Breaking News

နတ္ထိ - ကလိသည့် - အိပ်မက်တော်

အိပ်မက်တော်
နတ္ထိ - ကလိသည်။
(မိုးမခ) မတ် ၂၈၊ ၂၀၂၄

ညက အကျွန်ုပ် အိပ်မက်မက်သည်။ စနေနေ့ မိုးသောက်ယံတွင် မက်သည့် အိပ်မက် ဖြစ်သည်။ အိပ်မက်ထဲတွင် အကျွန်ုပ်သည် ဧရာမကျွဲကြီးတကောင်ကို စီးရသည်။ ထိုကျွဲကြီး၏ ဘေးဖက် ဝဲယာတွင် နွားတကောင်နှင့် ဝက်တကောင် ခြံရံသည်။ ရှေ့တော်ပြေးအဖြစ် မြေခွေးတကောင်၊ အထက်ကောင်းကင်ယံတွင်ကား လင်းတ ငှက်တကောင် လိုက်ပါစောင့်ရှောက်သည်။ ဂုဏ်ကြက်သရေအပေါင်းနှင့် ပြည့်စုံသည့် အနှီတိရိစ္ဆာန်အပေါင်းတို့ ခြံရံကာ တိုင်းခန်းလှည့်လည်နေသည့် အကျွန်ုပ် တဘဝရှင် မင်းမတရားကြီးသည် ဆူပွက်နေသည့် တိုင်း ပြည်ကြီး၏အရေးအရာအပေါင်းတို့အား ခေတ္တခဏ မေ့ပျောက်ထားလိုသော မနောဖြင့် လယ်ကွင်းနံဘေး ချောင်းရိုးလေးတလျှောက် ကျွဲစီးရင်း စိမ်ပြေနပြေ လည်ပတ်နေခဲ့သည်။ ချောင်းစပ်တွင်ကား ကြာပန်းတို့ အစီအရီ ပွင့်ရင်း အလှချင်းပြိုင်နေကြသည်။ 

ဤသို့ဤနှယ် ကြည်နူးဖွယ်ကောင်းလွန်းလှသော မြင်ကွင်းလေးကြောင့် အကျွန်ုပ်၏ စိတ်အစဉ်၌ သိင်္ဂါရ ရသ ထကြွလာသဖြင့် ခါးကြားမှ ဝါးပုလွေလေးကို ထုတ်ကာ သီချင်းတပုဒ် ကြူမိသည်။ အကျွန်ုပ်၏ ပုလွေကြူသံပင် မဆုံးသေး၊ အကျွန်ုပ်စီးလာသည့် ကျွဲကြီးက အကျွန်ုပ်အား သူ့ကျောပေါ်မှ ခါချလိုက်ကာ ခွာဖြင့်ပေါက်လိုက်၊ ချိုဖြင့်ခတ်လိုက် လုပ်ပါတော့သည်။ ထိုခဏတွင်ပင် အကျွန်ုပ်၏ အဂ္ဂမဟေသီကြီး ဖြစ်တော်မူထသော ကြူကြူလှ၏ ကျူကျူပါအောင် ငိုချလိုက်သည့် အသံကြောင့် အိပ်မက်မှ လန့်နိုးခဲ့ရသည်။

"အလို! ကြူခေါနှမငယ် ~ ဘဇာသော အကြောင်းကြောင့် ကျိန်းစက်တော်မူနေရာမှ ငိုသံပါကြီးနှင့် ရုတ်ခြည်း နိုးထလာရပါသနည်း"

နှလုံးသားကြီးမြတ်တော်မူလှသည့် အကျွန်ုပ်သည် ချစ်ရသူ၏ ဟောက်ပက်နေသောမျက်တွင်းထဲမှ လျှံကျလာသည့် မိချောင်းမျက်ရည်တို့ကို သုတ်ရင်း ကြင်နာစွာ အမေးရှိလိုက်ရာ၊ သူမသည် ဒူးခေါင်းခွက်မျှနက်သည့် မျက်တွင်းညိုကြီးထဲမှ  ဒူးဂုံညင်းတမျှ ကြီးမားလှသည့် မျက်ပြူးကြီးများဖြင့် အကျွန်ုပ်အား စိုက်ကြည့်ကာ...
"ဒီတခါဖြင့် ကိုယ်ကျိုးနည်းရပါပေါ့လား ခြောက်စောင်းမောင်တော်ရယ်၊ အကျွန့်နှမ အိပ်မက်တော်ထဲမှာ မန္တလေးက မဟာမြတ်မုနိကိုယ်တော်ကြီး ရခိုင်ပြည်ကို ကြွသွားတော်မူသတဲ့ဖျား"

"သယ် ~ လက်စသတ်တော့ ဒီ မဟာမုနိကိုယ်တော်ကြီးကိုယ်တိုင်လည်း ဖရဲသီး ဖြစ်နေပါရော့လားဟေ။ ငရို့တွေ သောက်သောက်လဲ စစ်ရှုံးနေချိန်ကျမှ ရန်သူ့နယ်မှာ သွားပြီး ခိုလှုံရတယ်လို့ကွယ်... ရာဇ၀င် ရိုင်းပါဘိသနဲ့။ အိမ်း ~ လေယာဉ်တွေပျက်၊ လေယာဉ်မှူးတွေ မြေဆီစားပြီး၊ လေယာဉ်ဆီတွေ ရှားပါးနေချိန်ကျမှ ဒင်းနောက်လိုက်ပြီး ဗုံးကြဲရပေဦးမပေါ့လေ။ ဟွင်း"

"ကြံကြီးစည်ရာ မောင်တော်ရယ်။ မုနိကိုယ်တော်ကြီး ပြန်ကြွသွားလည်း နှမတော်တို့ရဲ့ ကြပ်ပြေးရွှေပြည်မှာ သူ့ထက် အပုံကြီး ကြီးတဲ့ မရဏဝိဇယ စကျင်ကိုယ်တော်ကြီး ရှိနေမင့်ဟာ။ စိတ်ပူတော် မမူစမ်းပါနဲ့ရှင်။"
"ဟယ် ~ ဒီမိန်းမ၊ တော်တန်တိတ်စမ်း! စကျင်ကျောက်ဆိုတာ အရည်ဖျော်ပြီး လက်နက်လုပ်လို့ မရဘူးကွ။ နားလည်လား? မုနိကိုယ်တော်ကြီးဆိုတာက ကြေးသွန်းရုပ်ပွားတော်ကြီး။ အဲဒီမှာ ပူဇော်ထားကြတဲ့ ရွှေတွေကို ခွာယူပြီးမှ ကျန်တာကို မီးတိုက်ပြီး အရည်ဖျော်လိုက်ရရင် လက်နက်ပေါင်း အထောင်အသောင်း သွန်းလုပ်လို့ ရမှာဟဲ့။ သဘောပေါက်လား?"

"ပေါက်ပါပြီ လူပု ဂွတိုလေးရယ်။ သူ့မှာလည်း ဒေါသလေး နည်းနည်းထွက်တာနဲ့ နန်းဟန်တွေ ကျမ်းဂန်တွေ ပျောက်ပြီး အကြမ်းပတမ်း လူရမ်းကားဘဝ ပြန်ရောက်သွားလိုက်တာများ အံ့သြမိပါရဲ့"
"အမလေးလေး... နှမတော်ရဲ့ ကြမ်းတမ်းလှတဲ့ စကားတွေက မောင်တော်ရဲ့ နှစ်လုံးသည်းပွတ်ကြီးကို ပြုတ်တူနဲ့ ဆွဲညှစ်ထားသလို အနေရခက်လိုက်ပါဘိသနဲ့။ ဘုရား... ဘုရား..."

အကျွန်ုပ်သည် ပုရိသမာယာကို သုံးပြီး ခေါင်းမူးသွားဟန်ဖြင့် မျက်လုံးများကို ဝက်မှေး မှေးကာ သူ့ကို အကဲ ခတ်လိုက်သည်။ အမှန်စင်စစ် သူသည် မုနိကိုယ်တော်ကြီး ပြည်တော်ပြန်ခြင်းကို အားကျကာ၊ သံတွဲနားရှိ သူ့ဇာတိ ဇီးကုန်းရွာကို ပြန်ချင်နေခြင်းဖြစ်သည်။ အကျွန်ုပ် ကော့တင်လိုက်မှ ဦးမော့လာသည့် သူ့ဘ၀ကို လွယ်လွယ်နှင့် မေ့ပစ်လိုက်သော အနှီ ဇီးသီးသည်မအား စကောထဲ ထည့်လှိမ့်ကာ ဆင်ကိုးစီးဖြင့် နင်းချေပစ်ချင်စိတ်အား ချုပ်တီးရင်း...

"ကဲပါ... ကြူခေါလေးရယ် ~ အဲဒီ စကျင်ရုပ်ပွားတော်ကြီးကလည်း စိတ်ချရတာ မဟုတ်လေတော့ - သူ့ကိုပါ လှုပ်မရအောင် ထူးခတ်ထားလိုက်မယ်နော်"
"ဖေတော့ ~ အဲလေ မောင်တော့် သဘောပါ မောင်တော်ရယ်"
"ဪ - ဒါနဲ့၊ မောင်တော်ကိုယ်တိုင်ရဲ့ အိပ်မက်တော်ကလည်း မကောင်းလှပေဘူးကွဲ့။ ဒါ့ကြောင့် မောင်တော်တို့ရဲ သစ္စာခံ ကသည်းကိုယ်တော်ကြီးကို ဖိတ်မန္တကပြုပြီး အိပ်မက်ရဲ့အနက်ကို ဖွင့်ခိုင်းလိုက်ရရင် ဘယ်လိုနေမလဲကွဲ့"

"သင့်မြတ်လှပါပေတယ် မြောက်ရှုံးမောင်တော်ရယ်။ နှမတော်လည်း ကသည်းကိုယ်တော်ကြီးကို နားရွက်ဆွဲပြီး ထိုင်ထ မလုပ်ခိုင်းရတာ ကြာပြီဆိုတော့ - ရှေ့တော်မှောက် အရောက်သာ ခေါ်တော်မူလိုက်ပါ မောင်တော်"
စင်စစ် - ခန္ဓာကိုယ် တုတ်ခိုင်ကြီးမားလွန်းသဖြင့်သာ ကိုယ်တော်ကြီးဘွဲ့ရထားသည့် အဆိုပါ ကသည်းကိုယ် တော်ကိုလည်း အကျွန်ုပ်ယုံကြည်လှသည် မဟုတ်ပါ။ "မြောက်ရှုံးဘွဲ့" အား အကျွန်ုပ် ရထိုက်သည် ဆိုငြားအံ့၊ ထိုကိုယ်တော်သည်လည်း "မျောက်ရှုံးဘွဲ့" ကို ရထိုက်ပေသည်တမုံ့။ အကြောင်းမူကား ထိုကိုယ်တော်သည် နိုင်ငံရေး ဒီရေအတက်အကျကို လိုက်ကာ ဒီမိုကရေစီဘက်သား ဖြစ်လိုက်၊ စစ်တပ်ဘက်သား ဖြစ်လိုက်၊ ဒီချုပ်ဘက်သား ဖြစ်လိုက်၊ တပ်ချုပ်ဘက်သား ဖြစ်လိုက်ဖြင့် "ဟိုပင် ဒီပင် ကူးပါလို့ ဂူကြီးဖင်ခေါင်းကျယ်" ဖြစ်နေသောကြောင့်ပင်တည်း။
----

ရုရှားရှိ မဟာယာနဘုန်းတော်ကြီးများက ဆက်ကပ်လှူဒါန်းထားဟန်ရှိသည့် ပိုးသင်္ကန်းနှင့် ဆောင်းတွင်းဝတ် လိမ္မော်ရောင် သိုးမွှေးဦးထုတ်ကို ဆင်မြန်းလာသည့် ကသည်းကိုယ်တော်ကြီး၏ ရုပ်သွင်မှာ အခါတိုင်းထက် ပိုမိုခံ့ညားနေသယောင်ရှိသည်။ ရုရှားတွင် အားကစားဂျင်ဆော့လေ့ရှိသဖြင့် ညိုမောင်းလှသည့် သူ၏ ကိုယ်လုံး ကိုယ်ပေါက်သည် ယခင်ကထက် ပို၍ သန်မာကျစ်လစ်လာသည်ကိုလည်း အကျွန်ုပ် သတိပြုမိသည်။ အနှီကိုယ်တော်ကြီး၏ ကိုယ်လက်လှုပ်ရှားပုံ၊ လမ်းလျှောက်ပုံတို့မှာလည်း ရှေးကနှင့်မတူပဲ သွက်လက်ဖျတ်လတ်လွန်းလှသည်ဖြစ်ရာ၊ သူအမြဲကိုင်ဆောင်လေ့ရှိသည့် လမ်းလျှောက်တုတ်သာ ပါမလာခဲ့ပါလျှင် မှတ်မိနိုင်စရာပင် အကြောင်းမရှိပါ။
"ဇဒိုရိုဘို ဒကာကြီး"

အင်္ဂလိပ်လို "ဟယ်လို" ဟု အဓိပ္ပာယ်ရသည့် ရုရှားစကားဖြင့် နှုတ်ဆက်လိုက်သည့် ကသည်းကိုယ်တော်ကြီးကို အကျွန်ုပ်တို့ အရှင်နှစ်ပါးက ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြသည်။ ယခင်က အကျွန်ုပ်အား "သာသနာပြုမင်းကြီး" သို့မဟုတ် "ပြည့်ရှင်မင်းကြီး" ဟုသာ အာလုပ်သံကြီးဖြင့် အလွန်အမင်း ချီးမြှောက်ခေါ်ဆိုတတ်သော်လည်း ယခုတွင်မူ "ဒကာကြီး" ဟူသော သာမန်အသုံးအနှုန်းဖြင့် ခေါ်ဝေါ်လာခြင်းကို အကျွန်ုပ် သတိထားလိုက်မိသည်။ မည်သို့ပင် ဖြစ်စေ၊ သင်္ကန်း၏ ဂုဏ်ရှိန်ကြောင့်လော မသိ၊ သူ၏ ရှေ့မှောက်သို့ရောက်သည်နှင့် အကျွန်ုပ်တို့ အလိုလို ဒူးထောက်မိလျက်သား ဖြစ်သွားကြသည်။

"အိမ်း ~ ဒကာကြီးက အိပ်မက်ရဲ့ အနက်ကို သိချင်သပဆို?"
"မှန်လှပါ ဘုရား"
"ကဲ ~ ဘုန်းဘုန်းက ဟောသလို လိုရင်းတိုရှင်းပဲ မိန့်လိုက်မယ်။ နားထောင်"
"တင်ပါ့ဘုရား"
"ဒကာကြီးရဲ့ အိပ်မက်က စနေနေ့မှာ မက်တာဖြစ်လို့၊ အဲဒီအိပ်မက်ဟာ မက်သူ ကိုယ်တိုင်နဲ့သာ သက်ဆိုင်တယ်"
"မှန်လှပါ ဘုရား"
"ဒါ့အပြင် မိုးသောက်ယံ အရုဏ်တက်မှာ မက်တဲ့ အိပ်မက်မို့ အမှန်ကို မက်တာဖြစ်ပြီး၊ တလအတွင်း အကျိုးအပြစ်ကို ပေးလိမ့်မယ်"
"မှန်လှပါ ဘုရား"

ကသည်းကိုယ်တော်ကြီး၏ ပြတ်သားသော စကားများကြောင့် အကျွန်ုပ်သည် စိတ်လှုပ်ရှားစပြုလာသလို၊ ကျောချမ်းစလည်း ပြုလာချေပြီ။

"အိပ်မက်ရဲ့ အခြင်းအရာကို ကြည့်မယ်ဆိုရင်တော့ ~ ဒကာကြီး စီးလာတဲ့ ကျွဲကြီးရှေ့က သွားနေတဲ့ မြေခွေးဆိုတာက ဒကာကြီးရဲ့ရှေ့မှာ အစဉ်အဆက်ရှိခဲ့ဖူးတဲ့ ကောက်ကျစ်လှတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကြီးတွေ ဖြစ်ကြသကွဲ့"
"မှန်... မှန်... "မှန်လှပါ"
"ဒကာကြီးရဲ့ ညာဖက်က ဝက်ဆိုတာက ~ ဒကာကြီး အောင်းနေတဲ့ နေပြည်တော်က ဂူကြီးရဲ့ မရှိတဲ့အရောင်ကို တောက်ပြောင်လာအောင်  သူ့တို့ရဲ့ ကိုယ်လုံးတွေနဲ့ ပွတ်တိုက်ပြီး ဝါဒဖြန့်ပေးနေကြတဲ့ မျိုးချစ်တွေ၊ မဘသတွေပဲကွ။ ဟုတ်ပြီနော်။
"ဟုတ်... ဟုတ်"
"ဒကာကြီးရဲ့ ဘယ်ဖက်က နွားဆိုတာကတော့ ~ ဒကာကြီး ခိုင်းသမျှကို အသက်ပေးပြီး ဆောင်ရွက်နေကြတဲ့ စစ်သားတွေပဲကွဲ့။ သဘောပါလား?"
"ပါ... ပါ... ပါပါတယ် ဘုရာ့"
"ကောင်းကင်မှာ ပျံဝဲနေတဲ့ လင်းတငှက်ကတော့ ကျွဲခတ်တဲ့ဒဏ်၊ ကျွဲနင်းတဲ့ဒဏ်ကြောင့် ဒကာကြီး ကံကုန်အပြီးမှာ ကျန်ရစ်ခဲ့မယ့် အတ္တဘောကြီးကို စိတ်တိုင်းကျ ဖဲ့ချွေစားသောက်မယ့် တကယ့် ငှက်လင်းဋစစ်စစ်ကြီး တကောင်ပေါ့ကွာ"
"ဟုတ်... ဟုတ်... ဟုတ်ပါ့မလား အရှင်ဘုရား။
"ဟုတ်ပါသော်ကော ဒကာကြီးရယ်"
"ဒါဖြင့်... ဒါဖြင့်... တပည့်တော် စီးလာတဲ့ ကျွဲကြီး ဆိုတာကရော ဘုရာ့?"
"ဟွင်း ဟွင်း... ဒကာကြီးကလည်း ပါးမယောင်နဲ့ အင်မတန် ထူသကိုးကွဲ့။ ကဲ ~ ဟောဒီမှာကြည့်!"

ကသည်းကိုယ်တော်ကြီးသည် ကိုယ်ဟန်ပြမောင် တယောက်အလား သူ၏ လက်ရုံးနှစ်ဖက်ကို ပခုံးနှင့် တပြေးညီ ရုတ်ခြည်း ကွေးတင်ကာ၊ မြှောင်းထနေသည့် ကြွက်သားများကို ညှစ်ပြချေတော့သည်။ ပြီးမှ ကားဆန့်ထားသည့် ဘယ်နှင့်ညာ လက်မ လက်ညှိုး နှစ်ချောင်းအား သူ၏ နဖူးစွန်းတွင် ထောက်ကာ တဖူးဖူးဖြင့် နှာမှုတ် ခေါင်းရမ်းရင်း...
"ကဲ ~ ဒါ ဘာနဲ့ တူသလဲ ပြောကြည့်"
"ကျွ... ကျွ... ကျွဲ... ကျွဲကြီးတကောင်နဲ့... တူ... တူ... တူပါတယ် ဘုရား"

ညိုမောင်းနက်မှောင်၍ ကြွက်သားပြိုင်းပြိုင်းထနေသည့် ကသည်းကိုယ်တော်ကြီး၏ ခန္ဓာကိုယ်မှာ ပီဘိ ကျွဲကြီးတကောင်အလား ကြက်သီးထစရာကောင်းလွန်းလှတော့သည်။

"အေး၊ အဲဒီ ကျွဲကြီးက ငါပဲကွ။ မှတ်ထား"
အံ့ဩ ထိပ်လန့်စိတ်ကြောင့် မျက်လုံးများ ပြာဝေလာသည့် အကျွန်ုပ်သည် ပုဆစ်တုပ် ထိုင်နေရင်းမှ မူးလဲကျမသွားအောင် စိတ်ထိန်းရင်း စကားပင် မပီနိုင်တော့ပဲ...
"ဝုတ်... ဝုတ်... ဝုတ်ကဲ့..."
"တကယ်ဆို မင်းက ငါ့ကို စီးလာတာ မဟုတ်ဘူးကွ။ မဟာသမ္မတမင်းရဲ့ မင်းဆရာဖြစ်ချင်တဲ့ ငါက... မင်းတယောက်များ သမ္မတဖြစ်လာလေမလားလို့ အာဏာသိမ်းဖို့ အခါပေးပြီး ငါ့ကျောပေါ်ကို တင်ခေါ်လာခဲ့တာကွ။ နားလည်လား!"
"ဝုတ်... ဝုတ် ဝုတ်..."
"ဒါပေမဲ့ သုံးနှစ်သာ ကျော်သွားရော၊ သမ္မတဖြစ်ဖို့ဆိုတာ ဝေလာဝေးလို့ ခွေးလုံးလုံး ဖြစ်သွားတဲ့အထိ သောက်သုံးမကျလိုက်တဲ့ အကောင်... ကဲကွာ... ကဲကွာ... ကဲကွာ....!

ကသည်းကိုယ်တော်ကြီးသည် အကျွန်ုပ်အား ဂုတ်မှဆွဲကိုင်၍ ဒူးနှင့် တိုက်သည့်အပြင်၊ လမ်းလျှောက်တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ရုရှားဘွတ်ဖိနပ် စီးထားသည့် ခြေဖြင့် ကန်ကျောက်ခြင်း၊ ခြေအစုံတို့ဖြင့် ကိုယ်ပေါ်၌ တက်ခုန်ခြင်း အစရှိသည့် ပွဲကျောင်းဘုန်းကြီးတို့၏ အဋ္ဌာရသပေါင်းစုံဖြင့် အကျွန်ုပ်၏ အသက်ကို ဆွဲနှုတ်နေချေပြီ။
ကိုယ်တွင် ရှိသမျှ အရိုးများ တစစီ ကျိုးကြေစပြုနေပြီ ဖြစ်သည့် အကျွန်ုပ်သည် အဂ္ဂမဟေသီကြီးထံမှ အကူ အညီ ရလိုရငြား လှမ်းကြည့်မိသော်၊ သူသည် အကျွန်ုပ်အားကူညီကယ်တင်ဖို့ ဝေးစွ၊ သူ၏ ရွာတော်ပြန်နိုင်ရေးအတွက် တရန်ရှင်းသွားပြီဆိုသော အကြည့်ဖြင့် အသက်ငင်နေသည့် အကျွန်ုပ်အားရွှင်ပြုံးအားရစွာ ကြည့်နေသည်ကိုသာ မြင်လိုက်ရပါတော့သည်။

ဤတွင် နိဋ္ဌိတံ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar