးအတွက် လေကြောင်းက တိုက်ခိုက်မှုအကူအညီနဲ့ အခြေစိုက်စခန်းတွေက အမြောက်လက်နက်ကြီးတွေရဲ့ အားကို ယူပြီး ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

ဒီစစ်ဆင်ရေးဟာ ရှမ်းမြောက်ဒေသတွေမှာ TNLA, MNDAA, AA တို့နဲ့ အပစ်ရပ် သဘောတူညီမှု ရရှိပြီး အနည်းငယ် အနားရကာ အင်အားပြန်စုစည်းဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီကို အနားမပေးဖို့ နဲ့ ကချင်ပြည်နယ်က စစ်ရေးအခြေစိုက်စခန်းတွေ ရယူနိုင်ဖို့ ရည်မှန်းချက်နဲ့ KIA က တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ KIA ရဲ့ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့ကိုလည်း စစ်ကောင်စီက သတ်သတ်မှတ်မှတ် ရွေးချယ်ထားတဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့ သတင်းတွေလည်း ပေါ်ထွက်နေတာပါ။ စစ်ကောင်စီဘက်က ဝါဒဖြန့်နေတဲ့ တယ်လီဂရန်တွေမှာKIA ခေါင်းဆောင် အင်ဘန်လ ရဲ့ နေအိမ်နဲ့ ရုံးလို့ ဆိုတဲ့ အဆောက်အဦ ၂ လုံးကို လေကြောင်းက တိုက်ခိုက်ခံထားရတယ်ဆိုတဲ့ သတင်းဓာတ်ပုံတွေ ဖြန့်ဝေထားတာ တွေ့ရပါတယ်။ 

တရုတ်နိုင်ငံ နယ်စပ်မျဥ်းနဲ့ထိစပ်နေတဲ့ နေရာမှာ မြို့တည်ထားတဲ့ လိုင်ဇာကို လေကြောင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီအနေနဲ့ တဖက်နိုင်ငံ လေပိုင်နက်ထဲ ဝင်ရောက်သွားတာမျိုး မဖြစ်ဖို့နဲ့ လက်နက်ကျည် မကျအောင် သတိထားရမယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ သို့ပေမဲ့ ယမန်နေ့ကတော့ လက်နက်ကြီးကျည် ၂ လုံး တရုတ်နိုင်ငံဘက်အခြမ်းကို ကျရောက်ခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံဘက်က ကန့်ကွက်တာ ပြောဆိုတာတော့ မတွေ့ရသေးပါဘူး။ 

KIA က အခုစစ်ဆင်ရေးကို စတင်ရာမှာ လူနေမြို့တွေထက် စစ်စခန်းတွေကို အဓိကထားတိုက်ခိုက်တာ ဖြစ်ပါတယ်။ မြစ်ကြီးနား ဗန်းမော်ကားလမ်းတလျှောက် လိုင်ဇာကို သွားတဲ့လမ်း စတဲ့ဒေသတွေက စစ်ကောင်စီရဲ့ စစ်စခန်းတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာ ဖြစ်ပြီး ရှမ်းမြောက်က ညီနောင် ၃ ဖွဲ့ စစ်ဆင်ရေးနဲ့ ကွဲပြားတဲ့ ဗျူဟာနဲ့ တိုက်ခိုက်နေတဲ့ သဘောလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ 

KIA အနေနဲ့ နယ်မြေအားဖြင့် ကျယ်ပြန့်တဲ့ ကချင်ပြည်နယ် တခုလုံးကို ထိန်းချုပ်နိုင်ဖို့ ဆိုတာမျိုးတော့ ခုချိန်မှာ ရည်ရွယ်ထားမှာ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။ KIA အနေနဲ့ ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း အခုစစ်ဆင်ရေးဟာ မဟာဗျူဟာကျတဲ့ စစ်ဆင်ရေး တခုလို့ ကောက်ချက်ချနိုင်ပြီး ဒီစစ်ဆင်ရေးကနေ ဘယ်လို စစ်ရေးရလဒ်တွေ ရလာမလဲဆိုတာတော့ လာမယ့် သီတင်းပတ်အနည်းငယ် လအနည်းငယ်အတွင်း မှန်းဆ နိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ကချင်ပြည်နယ်မှာ KIA နဲ့ စစ်ကောင်စီ အပြင်းအထန် တိုက်ခိုက်နေစဥ်မှာပဲ ရခိုင်ပြည်နယ်မှာလည်း ပုဏ္ဏားကျွန်းမြို့ ကို AA အဖွဲ့က သိမ်းယူလိုက်ပြီးနောက်မှာ မိုင် ၂၀ ခန့်သာကွာဝေးတဲ့ ပြည်နယ်မြို့တော် စစ်တွေမြို့ လည်း AA  က တိုက်ခိုက်လာမယ့် အနေအထား ရောက်နေတဲ့ သဘောဖြစ်ပါတယ်။ စစ်တွေမြို့ မှာရှိတဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့ရုံးတွေ ၊ ဝန်ထမ်းတွေ မြို့ကနေ ရွှေ့ပြောင်းသွားကြသလို မြို့ခံအချို့လည်း ရခိုင်ပြည်နယ်ကနေ လေကြောင်းနဲ့ ထွက်ခွာနေကြတယ်လို့ သတင်းတွေထဲမှာ တွေ့နေရပါတယ်။ 

အခုလို စစ်တွေကနေ ရန်ကုန်နဲ့ ရခိုင်ပြည်နယ် အခြားမြို့တွေဆီ ထွက်ခွာကြတဲ့ သူတွေရှိသလိုပဲ ရန်ကုန်ကနေ ရခိုင်ပြည်နယ် ပြန်ကြမယ့် ရခိုင်လူငယ်တွေကိုတော့ စစ်ကောင်စီက AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ဆောင်နေတဲ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ သံတွဲ၊ ကျောက်ဖြူ မြို့တွေဆီ ပြန်ကြမယ့် ရခိုင်ဒေသခံတွေထဲက လူငယ်တွေကို စစ်ကောင်စီက လေဆိပ်ကနေ ဖမ်းဆီးထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ပြည်မမှာ အလုပ်လာရောက်လုပ်ကိုင်နေကြတဲ့ လူငယ်တွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ မိဘ ဆွေမျိုးသားချင်းတွေဆီ ပြန်ကြဖို့ အကြောင်းပေါ်လာတာမျိုး၊ အလုပ်အကိုင် နားလိုက်တဲ့အခါမျိုးမှာ ဇာတိမြို့ကို ပြန်ကြမယ့် အခြေအနေမှာ စစ်ကောင်စီဘက်က AA ကို အင်အားဖြည့်တင်းဖို့ ရခိုင်ပြည်နယ်ကို ပြန်ကြတာလို့ ယူဆပြီး ဖမ်းဆီးထိန်းသိမ်းတဲ့ အနေအထားဖြစ်လိမ့်မယ်လို့ မှန်းဆကြည့်ရပါတယ်။ ရခိုင်ပြည်နယ်က စစ်ဌာနချုပ်ရှိရာ အမ်းမြို့ နဲ့ မြို့တော် စစ်တွေတို့ဟာ AA အဖွဲ့အဖို့ အခြားသော ရခိုင်တောင်ပိုင်းက မြို့တွေထက် ဗျူဟာအရ အရေးပါတဲ့ မြို့ဖြစ်ကောင်း ဖြစ်လိမ့်မယ်လို့လည်း မှန်းဆရပါတယ်။ 

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စစ်ရေး တိုက်ပွဲသတင်းတွေအပြီး နောက်စစ်မျက်နှာတခုက ကရင်ပြည်နယ် မြဝတီမြို့အနီးက သင်္ဃန်းညီနောင် ကျေးရွာအနီးက စစ်ကောင်စီတပ်ရင်းကို KNU နဲ့ အခြားသော လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေက ခုရက်ပိုင်းအတွင်း တိုက်ခိုက်နေတဲ့ သတင်းတွေ သတင်းမီဒီယာတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ သင်္ဃန်းညီနောင် ကျေးရွာဟာ ဖားအံ-ကော့ကရိတ်- မြဝတီကားလမ်းပေါ်မှာ ရှိပြီး မြဝတီမြို့နဲ့ မိုင်အနည်းငယ်သာ ကွာဝေးတဲ့ ကျေးရွာဖြစ်ပြီး ဒေါနတောင်တန်း ကနေ မြဝတီကို ဆင်းခါစနေရာမှာရှိကာ နယ်စပ်ကုန်သွယ်ရေးရဲ့ အကောက်ဂိတ်စခန်းနေရာလို ဖြစ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ သင်္ဃန်းညီနောင် ကျေးရွာအနီး စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း တခုမက ရှိပြီး ဗျူဟာကုန်းလည်း တည်ရှိတာမို့လို့ ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပထမဆုံးအနေနဲ့ ခြေမြန်တပ်ရင်း အမှတ် ၃၅၅ ကို တိုက်ခိုက်နေတာလို့ သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက ကော့ကရိတ်မြို့နဲ့မြို့အနီးက စစ်ကောင်စီ တပ်ရင်းတွေကို ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ ဖြစ်သလို ခုချိန်ထိတော့ တမြို့လုံးကို သိမ်းယူနိုင်ခြင်းမရှိသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ပြည်နယ် ၇ ခုရှိတဲ့အနက် မွန်ပြည်နယ် ဒေသအချို့ကလွဲရင် ကျန်တဲ့ ပြည်နယ်တွေ အားလုံးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း များစွာရဲ့ ခုခံတိုက်ခိုက်မှု၊ ထိုးစစ်၊ နယ်မြေသိမ်းယူမှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပြီး ၃ နှစ်တာအတွင်း သိသာတဲ့ နယ်မြေဆုံးရှုံးမှုတွေကို ပြီးခဲ့တဲ့ ၅ လ တာကာလအတွင်း ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar