Breaking News

မင်းငြိမ်းအေး - အင်းလျား

Image- Credit
အင်းလျား
မင်းငြိမ်းအေး
(မိုးမခ) မတ် ၁၄၊ ၂၀၂၄

အဖြစ်မှန်က
ကန်ရေထဲကလှိုင်းကြပ်ခွပ်တို့နဲ့
လှုပ်ရှားသက်ငြိမ်ခဲ့ ။

သွေးရဲ့သဘောက
ကျက်သွားတဲ့ဒဏ်ရာလေးမှ
တစိမ့်စိမ့်၊ နာကျည်းလို့
အနာဖေးခွာစရာမလိုဘူး
ကန်ဘောင်ရဲ့အမာရွတ်က
အခိုက်ကာလက၊ သွေးစိမ်းရှင်ရှင်တွေအတွက်
နာလို့ ၊ အနာလို့ မြည်တမ်းရင်း
စိတ်ကို
ဘယ်တော့မှဆေးမသိပ်တော့ဘူး ။

လိုချင်တဲ့အခွင့်အတွက်
မတူတဲ့သွေးလည်းသွင်းရမယ်
ကျောင်းသူတွေရဲ့ဆံနွယ်က
ရေမှော်ပင်အဖြစ်
ကန်ထဲမှာနစ်လို့
အနှစ် (၂၀ )ကျော်ခဲ့ ပြီ
အရင်တုန်းကအတိုင်း
ချစ်သူတို့ရဲ့ ကြားမှာ
အဆင်ပြေမဲ့ခေတ်ကို
ကန်ဘောင်ပေါ်မှာရှာမရခဲ့ဘူး ။

တက္ကသိုလ်ရဲ့မော်ကွန်းတိုက်မှာ
ကိုဖုန်းမော်ရဲ့ဒဏ်ရာက
သူ့ခေတ်ရဲ့စနစ်ကို
မပြင်ဆင်နိုင်တော့ဘူးလား
ကျောင်းသားနဲ့နိုင်ငံရေးဟာ
မမျှတတဲ့စနစ်နဲ့
မတရားတဲ့အဖိအနှိပ်ရှိနေသမျှ
အနီရောင်ထဲက
ခွပ်ဒေါင်းကို
ဘယ်တော့မှဆွဲမနုပ်ဘူး ။

ခုံတန်းလျားတစ်ခုပေါ်
အင်လျားဟာ
သူ့အတိတ်ကိုခြေစုံချလို့
ဖုန်းမော်ဝင်စားတဲ့လေညင်းက
ကန်ရေပြင်ကဖြတ်လျှောက်လာတယ်
နှစ်ယောက်ဆုံမိဟန်မတူဘူး
လေထဲမှာ
မတရားမှုရဲ့အနံ့က
မကျွတ်မလွတ်ဖြစ်လို့ ။     ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar