Breaking News

အောင်ဝေး - ကဗျာဟာ သေနတ်ပြောင်းဝကထွက်တယ်

Phtos- Credit

ကဗျာဟာ သေနတ်ပြောင်းဝကထွက်တယ်
အောင်ဝေး
(မိုးမခ) မတ် ၂၁၊ ၂၀၂၄

ဝါးပေါ်ယဲ့ထရီဒေး*...တဲ့
ရက်ဂေးတစ်ပုဒ်ရေးမယ်
သားရီး။

ကမ္ဘာ့ကဗျာနေ့မှာ
အလှရှာမတွေ့ပါ
(အမြလည်းမတွေ့ပါ)
ကမ္ဘာ့ကဗျာနေ့မှာ
တချို့
အကျနာနေတယ်
တောထဲတောင်ထဲမှာ။

တချို့
အနာကျနေတယ်
အရက်သီချင်းဆိုင်ထဲမှာ။

ကမ္ဘာ့ကဗျာနေ့မှာ
ဘဝဟာ
ကြာပေ့ဆိုတဲ့ကာလကြီးကို
လည်စင်းခံဖြတ်နေရတယ်။

ကမ္ဘာ့ကဗျာနေ့မှာ
ဘဝဟာ
နာပေ့ဆိုတဲ့ဒဏ်ရာကြီးကို
လျှာနဲ့ပြန်လျက်နေရတယ်။

ကမ္ဘာ့ကဗျာနေ့မှာ
ငါ့ကဗျာအငွေ့နဲ့ငါ
ပြာဖြစ်နေခဲ့ရလေရဲ့။

ကမ္ဘာ့ကဗျာနေ့မှာ
စကားလုံးတွေမီးလောင်နေတယ်
စာကြောင်းတွေမီးလောင်နေတယ်
စာပိုဒ်တွေမီးလောင်နေတယ်။

ကာရန်တွေ
အသံတွေ
ရစ်သမ်တွေမီးစွဲလောင်နေရဲ့။

ကမ္ဘာ့ကဗျာနေ့မှာ
မသေသေးတဲ့ကဗျာဆရာတွေက
သေသွားတဲ့ကဗျာဆရာတွေကို
သတိရကြတယ်။

ငါကတော့
သတိရရင် သစ်ပင်စိုက်တာပဲ။

မစ်ရှီဂန်မဲဇာမှာ
ကေဇဝင်းအတွက်
ချယ်ရီပင်တစ်ပင်
ကြည်လင်အေးအတွက်
ချယ်ရီပင်တစ်ပင်။

သူတို့ကျဆုံးသွားတဲ့
မတ်လမှာ
ငါစိုက်ခဲ့ပေါ့။

အခုနွေဦးပေါက်ရင်
သုံးနှစ်သားကေဇဝင်းချယ်ရီ
ပွင့်ရော့မယ်။

သုံးနှစ်သမီးကြည်လင်အေးချယ်ရီ
ပွင့်တော့မယ်။

ရှင်သူတွေသစ်ပင်များများစိုက်ရင်
သေသူတွေ
အရိပ်များများရတာပေါ့။

ရှင်သူတွေဥယျာဥ်များများပျိုးတော့
သေသူတွေ
အတိတ်များများလှမှာနော့။

ကမ္ဘာ့ကဗျာနေ့မှာ
အစ်မရွာအရှေ့ကတမာပင်
ကြမ္မာငင်နေမလား။

အဖယာအကွေ့ကလက်ပံပင်
အသံဝင်နေမလား။

မဟုတ်ဘူး
ကမ္ဘာ့ကဗျာနေ့မှာ
ခက်သီ
ရွှေမော်ဓောဘုရားမှာနားထွင်းနေတာ။

မဟုတ်ဘူး
ကမ္ဘာ့ကဗျာနေ့မှာ
Aစိုင်းကေ
မောင်ပို
ရိုးရာ
..........
နောင်ရိုးမှာဖောင်တွေမီးရှို့လိုက်ကြတာ။

ကဗျာဆရာတွေများများသေတော့
ကမ္ဘာကြီး
များများငိုရရှာသတဲ့။

ကမ္ဘာကြီးအငိုတိတ်ဖို့
ညညကမ္ဘာကြီးထထမငိုဖို့
ကမ္ဘာကြီးအိပ်ရေးဝဝအိပ်ဖို့။
ငါတို့
ကဗျာများများရေးကြစို့။

ငါတို့ကဗျာများများရေးရင်
ကမ္ဘာကြီး
များများအေးချမ်းမယ်။

မီးလျှံတွေနဲ့စစ်အတွင်း
ကဗျာဟာ
သေနတ်ပြောင်းဝကထွက်တယ်။

သားရီး
ဒီကဗျာ
အနာကျနေတဲ့
ရွာကအကောင်တွေမဖတ်စေနဲ့။  ။

အောင်ဝေး
* World Poetry Day– March 21
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar