Breaking News

ရဲဘော်တေး - တပ်အပြုတ်မှာ ဇာတ်ရှုပ်တွေဆင်

ရဲဘော်တေး - တပ်အပြုတ်မှာ ဇာတ်ရှုပ်တွေဆင်

(မိုးမခ) မတ် ၁၂ ၊ ၂၀၂၄


စစ်တပ်က ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်တပ်ရင်း ဘယ်နှရင်း ဖွဲ့ပြီးသွားပြီလဲ။ အတိအကျမသိနိုင်ပေမယ့် သင်တန်းပေးနေတာကတော့ ထောင်ဂဏန်းချီပြီလို့ ပြောနိုင်ပါတယ်။

အဲဒီတပ်တွေနဲ့ ရခိုင်မြေကို မွှေထားခဲ့တော့ဖို့ ကြံနေတာပါ။ နောက်တခုက သူတို့ခံစစ်ကြောင်းရဲ့ ဒိုင်းတွေအဖြစ်လည်း သုံးဖို့‌ပါ။ 

အဲလိုပဲ ပအိုဝ်းတွေကိုလည်း အင်အားအလွန်အကျွံစစ်သင်တန်းပေး လက်နက်တပ်ဆင်နေပါတယ်။ ပအိုဝ်း ဗုဒ္ဓလက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့ပေးတဲ့သဘောပါပဲ။ သိပြီးဖြစ်တဲ့အတိုင်း ကရင်နီဒေသကို တန်ပြန်ဒုက္ခပေးဖို့ရယ်၊ ရှမ်းတွေကို ဈေးညှိဖို့ရယ်၊ နေပြည်တော်လမ်းကြောင်း ထိန်းသိမ်းဖို့ရယ် သုံးမှာပါပဲ။ 

အလားတူ လီဆူ ရဝမ်ခရစ်ယာန်လက်နက်ကိုင်တပ်တွေလည်း ဖွဲ့ပေးတာပါဘဲ။ သူ့နယ်မြေနဲ့သူ ရှိပြီးပြဿနာလေးတွေအပေါ် တိုးချဲ့တည်ဆောက်ပြီး ရှင်းမရနိုင်လောက်အောင် ရှုပ်ထွေးသွားစေဖို့အထိ ကြံရွယ်ချက်တွေ ဖြစ်ပါတယ်။ 

လူမျိုးရေး ဘာသာရေးအရှုပ် ဆိုတာ ဘယ်သူဘယ်သူ ဖြည်ပါမှ သည်ချည်ထွေး ရှင်းနိုင်မှလေးဆိုတာလိုပေါ့။ တကယ်တော့ ဘယ်သူမှ မရှင်းနိုင်ပါဘူး။ ဘာလို့ဆိုတော့ လူမျိုးရေး ဘာသာရေးပြဿနာထဲကို လက်နက်သွင်းပေးလိုက်နိုင်ပြီဆိုရင် ရှင်းရင်းကို ရှုပ်နိုင်တာမျိုးမို့ပါ။ အဲဒီထဲကို နယ်မြေပိုင်ဆိုင်မှုပါ ထပ်ဆောင်းလိုက်ရင်တော့ အလောင်းချင်းထပ် ကမ္ဘာဆုံးတိုင် ရှင်းမနိုင်ဇာတ်ကပြီပေါ့။ သမိုင်းကြောင်းတွေပါ ဝင်မလာခင် အမှိုက်ပုံမီးခိုးအူကထဲက ငြှိမ်းသတ်ဖို့ ပြင်ကြရပါလိမ့်မယ်။ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်သာ အားကိုးစရာရှိပါတယ်။ 

ဒီလူမျိုးရေး ဘာသာရေး မီးမွှေးပြီး စစ်သင်တန်းပေး လက်နက်တပ်ဆင်ရေးစီမံချက်ဟာ မြန်မာ့စစ်တပ်ရဲ့ နေ့ညမရပ် ထာဝရစစ်ဆင်ရေးလုပ်ငန်းပါ။ ဘယ်လက်နက်အမျိုးအစားမဆိုထက် အဲဒါကို အားပြုပါတယ်။ မြန်မာစစ်တပ် ကနေ့ထိ ရှင်သန်နေတာဟာ ဒီလက်နက်ကြီးကို အမြဲထုတ်သုံးနေလို့ပါ။ အရှိန်ကောင်းနေတဲ့ တန်ပြန်တိုက်ခိုက်စစ်ဆင်ရေးတွေ တုံ့နှေးသွားတာ ရပ်တန့်သွားတာဟာ ဒီလက်နက်ကြီး ပစ်အားကြောင့်ပါ။ ရန်သူကနေ မဟာမိတ်တဖြစ်လဲသွားကြတာလဲ ဒီလက်နက်ကြီးဒဏ် မခံနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒေါ်စုနဲ့ NLD ကိုယ်တိုင် အဲဒီနွံထဲကျခဲ့တာဟာ အခု အာဏာသိမ်းခံရလို့ ပြန်တော်လှန်ချိန်ထိ ပြည်တွင်း ပြည်ပ ထိုးနှက်တိုက်ခိုင်ခံနေရတုန်းပါပဲ။ ပြည်ပအကူအညီတွေ နှောင့်နှေးအားပျော့သလို ပြည်တွင်းရန်သူ ပျူအားကောင်းစေတာလည်း ဒီအချက်ပါဘဲ။ 

အခုဒီပြဿနာဟာ စစ်တပ်ရဲ့ နောက်ဆုံးကျည်ဆန်ဖြစ်တာ ထင်ရှားနေပါပြီ။ ပုန်းလျှိုးကွယ်လျှိုး မလုပ်တော့ပါဘူး။ စစ်မှုထမ်းဥပဒေ အကာအကွယ်ယူပြီး ဇွတ်အတင်းအဓမ္မ တတ်နိုင်သမျှ မြန်မြန် သင်္ကြန်မတိုင်ခင်ကို တပ်မတမစာလောက် အပြီးလုပ်နေပါတယ်။ များများမြန်မြန် တပ်ဆင်ရန်ပေါ့လေ။ ရှေ့တန်းက တပ်စခန်းတွေ သေနတ်ပြောင်းပြန်မလှည့်ခင် လူသူလဲလှယ် ဖလှယ်သုံးဖို့အတင်းရုန်းကန်နေတာပါ။ ဒီကြားထဲမှာပဲ ကျားရိုင်းတွေ တစ္ဆေပူး ဘီလူးစီး ဘယ်ဗိုလ်မှူးကြီးမှ မနိုင်ဇာတ်တွေနဲ့ တိုင်ပတ်တာတွေလည်း ရှိနေပါပြီ။ 

မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထရက်ကို လက်ရေချိုး မျှော်ကိုးသူလည်း များလာပြီလေ။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar