Breaking News

ရခိုင်ပြည်နယ်က စစ်ထဲ ဆွဲသွင်းခံရတဲ့ ရိုဟင်ဂျာ ၉၀ ကျော် သေဆုံး၊ အခြေခံပညာအထက်တန်း ဖြေဆိုသူ ၁ သိန်းကျော်သာရှိ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁၃ မြင်ကွင်း

(မိုးမခ) မတ် ၁၄၊ ၂၀၂၄

ရခိုင်ပြည်နယ်က စစ်ထဲ ဆွဲသွင်းခံရတဲ့ ရိုဟင်ဂျာ ၉၀ ကျော် သေဆုံး၊ အခြေခံပညာအထက်တန်း ဖြေဆိုသူ ၁ သိန်းကျော်သာရှိ 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်တိုက်ပွဲမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာ ၉၃ ဦးရဲ့ ရုပ်အလောင်းတွေယူဆောင်ဖို့ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို စစ်ကောင်စီတပ်က အကြောင်းကြားတဲ့အကြောင်း RFA သတင်းမှာ ဖေါ်ပြထားပါတယ်။ ဘယ်လို သေဆုံးခဲ့ရတာလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ထုတ်ပြန်တာမျိုးမရှိသေးဘဲ သတင်းဌာနတွေအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးတဲ့ အနေအထား ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတဲ့ ယမန်နှစ် နိုဝင်ဘာလ နောက်ပိုင်း စစ်ကောင်စီအနေနဲ့ စစ်သားစုဆောင်းရာမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခအကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးကတည်းက သီးခြားခွဲထုတ်ကာ နေထိုင်စေခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေက စစ်မှုထမ်းနိုင်တဲ့ အမျိုးသားတွေကို ပစ်မှတ်ထားပြီး စုဆောင်းနေခဲ့တဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ ဖေဖေါ်ဝါရီ ၁၀ ရက် စစ်မှုမထမ်းမနေရ ဥပဒေ အသက်မသွင်းခင်ကာလကတည်းက ရိုဟင်ဂျာဒုက္ခသည်စခန်းက အမျိုးသားတွေကို စုဆောင်းတာတွေ ရှိနေခဲ့တယ်လို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့လဆန်း စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးနောက်မှာတော့ စစ်သားစုဆောင်းမှုတွေ ပိုမိုကျယ်ပြန့်လာပြီး ရခိုင်ပြည်နယ်မှာ သီးခြားကန့်သတ်ကာ နေထိုင်စေတာ၊ ဒုက္ခသည်စခန်းတွေဖွင့်လှစ်ပြီး လွတ်လပ်စွာ သွားလာခွင့်မရှိတဲ့ နေရာတွေမှာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာ လူမျိုးတွေကို ရခိုင်ပြည်နယ်က လက်နက်ကိုင် တိုက်ပွဲတွေမှာ တိုက်ခိုက်ရေးသို့မဟုတ် လူသားဒိုင်းအဖြစ် အသုံးပြုဖို့ လုပ်ဆောင်လာတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ စစ်ကောင်စီရဲ့ ဆန့်ကျင်ဘက်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ AA က ရခိုင်လူမျိုးတွေအပေါ် အခြေခံဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်လို့ ရခိုင်လူမျိုးတွေနဲ့ လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့ဖူးတဲ့ ရိုဟင်ဂျာလူမျိုးထဲက ပြည်သူ့စစ် သို့မဟုတ် လက်နက်ကိုင် တပ်ဖွဲ့ထဲမှာ အနေအထားတခုနဲ့ တိုက်ခိုက်ရေး စစ်သားအဖြစ် အသုံးချဖို့ စစ်ကောင်စီဘက်က စိတ်ဝင်စားလာနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ဝင်ကြောင်း ကြေညာပြီးနောက်မှာတော့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက လူငယ်တွေ လူလတ်ပိုင်းတွေကိုစစ်သားစုဆောင်းတာတွေ ပိုပြီးထင်ထင်ရှားတွေ့လာရတာ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်းက တယ်လီဂရန် ပလက် ဖောင်းမှာ စစ်ကောင်စီဘက်က ဝါဒဖြန့် သတင်းတွေ ဖြန့်ဝေနေတဲ့ ချယ်နယ်တွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာလူငယ်တွေ စစ်ကောင်စီဘက်က ပေးတဲ့ စစ်သင်တန်း မှာပါဝင်ဖို့ စစ်ဝတ်စုံတွေနဲ့ရိုက်ကူးထားတဲ့ ဗွီဒီယို မှတ်တမ်းတခုကို ဖြန့်ဝေခဲ့ကြပြီး စစ်ကောင်စီတပ်ရဲ့ စစ်ယူနီဖောင်းကိုဝတ်ဆင်ထားတဲ့ ရိုဟင်ဂျာလူငယ်တွေ ရယ်မောနောက်ပြောင်နေကြတဲ့ ဗီဒီယိုကို အတင်းအဓမ္မစုဆောင်းထားတာမဟုတ်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ သွေးခွဲအုပ်ချုပ်ရေး၊ လူမျိုးစုတခုနဲ့ တခုအကြား အတိတ်ကမကြေလည်မှုတွေ၊ ပြဿနာတွေ၊ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ရင် အဲဒီပြဿနာနဲ့ သဘောထားကွဲလွဲမှုတွေကို အသုံးချပြီး သွေးခွဲအုပ်ချုပ်တာ တနည်းအားဖြင့် သွေးခွဲကာ တိုက်ခိုက်မှုတွေ လှုံ့ဆော်လေ့ရှိတာ အတိတ်မှာ သာဓကတွေ ရှိနှင့်ပြီးဖြစ်ပါတယ်။ 

အခု ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာလည်း စစ်ကောင်စီအနေနဲ့ မကြာသေးတဲ့ နှစ်တွေက ပဋိပက္ခအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ဖူးတဲ့ လူမှု အသိုက်အဝိုင်း ၂ ခုအကြားက ကွာဟမှုတွေကို အသုံးချပြီး တချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုးနဲ့ အသုံးချတာဖြစ်ပါတယ်။ 

ဆယ်စုနှစ် တခုကျော်ကြာလာပြီဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရသူတွေ အဖို့မှာလည်း လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းခွင့်မရ၊ နေရာကျဥ်းမြောင်းလှတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီမှုကိုသာ မျှော်လင့်ကာနေထိုင်ရတဲ့ ဘဝမျိုးကနေ အခွင့်အရေး တခုခုပေးမယ်ဆိုတဲ့ မက်လုံး၊ စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ အခြေအနေကြောင့် ငြင်းပယ်ဖို့ ခက်ခဲပြီး စစ်ရေးလှုပ်ရှားမှုတွေ ထဲ အသုံးချခံရတဲ့ အနေအထားမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီလို လူမှုအသိုင်းအဝိုင်း ၂ ခုအကြားသွေးခွဲပြီး လက်နက်ကိုင်ပဋိပက္ခတွေမှာအသုံးချတဲ့အခြေ အနေတွေက လာမယ့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကာလမှာသာမက ပဋိပက္ခအလွန်မှာပါ နားလည်မှု လွဲမှားတာတွေ လူမှုအသိုင်းအဝိုင်းအချင်းချင်း ပဋိပက္ခနဲ့ အကြမ်းဖက်မှု အသစ်တွေလည်း ဖြစ်ပေါ်လာစေနိုင်တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ဗြိတိသျှကိုလိုနီခေတ်တွေမှာ လက်နက်တွေ ချန်ထားခဲ့ရာက နကိုကတည်းက တဖက်နဲ့ တဖက် လူမှုပဋိပက္ခတွေရှိနေခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လက်စားချေ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ သမိုင်းအဖြစ်အပျက်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ 

ယခု လက်ရှိလက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲတွေ၊ AA ရဲ့ နယ်မြေသိမ်းတိုက်ပွဲတွေ က ဒုတိယကမ္ဘာစစ် ကာလလို အုပ်ချုပ်ရေး လစ်ဟာသွားတဲ့ အခြေအနေမျိုးနဲ့တော့ သဘောသဘာဝ မတူတာမှန်ပေမယ့်လည်း လူမျိုးရေးမုန်းတီးမှုနဲ့ ဝါဒဖြန့် လှုံ့ဆော်မှုတွေ ရှိနေပြီး လက်နက်နဲ့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ကာလမျိုးမှာ လက်စားခြေသတ်ဖြတ်မှုတွေဖြစ်ပေါ်လာနိုင်ခြေ ရှိနေတဲ့အချက်ကို သတိ ပြုကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာတခုကတော့ ခုမတ်လ ၁၁ ရက်နေ့မှာ ဖြေဆိုတဲ့ အခြေခံ ပညာအထက်တန်းစာမေးပွဲမှာ တနိုင်ငံလုံး ဖြေဆိုသူ ၁ သိန်း ၄ သောင်းကျော်သာရှိပြီး စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က ၉ သိန်းကျော်ရှိခဲ့တဲ့ ပမာဏနဲ့ နှိုင်းယှဥ်ကြည့်ရင် ၇ ပုံတပုံသာရှိတဲ့ အရေ အတွက် ဖြစ်တာတွေ့ရမှာပါ။ အရပ်အခေါ် အဝေါ်အရ ဆယ်တန်းစာမေးပွဲလို့ ဆိုတဲ့ အခြေခံပညာအထက်တန်း စာမေးပွဲဟာ တက္ကသိုလ်တက်ရောက်ခွင့်ရဖို့ အရေးကြီးတဲ့ စာမေးပွဲဖြစ်ပြီး အခုလို စစ်အာဏာ မသိမ်းမီ နှစ်နဲ့ နှိုင်းယှဥ်ရင် ၇ ပုံ ၁ပုံသာ ရှိခြင်းရဲ့ အကြောင်းရင်းကို စိစစ်ရင် ပထမတချက်က နိုင်ငံရေးအရ ဆန့်ကျင်မှု နဲ့ ဒုတိယ အချက်က လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အကြောင်းအချက်ကြောင့်လို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆန့်ကျင်မှုက ပညာရေးဝန်ထမ်းတွေ စီဒီအမ် လုပ်ပြီး နှုတ်ထွက်ကြတာကြောင့် ဆရာတွေသာမက အချို့သောကျောင်းသားတွေပါ နိုင်ငံရေးအရ စစ်ကောင်စီကို အသိအမှတ်မပြုခြင်း ကြောင့် ကျောင်းမတက်ကြတော့ပါဘူး။ အချို့ကတော့ NUG ရဲ့ အသိအမှတ်ပြုကျောင်းတွေ၊ တိုင်းရင်းသားဒေသမှာ စစ်ကောင်စီနဲ့ မသက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ တက်ရောက်ကြပြီး စစ်ကောင်စီ ရဲ့ စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခြင်း မရှိတော့တဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ အခြေခံပညာ အထက်တန်းစာမေးပွဲဝင်ဖြေတဲ့ အရေအတွက်တခုထဲနဲ့ မြန်မာနိုင်ငံပညာရေးကို ကောက်ချက်မချ နိုင်ပေမယ့် စစ်အာဏာသိမ်းပြီးနောက် ပညာရေးနယ်ပယ်ကို သက်ရောက်တဲ့ အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိတဲ့အချက်ကိုတော့ ငြင်းပယ်မရတဲ့ သဘောဖြစ်ပါတယ်။  ကိုဗစ်ကူးစက်မှု ကပ်ဘေးက စတင်လိုက်တဲ့ ပညာရေးနယ်ပယ်ကို ရိုက်ခတ်မှုဟာ ခုဆိုရင် ၄ နှစ်တာရှိလာနေပြီး ဒီထက်ပိုကြာရှည်လာနိုင်တဲ့ အနေအထားမျိုးအတွက် အခြားသော ရွေးချယ်စရာ နည်းလမ်းနဲ့ လုပ် ဆောင်မှုတွေ စဥ်းစားပြင်ဆင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar