Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၂ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၂ )

(မိုးမခ) မတ် ၁၂၊ ၂၀၂၄

12/3/24

Diary in the darkness 


တရုတ်နိုင်ငံဟာ NUG နဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်မယ့် ခြေလှမ်းတွေ လှမ်း‌နေတယ်ဆိုတာ တနေ့တခြား တွေ့မြင်လာရတယ်။ ဒါဟာ NUG ရဲ့ သံတမန်စစ်မျက်နှာမှာ အောင်မြင်တိုးတက်လာမှု လက္ခဏာတရပ်ပါပဲ။ ဒီတိုးတက်အောင်မြင်မှုကို နှစ်ဖက်စလုံးက ဆုပ်ကိုင်ပြီး နှစ်နိုင်ငံတိုးတက်ဖွံဖြိုးရေးကို လုပ်ဆောင်နိုင်မယ်ဆိုရင် စစ်အာဏာရှင်ကျဆုံးရေးကို အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ ပွင့်လာမယ် ထင်ပါတယ်။ 

ဒီအခွင့်အလမ်းကို အာဏာရှင်ဘက်တော်သားတွေ၊ အမေရိကန် မုန်းတီးရေးသမား‌တွေ တရုတ်ဆန့်ကျင်ရေးသမားတွေက နည်းမျိုးစုံ ဟန့်တားကြမှာပါ။ နွေဦးတော်လှန်ရေးဟာ တရုတ် ဆန့်ကျင်ရေးလုပ်တာ မဟုတ်သလို အမေရိကန် မုန်းတီးရေးလုပ်တာ မဟုတ်ပါဘူး။ စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ တိုင်ရင်းသားအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးကို ဦးတည်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မြင်ပါတယ်။ 

လွန်ခဲ့တဲ့သုံးနှစ်က FB မှတ်တမ်းတွေ ပြန်ပေါ်လာတယ်။ စစ်ကောင်စီကို သံပုံးတီး တောထုတ်သံတွေ၊ လမ်းမတွေပေါ်မှာ ပြည်သူတွေရဲ့ သွေးကွက်တွေ၊ မီးခိုးလုံးတွေကြားက သေနတ်သံတွေ။ စစ်အာဏာရှင်ကို အနုနည်းနဲ့ အောင်နိုင်ရေး ဆိုတဲ့ အိပ်မက်တွေမှ ကျွန်တော်တို့ လန့်နိုးခဲ့တယ်။ မိမိကိုယ်ကို ကာကွယ်ဖို့ မိမိတို့သာ လုပ်ဆောင်ရမယ်။ ငါတို့မှာ ငါတို့ပဲရှိတယ် ဆိုတဲ့အမြင်က ပိုမိုရှင်းလင်း ကြည်လင်လာတယ်။

ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုက စစ်ကောင်စီတပ်တွေဟာ စက္ကူကျားတွေသာ ဖြစ်တယ်ဆိုတာ ဖွင့်ချနိုင်ခဲ့တယ်။ 

လွန်ခဲ့တဲ့သုံးနှစ်က အမှောင်ထဲမှာ အံကြိတ်ပြီး မျက်ရည်သုတ်နေရတဲ့ လူထုဟာ ဒီနေ့မှာ တော့ တော်လှန်ရေးအင်အားစုတွေရဲ့ မြို့သိမ်းတိုက်ပွဲတွေကို လက်သီးဆုပ်ကာ နားစွင့်နေကြပါပြီ။ ငါတို့ဘယ်အချိန် ဘယ်နေရာက ပါဝင်ရမလဲ ဆိုတာ စူးစမ်းရင်း အားမွေး ပါဝင်နေကြပါပြီ။ 

တိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်တွင်း စစ်မြေပြင်မှာ အောင်စည်အောင်မောင်း တီးခတ်နေချိန်မှာ NUG ဟာ သံတမန်စစ်မျက်နှာမှာ သပြေခက်နဲ့ ပွေ့ဖက်ခံနေရပါပြီ။ 

ညီညာဖျဖျ အောင်ပွဲရမယ့် ခြေလှမ်းများနဲ့ အားတင်း‌ ရှေ့ဆက်လှမ်းရမယ့် ခရီးကြမ်းက ရှေ့မှာ စောင့်နေပါတယ်။ 

ခြေလှမ်းတိုင်းဟာ နေပြည်တော်သို့ ။


အန်ကယ် တူမီး

12/3/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar