Breaking News

တော်လှန်ရေးနေ့ကို အမည်ပြောင်းလဲထားတဲ့ တပ်မတော်နေ့ နဲ့ နိုင်ငံအနှံ့အပြားက တိုက်ပွဲတွေ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂၇ မြင်ကွင်း

(မိုးမခ) မတ် ၂၈၊ ၂၀၂၄

တော်လှန်ရေးနေ့ကို အမည်ပြောင်းလဲထားတဲ့ တပ်မတော်နေ့ နဲ့ နိုင်ငံအနှံ့အပြားက တိုက်ပွဲတွေ

ဒုတိယ ကမ္ဘာစစ် အရှေ့အာရှကို စတင်လာချိန်မှာ ဗြိတိသျှ ကိုလိုနီလက်အောက်က လွတ်လပ်ရေး ရယူလိုတဲ့ လူငယ်တွေက ဖက်ဆစ်ဝါဒ ကျင့်သုံးနေတဲ့ ဂျပန်တပ်မတော်နဲ့အတူ ဗြိတိသျှတပ်တွေကို တိုက်ထုတ်ခဲ့ပြီး ၃ နှစ်နီးပါးအကြာမှာ မြန်မာ့ကာကွယ်ရေးတပ် BDAနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီအပါအဝင် နိုင်ငံရေး အင်အားစုတွေက ဖက်ဆစ်ဝါဒီ ဂျပန်တပ်တွေကို ပြန်လည်တိုက်ထုတ်ဖို့ တိတ်တဆိတ် သတ်မှတ်ပြီး တိုက်ခိုက်မှုစတင်တဲ့ ရက်က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ဖြစ်ပါတယ်။ 

ဒီနေ့ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြရာက ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းမှာတော့ မဆလအစိုးရက တပ်မတော်နေ့အဖြစ် အခေါ်အဝေါ်ကို လုံးလုံးလျားလျားပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ရဲ့ နေ့အဖြစ် သမိုင်းကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်လို့ဆိုတဲ့ ဖဆပလရဲ့ မူလသန္ဓေတည် ဖွဲ့စည်းစဥ်အမည် ဖတပလအဖွဲ့ထဲမှာ ဗမာ့ကာကွယ်ရေး တပ်မတော် BDA သာမက အခြားနိုင်ငံရေး အင် အားစုတွေ ပါရှိခဲ့တဲ့ သမိုင်းကြောင်းကို မှေးမှိန်စေပြီး နှစ်စဥ် ဝါဒဖြန့်ရာမှာ ဗမာ့တပ်မတော်ကသာ ဖက်ဆစ်ဝါဒီ ဂျပန်တပ်ကို တော်လှန်ခဲ့တဲ့ သမိုင်းဖြစ်စဥ်အဖြစ် လူအများကို ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။ 

၇၉ နှစ် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံ ဖက်ဆစ်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုသမိုင်းကို သေသေချာချာ သိရှိသူ တဖြည်းဖြည်း နည်းပါးလာပြီး လွတ်လပ်ရေး ရပြီး ၁၀ စုနှစ် တခုအကြာမှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ စစ်တပ်၊ ၁၄ နှစ်အကြာမှာ အာဏာသိမ်းပြီးနိုင်ငံရေး အာဏာကို ပုံစံအမျိုးမျိုး အကြောင်းအမျိုးမျိုးနဲ့ ထိန်းချုပ်ထားခဲ့တဲ့ ဗမာ့တပ်မတော် ရဲ့ ဂုဏ်သိက္ခာက အခုအချိန်အခါမှာ အနိမ့်ကျဆုံး အခြေအနေကို ရောက်ရှိနေပြီး တပ်က ပြိုကွဲလု၊ ၁၉၄၉/ ၅၀ ခုနှစ်နောက်ပိုင်း နယ်မြေတွေ လက်လွှတ်ဆုံးရှုံးမှု အများဆုံး အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ 

ဖက်ဆစ်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ လွတ်လပ်ရေးကို ရယူကာကွယ်ရေး ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ စတင်ခဲ့တဲ့ တပ်မတော်က တိုင်းပြည်လွတ်လပ်ရေး၊ အချုပ်အချာအာဏာ၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ အသွင်ပြောင်းထားတဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေနဲ့ နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကိုသာ ဆင်နွှဲခဲ့တဲ့ တပ်မတော်၊ နိုင်ငံရေးအာဏာကို ဆယ်စုနှစ် ၅ ခုကျော်ကြာ ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် ဗမာ့တပ်မတော်၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းအုပ်ချုပ်ခွင့် အတွက် တိုက်ခိုက်ကြတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်မှုတွေနဲ့  သမိုင်းကို အကျည်းတန်စေခဲ့တဲ့ ဗမာ့တပ်မတော်၊  ၂၀၂၁ ခုနှစ်မှာ တကျော့ပြန် အာဏာသိမ်းမှုတွေနဲ့ ဂုဏ် သိက္ခာနဲ့ လူထုရဲ့ ယုံကြည်မှုတို့ကို လုံးဝနီးပါး ဆုံးရှုံးသွားတဲ့ တပ်မတော် အနေအထားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

၇၉ နှစ်မြောက် တော်လှန်ရေးနေ့မတိုင်မီ လအနည်းငယ်အတွင်း သီတင်းပတ်အနည်းငယ် ကာလတွေမှာ ပင်လျင် ရာနဲ့ ထောင်နဲ့ချီတဲ့ ဗမာ့တပ်မတော် တပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ကြသလို၊ ရာနဲ့ချီတဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေ အသက်ဘေးလွတ်မြောက်ဖို့ အိမ်နီးချင်း နိုင်ငံရဲ့ နယ်မြေတွေထဲ ပြေးဝင်ခိုလှုံကြရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို နောက်ခံ အနေအထားတွေမှာ တပ်မတော်ရဲ့ ဦးစီးချုပ် ဖြစ်သူက တပ်မတော်နေ့ လို့ ခေါ်ဝေါ်တဲ့ မတ်လ ၂၇ ရက်နေ့မှာ စစ်ရေးပြ အခမ်းအနားတွေကို လုပ်ဆောင်နေပေမယ့် စစ်ကောင်စီတပ်တွေရဲ့ စိတ်ဓာတ်ရေးအရသာမက၊ ရုပ်ဝတ္ထုဆိုင်ရာအရပါ ပြုန်းတီး ဆုတ်ယုတ်နေတာ ဖြစ်ပါတယ်။ 

နေ့စဥ် လက်လွှတ်ဆုံးရှုံးနေရတဲ့ ရှေ့တန်း စစ်မျက်နှာက စစ်စခန်းတွေ စာရင်းက တစထက်တစ များပြားလာနေချိန်၊ အချို့သော ဗျူဟာကုန်းတွေ၊ စစ်စခန်းတွေထဲက စစ်ကောင်စီတပ်တွေ ရိက္ခာ၊ ရေ ပြတ်လပ်နေချိန်၊ တိုင်းရင်းသား လက်နက်ကိုင် နဲ့ PDF အဖွဲ့တို့က ဝိုင်းဝန်းတိုက်ခိုက်မှုတွေ လုပ်နေချိန်မှာ နေပြည်တော်မှာ စစ်တပ်ရဲ့ ထိပ်ဆုံးခေါင်းဆောင်တွေက စစ်ရေးပြ အခမ်းအနား၊ လေတပ် ရေတပ်၊ ကြည်းတပ်ဖွဲ့ဝင်တွေရဲ့ ဂုဏ်ပြုခံ အဖြစ်နဲ့ အခမ်းအနားတွေ ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။

တပ်မတော်နေ့ မကျင်းပမီ ၂ ရက်အလိုမှာ မွန်လူမျိုး အများစု နေထိုင်ကြတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက ကော့ဗိန်းကျေးရွာက စစ်ကောင်စီရဲ့ ရဲစခန်းကို မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့၊ ကရင်လက်နက်ကိုင် အဖွဲ့အချို့ပူးပေါင်းပြီး တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ထိစပ်ရာဒေသတွေမှာ မွန်လူမျိုးအများစု နေထိုင်ကြတဲ့ ကော့ဗိန်းလိုကျေးရွာတွေ၊ ကျုံးဒိုးမြို့အနီးက ကမ်းနီကျေးရွာ၊ တရနာ၊ ခရား၊ သံလယ် စတဲ့ ကျေးရွာကြီးတွေ ရှိကြပြီး ပြီးခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်တာကာလအတွင်းမှာတော့ မွန်ပြည်သစ်ပါတီ အနေနဲ့ NCA  ကို ဆက်လက်လိုက်နာခဲ့ပြီး မွန်ပြည်သစ်ပါတီနဲ့ စစ်ကောင်စီတပ်အကြား တိုက်ခိုက်မှု မရှိခဲ့ပါဘူး။ 

မကြာသေးမီ စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းပြီး ရက်ပိုင်းအကြာမှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) MNSP (AD) အဖွဲ့အနေနဲ့ မွန်ပြည်သစ်ပါတီက အင်အားစုတချို့ခွဲထွက် တည်ထောင်ကာ စစ်ကောင်စီကို တိုက်ခိုက်မယ်လို့ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုရက်ပိုင်း မွန်လူမျိုးတွေ နေထိုင်ကြတဲ့ ဒေသတွေမှာ စတင်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေက MNSP (AD) နဲ့ ဖြစ်ပွားတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အခုရက်ပိုင်းအတွင်းမှာပင် ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် သွားကားလမ်း နံဘေးက စစ်ကောင်စီရဲ့ ဗျူဟာကုန်း အပါအဝင် စစ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ မတ်လ ၂၇ ရက်နေ့ ဒီနေ့မှာပဲ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တောင်ကုန်း ၃ ခု ကို KIA တပ်ဖွဲ့က သိမ်းယူနိုင်ခဲ့တယ်လို့ KIA ဘက်က ပြောဆိုထားတာလည်း ဖြစ်ပါတယ်။ 

ယခင် စစ်တပ်အင်အားကောင်းစဥ်၊ နယ်မြေတွေ ထိန်းချုပ်ထားနိုင်စဥ်တုန်းက အခုလို တော်လှန် ရေးနေ့ မတိုင်မီကာလတွေမှာ တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်နယ်မြေတွေက စစ်စခန်းတချို့ကို ထိုးစစ်ဆင်ကာ သိမ်းယူလေ့ရှိပြီး စစ်တပ်က တပ်မတော်နေ့လို့ ခေါ်တဲ့ တော်လှန်ရေးနေ့ မှာ စိတ်အားတက်ကြွစေဖို့ ဝါဒဖြန့်လေ့ရှိပေမယ့် အခု ၇၉ ကြိမ်မြောက် တော်လှန်ရေးနေ့ အခမ်း အနားမှာတော့ အောင်ပွဲအနေနဲ့ ဝါဒဖြန့်စရာ တိုက်ပွဲ မရှိဘဲ ဆုံးရှုံးနေတဲ့ စခန်းတွေ နယ်မြေတွေ၊ စစ်ကူမပေးနိုင်ဘဲ အသေခံ သို့မဟုတ် လက်နက်ချ တဲ့နည်းလမ်းတွေနဲ့ ဆုတ်ခွာနေရတဲ့ မြန်မာ့တပ်မတော်ရဲ့ အခြေအနေတွေနဲ့ ကျင်းပရတဲ့ နှစ်ပတ်လည် နေ့တနေ့ အဖြစ် ပုံဖော်ရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

နှစ်စဥ်နှစ်တိုင်း နံနက်ခင်းကျင်းပလေ့ရှိတဲ့ စစ်ရေးပြ အခမ်းအနားကိုလည်း ယခုနှစ်မှာ ညမှောင်ခါစမှာ ကျင်းပဖို့ ပြောင်းလဲလုပ်ဆောင်ခဲ့ပြီး ဗမာ့တပ်မတော်ရဲ့ သမိုင်းမှာ ၁၉၅၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်ထိ ညပိုင်းမှာ ကျင်းပခဲ့တဲ့ သမိုင်းကြောင်းနဲ့ ဆင်ခြေပေး ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ပူပြင်းတဲ့ ရာသီဥတုကြောင့်လို့ အကြောင်းပြပေမယ့် လုံခြုံရေး အကြောင်းကြောင့် အခုလို ပြောင်း လဲသတ်မှတ်ခဲ့တာဖြစ်နိုင်တယ်လို့လည်း အချို့က ကောက်ချက်ချကြပါတယ်။ အတိတ်နိမိတ်အနေနဲ့ဆိုရင်တော့ နံနက်ခင်း ကျင်းပလာတာ ဆယ်စုနှစ် ၅ ခုလောက်ကြာပြီးနောက် နေဝင်ပြီးနောက် ညဘက်ကျင်းပခြင်းဟာ စစ်ကောင်စီ၊ ဗမာ့စစ်တပ်ရဲ့ နေဝင်ချိန်ကို ညွှန်းဆိုပြနေသလားလို့လည်း တင်စားကောက်ချက်ချနေကြတာ ဖြစ်ပါတယ်။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar