Breaking News

ကောင်းဇေလူ - ယနေ့ မြန်မာ့နိုင်ငံရေးရဲ့ အဓိက မောင်းနှင်အားဟာ ဂျန်ဇီးလူငယ်တို့ရဲ့ သက်စွန့်ကြိုးပမ်းတိုက်ပွဲ၀င်မှု ဖြစ်တယ်

ကောင်းဇေလူ - ယနေ့ မြန်မာ့နိုင်ငံရေးရဲ့ အဓိက မောင်းနှင်အားဟာ ဂျန်ဇီးလူငယ်တို့ရဲ့ သက်စွန့်ကြိုးပမ်းတိုက်ပွဲ၀င်မှု ဖြစ်တယ်

(မိုးမခ) မတ် ၂၈ ၊ ၂၀၂၄

နွေဦးတော်လှန်ရေးဟာ မျက်မှောက်ခေတ် ဂျန်ဇီးလူငယ်မျိုးဆက်သစ် (Generation-Z)ကို ဗဟိုပြုပြီး တိုင်းရင်းသားပြည်သူလူထုနဲ့ ပေါင်းစပ်ထားတာ ဖြစ်တယ်။ ဒီမိုကရေစီ ဖက်ဒရယ်အရေးအတွက် ကိုယ့်အားကိုယ်ကိုး အားသွန်ခွန်စိုက် တိုက်ပွဲဆင်ခဲ့ကြတာဖြစ်လို့ စိတ်ဓာတ်ရေးရာ စွမ်း အားက အကြမ်းဖက် စစ်တပ်ထက် အဆပေါင်းများစွာ သာလွန်ခဲ့တယ်။ ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲ စိတ်ဓာတ်မျိုးနဲ့ ခိုင်းနှိုင်းလို့ရတယ်။ ၁၉၄၅ မတ်လ တော်လှန်ရေး ညီညွတ်မှု စိတ်ဓာတ်မျိုးနဲ့ ခိုင်းနှိုင်းလို့ရတယ်။ လက်ရှိမြေပြင်အခြေအနေကို ဆန်းစစ်ရင်လည်း ၇ အချိုး ၃ လောက်အထိ တော်လှန်ရေး အောင်မြင်နေပြီလို့ ဆိုနိုင်တယ်။

စကစဘက်က အလံဖြူထောင် လက်နက်ချသူ၊ စစ်သုံ့ပန်းအဖြစ် ရမိသူ၊ စီဒီအမ်အဖြစ် ၀င်လာသူ၊ မင်းအောင်လှိုင်အတွက် အသေမခံလို၍ တပ်ကိုစွန့်ခွာလာသူ၊ တပ်မှထွက်ပြေးသူတို့အပြင် တိုက် ပွဲအတွင်း သေဆုံး ဒဏ်ရာရသူများနှင့် အမိန့်မနာခံသဖြင့် စစ်ခုံရုံးတင် အပြစ်ပေးခံရသူများ စသည်ဖြင့် စစ်သည်အရေအတွက် စုစုပေါင်းကို အကြမ်းဖျင်း တွက်ကြည့်ရင် သောင်းဂဏန်းကြီးအထိ ရှိနိုင်တယ်။ ပိုဆိုးတဲ့အချက်က တိုက်ပွဲအတွင်း သေဆုံးတဲ့စစ်သားတွေအတွက် ‌လျော်ကြေးငွေမရတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်နေတယ်။ အသက်အာမခံကြေးကို လစဉ်ဖြတ်တဲ့ ကုမ်ပဏီက မင်းအောင်လှိုင်ရဲ့သားပိုင်တဲ့ကုမ္ပဏီလို့ ဆိုတယ်။ တိုက်ပွဲအတွင်း သေတဲ့စစ်သားတွေကို ပျောက် ဆုံးစာရင်းထဲ ထည့်ပြပြီး လျော်ကြေး ထုတ်မပေးဘဲ ထားတယ်လို့ ဆိုတယ်။ သေဆုံး/ပျောက်ဆုံးစစ်သားတွေရဲ့ မိသားစုတွေကို တပ်တွင်းလိုင်းခန်းတွေကနေ နှင်ထုတ်တယ်။ ဒီလို ဖြစ်ရပ်တွေက ဖုံးမရဖိမရ ဖြစ်လာတော့ အောက်ခြေစစ်သားတွေ စိတ်ဓာတ်ကျဖို့ ဖြစ်လာတယ်။

ဒါကြောင့် အကြမ်းဖက် စစ်တပ်ဟာ စစ်မြေပြင် တခွင်တပြင်မှာ တိုက်ပွဲတိုင်း ရှုံးပြီးရင်း ရှုံးနေတဲ့ အဖြစ်ဟာ အံ့သြစရာ မဟုတ်တော့ဘူး။ စကစတပ်ဟာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှုတွေကိုလည်း အကြီးအကျယ် ကြုံနေရပြီ ဖြစ်တယ်။ စစ်ကောင်စီ စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာအနေနဲ့ ထိရောက်ပြင်းထန်တဲ့ အရေးယူမှုတွေနဲ့  ဟန်ချက်ညီ ဖိအားပေးဆောင်ရွက်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews)က မတ်လ ၂၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်တာ တွေ့ရတယ်။

မြန်မာစစ်ကောင်စီ စစ်ခေါင်းဆောင်တွေဟာ အထီးကျန်ပြီး ဆောက်တည်ရာမရ ဖြစ်လာတာပြီး ဗရန်းဗတာ အကြမ်းဖက် လုပ်ရပ်တွေ ပိုလုပ်လာတဲ့အတွက် အလွန်တရာ အန္တရာယ်ရှိလာတယ်လို့ Tom Andrews ကဆိုပါတယ်။ ပြီးခဲ့တဲ့ ၅ လ အတွင်းမှာ အရပ်သားပြည်သူတွေကို ၅-ဆတိုး တိုက် ခိုက်လာကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်း အဝေး မှာ Tom Andrews က ပြောသွားတယ်။ စစ်တပ်က စစ်မှုထမ်းဥပဒေကျင့်သုံးဖို့ ကြိုးပမ်းတာဟာ လူငယ်တွေကို တော်လှန် ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ တွန်းပို့ သလို ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းသွားလာခွင့်မရှိတဲ့ ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထား ပိုမိုတိုက်ခိုက်လာနေတယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာ အကြမ်းဖက် စစ်တပ်အတွက် ဝင်ငွေနဲ့ လက်နက်တွေ ဖြတ်တောက်ဖို့ ကြိုးပမ်းရာမှာ ပါဝင်တဲ့နိုင်ငံတွေကို ကြိုဆိုကြောင်း၊ အထူးသဖြင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီတွေကတဆင့် မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ယူနေတာကို စုံစမ်းစစ်ဆေးခဲ့တဲ့ စင်ကာပူ အစိုးရကိုလည်း ချီးကျူးကြောင်း Tom Andrews က ပြောသွားတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို အရပ်ဘက်အဖွဲ့အစည်းတွေကတဆင့် လူသားချင်းစာနာမှုအကူအညီတွေပေးကြဖို့လည်း သူက တိုက်တွန်းထားတယ်။ မြန်မာနိုင်ငံ အပြောင်း အလဲအတွက် ကြိုတင်ပြင်ဆင်ရာမှာ  ကုလသမဂ္ဂအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေကို တရားဝင် ထိတွေ့ ဆက်ဆံပြီး၊ အကူအညီ ပေးဖို့လည်း Tom Andrews ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားတယ်။

မြန်မာ့အရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တရုတ်လို အင်အားကြီးတဲ့နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်နိုင်မယ့် နည်းလမ်းရှာပြီး နိုင်ငံတကာက အာရုံစိုက်လာအောင် ဆောင်ရွက်သင့်တယ်လို့ နိုင်ငံတကာပဋိပက္ခ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (ICG) က မတ်လ ၂၇ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တယ်။ တရုတ်ဟာ မြန်မာပဋိပက္ခမှာ အရှုံး/ အနိုင်ကို ဆုံးဖြတ်ပေးနိုင်ခြင်း မရှိပေမယ့် အရေးပါတဲ့ တိုင်းရင်းသားအင်အားစုတွေအပေါ် သြဇာလွှမ်းမိုးနိုင်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တယ်။ ဒါကြောင့် မြန်မာ့အရေးမှာ တရုတ် ဆက်လက်အရေးပါနေတယ်လို့ ICG က ဆိုတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းတာကို တရုတ်က စိတ်ပျက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို နိုင်ငံခေါင်းဆောင် အဖြစ် တရားဝင်အသိအမှတ်ပြု ဖိတ်ကြားတာမျိုးမရှိတဲ့အချက်ကို ICG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

စိတ်၀င်စားဖို့ ကောင်းတဲ့အချက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ကို အကြီး အကျယ် ရှုံးနိမ့်စေခဲ့တဲ့ စစ်ဆင်ရေးမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို တိတ်တဆိတ်ထောက်ခံခဲ့တယ်လို့ ICG က ဆိုတယ်။ လက်ရှိမှာ စစ်ကောင်စီနဲ့ သံတမန် ဆက်ဆံရေးတိုးမြှင့်လာပေမယ့် စစ်ကောင်စီကို တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုတာ မဟုတ်ဘဲ နှစ်နိုင်ငံ အကျိုးအတွက် ဆွေးနွေးဖို့သာဖြစ်တယ်လို့ ICG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ တရုတ်အနေနဲ့ မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးသက်သက်ထက် ပိုပြီးကျယ်ပြန့်တဲ့ မူဝါဒမျိုး ချသင့်တယ်လို့  ICG က တိုက်တွန်းထားတာ တွေ့ရတယ်။

ဒီလိုအခြေအနေတွေ အောက်မှာ မင်းအောင်လှိုင်က ရုရှားမီဒီယာနဲ့တွေ့ပြီး ရွေးကောက်ပွဲကို အပိုင်းလိုက်လုပ်မယ်လို့ အရူးချေးပန်း ပြောပြန်တယ်။ ဒါတင်မက အရင်အစိုးရတွေ လက်ထက်က စီးပွားရေးကမောက်ကမ ဖြစ်လို့ တိုင်းပြည် စီးပွားရေးကျခဲ့တယ်၊ မရှက်မရွံ့‌ ပြောသေးတယ်။ ဒီလောက်အထိ သွက်သွက်ခါအောင် ရူးနေတဲ့ အရူးတယောက်ကို အခုအထိ ခေါင်းဆောင်တင်ထားတဲ့သူတွေကရော စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဘယ်လိုရှိနေပါလိမ့်လို့ ပြည်သူတွေက အံ့သြနေကြတယ်။ ပိုပြီးစိတ်ပျက်ဖို့ကောင်းတာက အရူးပြောတဲ့ ရွေးကောက်ပွဲကိုယုံနေသေးတဲ့ မီးကျိုး မောင်းပျက် နိုင်ငံရေးပါတီခေါင်းဆောင် ဆိုသူတွေ ဖြစ်တယ်။ ပြည်သူလူထုက စစ်အာဏာရှင် စနစ် အမြစ်လှန်ဖို့ ‌ပြောနေချိန်မှာ အတုအယောင် ရွေးကောက်ပွဲကို ဘယ်လိုစိတ်ကူးနဲ့ ၀င်ချင်နေပါလိမ့်လို့ စဉ်းစားမိတယ်။ ဦးနှောက် ကျပ်မပြည့်ကြလို့သာ ဒီလို စဉ်းစားဉာဏ် နုံနည့်ကြတာပဲလို့ ယူဆစရာရှိတော့တယ်။ 

ဒီအတောအတွင်း အရေးထဲအရာပေါ်လို့ ပြောစရာတခု ပေါ်လာပြန်တယ်။ အသစ်ဖွဲ့လိုက်တဲ့ 7 EAO Alliance (၇) ဖွဲ့ ပြဿနာ ဖြစ်တယ်။ အဲဒီအုပ်စုက “မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ် အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာအင်အားစုများနှင့်ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ကြိုးပမ်းအားထုတ်သွားမည်” လို့ ဖော်ပြထားတဲ့ ထုတ်ပြန်ချက် ထုတ်လာပြန်တယ်။ 7 EAO Alliance မှာ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS က အင်အားအကြီးဆုံးအဖွဲ့ဖြစ်တယ်။ ဒုတိယနေရာမှာ မွန်ပြည်သစ်ပါတီ MNSP ရှိတယ်။ ဒီ ၇ ဖွဲ့ကို ဦးဆောင်မည့်သူက RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဖြစ်တယ်။ ဒုတိယ ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီမှ နိုင်အောင်မင်းက တာဝန်ယူမယ်လို့ ဆိုတယ်။ အဲဒီ 7 EAO Alliance အနေနဲ့ ရှမ်း၊ မွန်၊ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ လက်နက် ကိုင်ပဋိပက္ခ၊ စစ်ဘေးရှောင်ဒုက္ခသည်အရေး အရပ်သား ထိခိုက်သေဆုံးမှု ပြဿနာတွေကို ဘယ်နည်းဘယ်ပုံ ပါ၀င်ဖြေရှင်းနိုင်မလဲ ဆိုတဲ့ အခြေအနေကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုရမှာပဲ။ သေချာတဲ့အချက်ကတော့ ဒီအဖွဲ့ကို ခေါင်းဆောင်နေသူတွေဟာ ပြည်သူလူထုအကျိုးအတွက် ထူးထူးခြားခြား အနစ်နာခံ လုပ်ဆောင်ပေးခဲ့ဖူးတာမျိုး မရှိပါဘူး။ 

၂၀၂၄ ခုနှစ် မတ် ၂၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ NUG အစိုးရအဖွဲ့  အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက - "ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုအားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်တယ်" လို့ ‌ပြောကြားခဲ့တယ်။

“ကျနော်တို့ဟာ ပြည်သူလူထုအတွက် အကျိုးအဖြစ်ထွန်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့ ကျနော်တို့ရဲ့ အလုပ်တွေဟာ မြန်မြန်ဆန်ဆန်ဖြစ်ဖို့လည်း လိုသလို လွယ်လွယ်ကူကူ ဖြစ်အောင် လုပ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ထိထိရောက်ရောက် ဖြစ်ဖို့လည်း လိုပါတယ်။ အခု ဒီနေရာမှာ ‘ရလဒ်ကောင်း ပီပီပြင်ပြင် ထွက်ရှိရေး’ ကိုလည်း အလေးအနက်ထားဖို့ ထပ်မံတိုက်တွန်းချင်ပါတယ်။ လက်ရှိ ပစ္စုပ္ပန်မှာ ကျနော်တို့ဟာ စစ်ကောင်စီရဲ့ ယိုယွင်းပြိုလဲမှုကို မျက်ဝါးထင်ထင် မြင်လာရတာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစု အားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ပြည်သူလူထုဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့လူထု ဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တညီတညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ လိုပါတယ်” လို့ ယာယီသမ္မတ က ဆိုပါတယ်။(DVB သတင်း) 

ဒါ့အပြင် အချိန်နဲ့အမျှ တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ တော်လှန်ရေးရဲ့ သက်လုံကို ချိန်သားကိုက်အောင် အမြဲတမ်း လုပ်ဆောင်ကြဖို့ လိုကြောင်းနဲ့ တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်းမှာ လူထုရဲ့ပေးဆပ်မှုနဲ့ လူထုရဲ့ နွမ်းလျမှုတွေကိုလည်း တွေ့မြင် ခံစားကြရမယ်လို့ ယုံကြည်ကြောင်း၊ လူထုအတွက် တော်လှန်ရေး၊ လူထုရဲ့ တော်လှန်ရေး၊ လူထုကဆင်းသက်တဲ့ တော်လှန်ရေးဖြစ်ဖို့ အမြဲရှေ့ရှု ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားခဲ့ပါတယ်။

လက်ငင်း မြန်မာ့နိုင်ငံရေးရဲ့ အဓိက မောင်းနှင်အားက ဂျန်ဇီး(Gen-Z) လူငယ်မျိုးဆက် ဖြစ်တယ်။ နွေဦးတော်လှန်ရေး အောင်ပွဲဟာ ဂျန်ဇီးတို့ရဲ့ စွန့်လွှတ် အနစ်နာခံ တိုက်ပွဲ၀င်နေတဲ့ ဇွဲလုံ့လအပေါ်တည်လိမ့်မည်ဟု ယူဆတယ်။ 

Gen-Z   မျိုးဆက်သစ် လူငယ်များနဲ့ ယနေ့ ပြည်သူလူထုရဲ့ ရည်မှန်းချက်က စစ်အာဏာ ရှင်စနစ်ကို အမြစ်က လှန်ပစ်ရေး ဖြစ်တယ်။ တချိန်တည်းမှာ မင်းအောင်လှိုင်ရဲ့ သွေးရူးသွေးတန်း ရွေး ကောက်ပွဲအတု အိပ်မက်ကို အကောင်အထည်ပေါ်လိုပေါ်ငြား တရုတ်နဲ့ အာဆီယံအဖွဲ့၀င်တချို့က သံယောင်လိုက်နေကြတယ်။ 

ပြည်တွင်းမှာလည်း အချောင်လမ်းလိုက်လိုတဲ့ ငို့ဘနိုင်ငံရေးသမားတွေ (political opportunists) ရှိနေတာကိုသတိပြုကြရမယ်။ ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးကာလတုန်းကလည်း အလားတူ ဖြစ် ရပ်တွေ ရှိခဲ့တယ်။ အချောင်သမားတွေ ငါတို့ အရိုးပုံပေါ်် မှာ ခေါင်းပေါင်းစ တလူလူ မထောင်ရ‌အောင် အသက်ရှင်ကျန်ရစ်တဲ့ တော်လှန်ရေးသမားတွေက တာ၀န်ယူပေးကြပါလို့ မှာကြားခဲ့ဖူးကြောင်း မှတ်တမ်းတွေရှိတယ်။   

နွေဦးတော်လှန်ရေးအောင်ပွဲခံပြီးတဲ့အထိ အာဏာရှင်စနစ်ရဲ့ အစဉ်အလာတွေ အမူအကျင့်တွေ ဆရာမွေး တပည့်မွေး အကျင့်စရိုက်တွေ ကြီးနိုင်ငယ်ညှဉ်းလုပ်ရပ်တွေ လာဘ်ပေးလာဘ်ယူ ခြစားမှုတွေ ဆွေမျိုးသားချင်း ကောင်းစားရေးမူ၀ါဒတွေ ဥပဒေအထက်မှာ နေချင်တဲ့ အကျင့်ဆိုးတွေ စသဖြင့် တိုက်ဖျက်ချေမှုန်းစရာတွေ မကုန်နိုင် မခန်းနိုင် ရှိနေမှာ သေချာတယ်။ နဂါးကြီးကို သတ်ပြီး နဂါးအသစ်ဖြစ်လာမယ့် အရေးတွေကို ကြိုတင်စဉ်းစားထားကြရပေလိမ့်မယ်။ 

လက်ရှိနွေဦးတော်လှန်ရေးဘက်တော်သားတွေက အောင်ပွဲမရမချင်း နောက်ဆုတ်မယ့် သဘော ထားမရှိတာကတော့  မြေပြင်အခြေအနေများအရ သေချာသလောက်ပါပဲ။  စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေ အသီးသီးအဘက်ဘက်ကကျဆင်းနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ အပြားမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ပြည်သူအများ နေစရာ စားစရာ မရှိဘဲ အိုးခြေအိမ်ခြေမဲ့ ဘ၀တွေ ကြုံနေကြရတာကို ဦးစွာ ကယ်တင်ကြရမှာဖြစ်တယ်။ ယနေ့အချိန်ကဲ့သို့သော ကပ်ဘေးသင့်နေချိန်မျိုးမှာ ဂျန်ဇီး(Gen-Z) လူငယ်ထုအကြား ရေပန်းစားသည့် "ငါတို့မှာ ငါတို့ပဲ ရှိတယ်" ဆိုတဲ့ ယုံကြည်ချက် အလံတော်ကို မြင့်မြင့်မားမား လွှင့်ထူကြရပေလိမ့်မယ်။ မြန်မာနိုင်ငံသားများအနေဖြင့် အရေးကြီးသည့်အချိန်ဖြစ်၍ သွေးစည်းကြရပေလိမ့်မည်။ စစ်ကောင်စီကကျင်းပဖို့ တာစူနေတဲ့အတုအ‌ယောင်ရွေးကောက်ပွဲမှာ ပါ၀င်ခြင်းဟာ စစ်အာဏာ ရှင်စနစ်ကို သက်ဆိုးရှည်အောင်လုပ်ရာ ရောက်တယ်။ 

အမည်ခံ နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံ့အရေးကို မှန်မှန်ကန်ကန် ဆောင်ရွက်လိုရင် ပြည်သူလူထုရဲ့ သဘောထားအသံ စစ်စစ်မှန်မှန်ကို ကြားအောင် နားထောင်စေချင်တယ်။ ပြည်သူ ၈၅ ရာခိုင်နှုန်း က ကန့်ကွက်ဆန့်ကျင်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ထောက်ခံပံ့ပိုးခြင်းဟာ နိုင်ငံရေးအချောင်လမ်းကို လျှောက်လှမ်းတာ ဖြစ်တယ်။ 

နိုင်ငံနဲ့ ပြည်သူကို တကယ်ချစ်ရင် စစ်အာဏာကို တိုက်ဖျက်ပါ။ အချိန်မနှောင်းမီ ပြည်သူ့ဘက်သို့ ခို၀င်ကြပါလို့ ဆိုပါရစေ။ လူထုအခြေပြု ရပ်ဘက်အဖွဲ့အစည်းများအနေနဲ့လည်း တရုတ်-အာဆီယံတို့ ဖော်ဆောင်မယ့်  အတုအယောင် နိုင်ငံရေးဆွေးနွေးပွဲတွေကို တစိုက်မတ်မတ်ကန့်ကွက်သွားကြဖို့ပြင်ဆင်ထားစေလိုပါတယ်။ နိုင်ငံရေး အချောင်လမ်းစဉ်မှန်သမျှ ဆန့်ကျင်ကြဖို့ ပိုင်းဖြတ်ထားသင့်တယ်။  

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar