Breaking News

ရှမ်းမြောက်က တရုတ်နယ်စပ် ဂိတ်အချို့ပြန်ဖွင့်၊ မြဝတီမြို့အနီးတဝိုက်က ပြင်းထန်တဲ့ တိုက်ပွဲတွေ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁၂ မြင်ကွင်း

(မိုးမခ) မတ် ၁၃၊ ၂၀၂၄

ရှမ်းမြောက်က တရုတ်နယ်စပ် ဂိတ်အချို့ပြန်ဖွင့်၊ မြဝတီမြို့အနီးတဝိုက်က ပြင်းထန်တဲ့ တိုက်ပွဲတွေ

စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် ၄ လခွဲကြာမြင့်လာချိန်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ တရုတ်- မြန်မာနှစ်နိုင်ငံ နယ်နိမိတ်ဧရိယာက နယ်စပ်ဂိတ်တချို့  ခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီလို့ သတင်းတွေ ပေါ်ထွက်လာပါတယ်။ မူဆယ်အနီးက ကျင်စန်းကျော့ နယ်စပ်ဂိတ်နဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ချင်းရွှေဟော်နယ်စပ်ဂိတ်တို့ မတ်လ ၁၁ ရက်နေ့မှာ တရားဝင်ပြန်ဖွင့်ခဲ့တဲ့ သဘောဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးတော့ လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ လူကူးသန်းခွင့် အနေနဲ့ စတင်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ကိုးကန့်ဒေသကို ထိန်းချုပ်ထားတဲ့ MNDAA အဖွဲ့ရဲ့ ပြောခွင့်ရသူက အခုလို နယ်စပ်ဂိတ် ၂ နေရာ ပြန်ဖွင့်တာကို အတည်ပြုပေမယ့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဘယ်လို သဘောတူညီချက်တွေ နဲ့ ပြန်ဖွင့်တာလဲ ဆိုတဲ့အသေးစိတ် အနေအထားတွေကို ထုတ်ဖေါ်ပြောဆိုတာမျိုးတော့ မရှိပါဘူး။ မတ်လ ၁ ရက်ကနေ ၃ ရက်နေ့ထိ ယူနန်ပြည်နယ် ကွန်မင်းမြို့မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီကိုယ်စားလှယ်နဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ကိုယ်စားလှယ်တွေ အကြားသဘောတူညီချက်တွေအပေါ် အခြေခံပြီး ဖွင့်လှစ်တာလား ဆိုတာလည်း တိတိကျကျ မသိရှိရသေးပါဘူး။ မတ်လ ၁ ရက်ကနေ ၃ ရက်နေ့ထိ ဆွေးနွေးပွဲပြီးနောက် ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ဖို့နဲ့ ရရှိတဲ့ အခွန်အကောက် အပေါ် ခွဲဝေမှု ရာနှုန်း ၇၀ အချိုး ၃၀ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ဆုံး သဘောတူညီမှုနဲ့ ပတ်သက်လို့ အပစ်ရပ်စဲမှု ဆက်လက်သဘောတူတာကလွဲပြီး အသေးစိတ်အချက်အလက်တွေကို ၂ ဖက်စလုံးက ထုတ်ဖေါ်ပြောဆိုခြင်းမပြုဖို့ သဘောတူညီထားကြတယ်လို့ ဆိုတာကြောင့် သဘောတူညီချက်ပါ အသေးစိတ်အချက်အလက်တွေကို မသိရှိနိုင်ကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လတ်တလော အနေအထားမှာ မန္တလေး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ လားရှိုးကနေ သိန္နီ ပြည်ထောင်စု လမ်းတလျှောက် လက်နက်ကိုင် တပ်တွေရှိနေကြတဲ့ အပေါ် သဘောတူညီမှု ဘယ်လိုရှိသလဲ ဆိုတာမသိရှိရသလို ဖျက်ဆီးခံထားရတဲ့ တံတားတွေလည်း ရှိတာကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် မူဆယ် ဖြစ်စေ ချင်းရွှေဟော်ဖြစ်စေ ဖွင့်လှစ်နိုင်မယ့် အနေအထားမရှိသေးတာ တွေ့ရမှာဖြစ်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့တော့ နယ်စပ်ကုန်သွယ်ရေးက တရုတ်နိုင်ငံတခုလုံးရဲ့ အနေနဲ့ ကြည့်ရင် အရေးထားစရာ ပမာဏ မဟုတ်ပေမယ့်၊ ယူနန်ပြည်နယ် အနေနဲ့ ကြည့်ရင်တော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ အရေးပါတဲ့ သဘောလို့ဆိုနိုင်ပါလိမ့်မယ်။ 

ရန်ဘက်ဖြစ်နေတဲ့ လက်နက်ကိုင် တပ်တွေအကြား ဖြတ်သန်းပြီး ကုန်သွယ်ရေးက အကြောင်းတခုခုကြောင့် အချိန်မရွေး ရပ်ဆိုင်းသွားနိုင်တာလည်း ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာတော့ နယ်စပ်ကုန်သွယ်ရေး အတွက် ဝေးလံပြီး ရှည်လျားတဲ့ လမ်းကြောင်းတွေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းကို ဖြတ်ကာ မိုင်းလားနယ်ကတဆင့် သွားတဲ့ လမ်းကြောင်းနဲ့ ကချင်ပြည်နယ် ကန်ပိုင်တီးကတဆင့် တရုတ်နိုင်ငံဆီ မြန်မာနိုင်ငံက ထုတ်ကုန်တွေ တင်ပို့နေတယ်လို့ သတင်းတွေအရ လည်း သိရှိရပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးထက် ပိုများတဲ့ ကုန်သွယ်မှု ပမာဏ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း စိုက်ပျိုးရေး ထွက်ကုန်၊ မွေးမြူရေး ထုတ်ကုန် နဲ့ ရေထွက်ပစ္စည်းတွေ ကို တင်ပို့နိုင်တဲ့ အခွင့်အလမ်း ရှိတာကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့တွေက စိုက်ပျိုးထုတ်လုပ်သူတွေ အနေနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ဖို့ကို မျှော်လင့်နေခဲ့ကြတာ ဖြစ်ပါတယ်။ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့က တောင်သူတွေ အနေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားလို့ တိမ်းရှောင်လိုက် ပြန်နေလိုက် လုပ်နေရ ချိန်မှာပဲ အသက်မွေးဝမ်းကျောင်းအတွက် စပါး၊ ပဲ၊ ဖရဲ၊ သခွားတို့လို သီးနှံတွေကို စိုက်ပျိုးပြီး ရှင်သန်နေထိုင်ဖို့ ကြိုးစားနေကြရတာကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး က ရရှိနိုင်တဲ့ အခွန်အကောက်ငွေကို စစ်ကောင်စီနဲ့ အဲဒီဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေ နှစ်ဖက်စလုံးအတွက် ကြီးမားတဲ့ ဆွဲဆောင်မှုတခု ဖြစ်နေမှာ မှန်ပေမယ့် ရှမ်းမြောက်က ယာယီအပစ်ရပ် သဘောတူညီချက်ရဲ့ အထိမခံတဲ့ အနေအထား၊ နယ်မြေတွေမှာ လက်နက်ကိုင်တပ်တွေ အထိုင်နေရာယူရေး ကိစ္စတွေက နယ်စပ်ကုန်သွယ်ရေး ပုံမှန်အနေအထားမျိုး ရောက်ရှိလာဖို့ ကြီးမားတဲ့ အတားအဆီးတွေ ဖြစ်နေမယ့် သဘောလည်း မြင်တွေ့ရပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အကြောင်းအပြင် ဒီနေ့ အဖို့ နောက်ထပ် သတင်းအကြောင်းအရာ တခုကတော့ မြဝတီမြို့ အနီးက သင်္ဃန်းညီနောင် ကျေးရွာ နဲ့  အနီးတဝိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောင်း ဖြစ်တဲ့ မြဝတီမြို့ နဲ့ မိုင်အနည်းငယ်မျှသာဝေးတဲ့ သင်္ဃန်းညီနောင်ကျေးရွာအနီးက စစ်ကောင်စီတပ်ရင်း ၃၅၅ နဲ့ ၃၅၆ တို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကေအန်ယူရဲ့ စစ်ကြောင်းတွေက အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီးနောက် သိမ်းယူခဲ့ပြီး တိုက်ပွဲဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ရာမှာ စစ်ရေးပစ်မှတ်တွေသာမက လူနေအိမ်တွေနဲ့  သင်္ဃန်းညီနောင် ကျေးရွာအနီး ရှိတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ထားတဲ့ သဘာဝတရားရိပ်သာ လိုနေရာတွေပါ ထိမှန်ပြီး ဒဏ်ရာရတာတွေ ရှိနေခဲ့ကာ သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြရတယ်လို့ သတင်းတွေထဲ ပါရှိပါတယ်။ သင်္ဃန်းညီနောင် ကျေးရွာအနီးက ဖြစ်ပွားနေတဲ့ တိုက်ပွဲ၊ မြဝတီမြို့နဲ့ ၈ မိုင်လောက်သာ ဝေးတဲ့ ဖလူးစခန်းကို ကေအန်ယူရဲ့ တပ်ဖွဲ့က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေတာတဲ့ အသံတွေ၊ လက်နက်ကြီး အမြှောက်တွေနဲ့ ပစ်ခတ်သံတွေက မြဝတီမြို့နဲ့ မဲဆောက်မြို့တွေအထိ ကြားနေရတာဖြစ်ပြီး ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေလည်း တပ်လှန့်ထားတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ 

သင်္ယန်းညီနောင်အနီးတဝိုက်က တိုက်ပွဲဖြစ်ပွားတာတွေကြောင့် စစ်ဘေးရှောင် အရေအတွက် ထပ်မံ တိုးမြင့်လာနေပြီး ဒေသခံတွေ အနေနဲ့ မြဝတီမြို့အနီးတဝိုက် တိုက်ပွဲနဲ့ လွတ်ရာ၊ လေကြောင်းပစ်မှတ် မကျရောက်နိုင်တဲ့ နေရာတွေဆီ တိမ်းရှောင်နေကြရတယ်လို့ သတင်းတွေထဲ ပါရှိတာလည်း ဖြစ်ပါတယ်။ 

အခုလို မြဝတီမြို့အနီး တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေချိန်မှာ အောက်တိုဘာ လကုန်ကတည်းက တိုက်ခိုက်နေခဲ့တဲ့ ကော့ကရိတ်မြို့မှာလည်း နှစ်ဖက် တပ်စွဲကာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေဆဲ ဖြစ်ပြီး မြို့ပေါ်က ရပ်ကွက်တွေ မကြာခဏ မီးလောင်ဆုံးရှုံးနေရကာ ခုရက်ပိုင်းမှာလည်း နေအိမ် ၄၀ ခန့်ထပ်မံ မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သတင်းတွေထဲ တွေ့နေရတာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar