Breaking News

ဦးကျော်သက်လင်း - ညတွေ

ဦးကျော်သက်လင်း - ညတွေ

(မိုးမခ) မတ် ၂၀ ၊ ၂၀၂၄

မနက်အစောဆိုရင် မိုးမလင်းခင်ထ၊ သင်တန်း စုရပ်မှာ တန်းစီ၊ လူစစ်၊ အကြောလျှော့ လေ့ကျင့် ခန်းလေး ဘာလေးလုပ်၊ သင်တန်းကွင်းကို အိပ်ချင်မူးတူးနဲ့ ထလမ်းလျှောက်၊ ဗွက်နင်းလိုက်၊ ငုတ်စူးလိုက်၊ ချော်လဲလိုက်၊ ပြန်လျှောက်လိုက်နဲ့ဆယ်မိနစ်လောက် လျှောက်မှ သင်တန်းကွင်းကို ရောက်၊ ပြန်တန်းစီ၊ စပြေးတော့ အနည်းဆုံးဆယ်ပတ်ပဲ၊ တကယ့်ခရောင်းလမ်း၊ ဗွက်က တစွိစွိ၊ သစ်ငုတ်အတိုအစတွေနဲ့ ခလုတ်တိုက်လဲ၊ မပြေးနိုင်တဲ့လူတွေက ကွင်းထဲဝင် လမ်းလျှောက်။

အမှားလေး လုပ်မိလိုက်ရင်ပဲ ဖြစ်ဖြစ်၊သင်တန်းဆရာတွေက အမှားလို့ မြင်ရင်ပဲဖြစ်ဖြစ် အဲဒီရဲဘော်ကတော့ ထိုင်ထ၊ ဒိုက်ထိုး၊ ဘဲသွား၊ ကြိမ်ဒဏ် စတာတွေကို သင်တန်းသားတွေရှေ့မှာ ခံယူရတော့တာပါပဲ။

အပြစ်ဒဏ်အပေးခံရဆုံးနဲ့ ထီမထင် မျက်နှာပေးနဲ့ ကြိမ်ဒဏ် အချက်ငါးဆယ်ကို မျက်နှာမပျက်ဘဲ ခံယူနိုင်တဲ့သူ၊ သင်တန်းကွင်း ဆယ်ပတ်ကို ဖိနပ်မပါဘဲ ပြေးခဲ့ရတဲ့သူကတော့ ကျနော် အားအထားရဆုံးသမီး ထည်ဝါပါပဲ။

ဒီအကြောင်းတွေပြောရင် ဒီနေ့အထိ တဂတ်ဂတ်နဲ့ ဘဲလိုအော်ကာ ဘဲသွား သွားခဲ့ရတဲ့သမီး၊ ကြိမ်ဒဏ် အချက်ငါးဆယ် ပြီးလို့ ညဘက်စကားဝိုင်းကို ဘောင်းဘီလေး တင်ပါးနဲ့ မထိအောင် မရင်း ကားရားကားရား ပြုံးစိစိနဲ့ လာခဲ့တဲ့ သမီးမျက်နှာကို ပြန်မြင်ယောင်ဆဲပါ။

နောက်တစ်ဦးကတော့ ကျားဖြူစစ်ကြောင်းကို ပြောင်းပြီး အဲဒီမှာပဲ ကျဆုံးသွားပြီးဖြစ်တဲ့ ရဲဘော်လက်ပံ ခေါ်တဲ့ သမီး မမြင့်ပါပဲ။ အသက်ဆယ့်ရှစ်နှစ်နဲ့ အငယ်ဆုံး အချောဆုံးလေး၊ မောင်နှမ လေးယောက်စလုံး အတူတူ ရှိခဲ့ဖူးသော နေရာလေး။ အစ်ကိုကြီးက အားအထားရဆုံးသော ရဲဘော်ဒဿ၊ အစ်ကိုလတ်က ဆန္ဒပြရင်း ကျည်ထိခဲ့ရ။ ညီမအငယ်ဆုံးလေးက ကျဆုံး။ နို့ညှာလေးဖြစ်တဲ့ လက်ပံရဲ့ အစ်မ တိမ်လွှာက အစ်ကိုကြီးနဲ့အတူ တာဝန်ထမ်းဆောင်ဆဲ။ 

ရေးစရာတွေ များပေမယ့် နေ့တိုင်း အချိန်ရတိုင်းတော့ သတိရတဲ့ နေရာကနေ မှတ်တမ်းတင်နေဆဲပါ သားတို့ သမီးတို့ရေ။

ဒီနေရာမှာ သင်တန်းကွင်းဆိုတာက ------ ဒေသရဲ့ တောကြီးမျက်မည်းနေရာမျိုးပါပဲ။

မြွေ၊ ဖွတ်၊ မျောက်မျိုးစုံ၊ ဆတ် ၊ဂျီပစုန်း(ဒေသအသံထွက်အတိုင်း၊ ချေငယ်မျိုး)၊ အောက်ချင်း၊ ဆင်၊ ပြောင်၊ ကျားကျုတ်ခေါ် ကျားသစ်ပေါက်၊ ကြောင်ဝံ၊ ပွေး၊ သင်းခွေချပ် စတဲ့ အကောင်မျိုးစုံ ကျက်စားရာနေရာ။

ဆယ်ပတ်ပြေးပြီးပြန်တော့ ဒိုက်ထိုး၊ ထိုင်ထလေ့ကျင့်ခန်းတွေက ပုံမှန်၊ပြီးမှ အကြောပြန်လျှော့။

မနက် ၆:၃၀ လောက်မှာ စုရပ် ပြန်လာ၊ တန်းစီ၊ လူစစ်၊ ရေချိုး၊ ထမင်းစား၊ ခဏတာနားချိန်၊ ပြီးတာနဲ့ စာတွေ့ လက်တွေ့ သင်ခန်းစာများ။

တန်းဖြုတ်တာနဲ့ ပထမ သုံးလလောက်က နေ့လယ်စာ စားချိန်၊ နောက်တော့ နေ့လယ်စာ ဖြုတ်ပြီးတော့ တစ်နေ့ကို ထမင်းနှစ်နပ်ပဲ ကျွေးမယ် ဖြစ်ကြပြန်ပါတယ်။ လူများလို့ ရိက္ခာမလောက်တာတွေနဲ့ ကရိကထများလို့ ဆိုတာတွေရောပေါ့။

နေ့လယ်သင်ခန်းစာတွေ ပြန်စ၊ ပြီးတော့ ညနေ ရေချိုး၊ ထမင်းစား၊ ညအိပ်ချိန်။ မအိပ်ခင်မှာ ကိုမိုးတို့တဲမှာ  ရဲဘော်တွေ စုကြပြီး ဗဟုသုတ အချိန်လေးလို စကားတွေ ပြောကြရင်း တဲကျိုးကျတာကလည်း မှတ်မှတ်ထင်ထင်ပါပဲ။

သင်တန်းမပြီးမချင်းကတော့ စတန်းဒူးက သင်တန်းသားတွေ အကြောက်ဆုံးအရာပါ။

သင်တန်းပြီးခါနီး တစ်လရဲ့ ည ကိုးနာရီ နောက်ပိုင်းကတော့ ရဲဘော်တွေ သေမတတ် ပင်ပန်းရသလို  မကြာခဏ မူးမေ့လဲ၊ ဆေးခန်းရောက်ရတဲ့ အချိန်တွေပေါ့။ တစ်နေကုန် ပင်ပန်းပြီး ညအိပ်ရာ ဝင်ချိန်ကစပြီး ရတဲ့အချိန် ပျော်အောင်သာ အိပ်ပေတော့။

ခရာတုတ်ပြီ ဝီစီမှုတ်ပြီ သေနတ်သံ တဒိုင်းဒိုင်းကြားပြီ ဆိုတာနဲ့ ကိုယ့်အထုပ်ကိုယ်ဆွဲ (ရေစိုအဝတ်ကအစ ဖိနပ်ပါ မကျန်) ပြီးတာနဲ့ သင်တန်းကွင်းကို အလဲလဲအပြိုပြိုနဲ့ ပြေးပေရော့။ အဆောင်တစ်ဆောင်မှာ ပစ္စည်းတစ်ခုခု ကျန်တာနဲ့ တစ်ဆောင်လုံး ဒိုက်ထိုး၊ ထိုင်ထ၊ ကြိမ်ဒဏ်ခံပေရော့။ ည ဆယ့်တစ်နာရီလောက်ပြီးလို့ စိုရွှဲနေတဲ့ မိုးရွာထဲမှာ ဗွက်တစိုစိုနဲ့ နားမယ် မကြံနဲ့ ဆယ့်နှစ်နာရီမှာ နောက်တစ်ခါ စတန်းဒူးပြန်ရော၊ ည တစ်နာရီခွဲလောက်မှာ ပြီးတာနဲ့ ပင်ပင်ပန်းပန်း အိပ်မယ်ကြံကာရှိသေး မနက် သုံးနာရီမှာ တစ်ခါ၊ ဒူးပြန်ရော။ မနက် ငါးနာရီကျတော့ ပီတီချိန်မှာ ရဲဘော် ၂၄၀ က လာနိုင်တဲ့သူ ၅၀ မပြည့်တော့ပါဘူး။

အဲဒီလောက်ပင်ပန်း ကြမ်းတမ်းခဲ့ရသော အပတ်စဉ် (၁) တွေမို့ အမှတ်ရစရာက သတိရတဲ့အခါတိုင်း မျက်လုံးထဲမှာ ဓာတ်ပုံရိုက်ထားသလိုပါပဲ။

တောထဲ စရောက်တော့ အဝတ်တစ်ထည် ကိုယ်တစ်ခု၊ တစ်ပတ်ကြာတော့ ဘောလုံးအင်္ကျီနဲ့ ဘောင်းဘီတွေ ရောက်လာတယ်။ ပြောက်ကျားဝတ်စုံကတော့ ၆ လလောက် နေမှ လူစေ့တက်စေ့ ရပါတယ်။

ဒီနေရာမှာ သတိရသွားတာက တောထဲရောက်တဲ့ အချိန်လေးကိုပါပဲ။

သွားရမယ် ဆိုတဲ့ မနက်လင်းအားကြီး သုံးနာရီခွဲလောက်မှာ ကျနော် ပုန်းခိုနေတဲ့ တောင်ပေါ်က စဆင်းပါတယ်။ မိုးတွေက တဖွဲဖွဲရွာ၊ အနွေးထည်မရှိ၊ ပုဂံမှာ သူငယ်ချင်းဝယ်ပေးတဲ့ အင်္ကျီလက်တိုအပါးလေးနဲ့ ကရင်ပုဆိုးလေး၊ ဖိနပ်က ကြက်ပေါင်ဖိနပ်၊ အဆင်းလမ်း ရွှံ့ကထူထူနဲ့ ခဏ ခဏ ချော်လိုက် ကျွတ်လိုက် ဖြစ်နေတော့ ဖိနပ်ကို ခါးကြားထိုးပြီး ခြေဗလာဆင်းရပါတယ်။ ဓာတ်မီးပါပေမယ့် ရွာက မြင်နိုင်ပြီး သတင်းပေး တိုင်ကြားနိုင်လို့ မလိုအပ်ဘဲ မီးမသုံးရပါဘူး။ ဒီလိုနဲ့ မြစ်ဆိပ်ရောက်ပါတယ်။ လာမယ့်လှေကို မျှော်ရင်း ရင်တထိတ်ထိတ်နဲ့ သွားရမယ့်ခရီးလမ်းကို စဉ်းစားတွေးတောရင်း စိုးရိမ်စိတ် ကြီးရပါတယ်။

"ကျနော်က ဒီကာလမှာပဲ အကျိုးရှိစွာ ကျဆုံးချင်သလို အကျိုးမရှိဘဲလည်း မသေချင်ပါဘူး။"

ဒီနေရာအထိ ရောက်လာပြီးမှတော့ အလွယ်လေး အဖမ်းခံရတာ၊ ဆိုင်ကယ်မှောက်လို့ ကျိုးရကန်းရတာ စတဲ့ ဂရုမစိုက်မိတဲ့ စိတ်လောလို့ဖြစ်ရတဲ့ အမှားလေးတွေကြောင့် တစ်ခုခု မဖြစ်အောင် သတိကြီးစွာထားပါတယ်။ လှေသမားတွေ ဆိုင်ကယ်သမားတွေကတော့ မော်ကွန်းဟာ တော် တော်ကြောက်တတ်တယ်လို့ ထင်ကြမှာပါပဲ။ ကြောက်ပါတယ်။ ဘာမှမလုပ်ဘဲ တစ်ခုခုဖြစ်သွားမှာကို တော်တော်ကြောက်ပါတယ်။

လှေက မနက် ၅:၀၀ မှာ ဆိုက်ပါတယ်။ လှေပေါ်တက် တိတ်တိတ်ဆိတ်ဆိတ်ပဲ မြစ်လယ်ကနေ မောင်းလာကြပါတယ်။ လှေသမား အပါအဝင် လေးယောက်ပါ။ 

ညအလင်းရောင်နဲ့ မနက်အလင်းရောင် ယှဉ်တွဲမြင်ရချိန် ဝေလီဝေလင်းမှာ နှင်းတွေ မြူတွေက မြစ်ပြင်တစ်ခုလုံး ပိန်းပိတ်နေအောင် ကျပါတယ်။ မြင်မြင်ကရာ ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်ရင်း အသစ်အသစ်သော လှပတဲ့ ရှုခင်းတွေနောက်ကို မျောရင်း အိမ်ကို လွမ်းပါတယ်။ ဘယ်နေရာက ဖမ်းတားမလဲ စိုးရိမ်စိတ်နဲ့ အလွမ်းတွေက မလွတ်လပ်ပါဘူး။

မြစ်အတိုင်း ဆယ်မိုင်လောက်စုန်ရင်း မြစ်ဆိပ်တစ်ခုရောက်တော့ လူအသွားအလာမရှိတဲ့ မြစ် ကမ်းချောင် တစ်နေရာမှာ လှေဆိုက်ပါတယ်။

လှေကလူး၊ မြစ်ထဲပြုတ်ကျ၊ ဗွက်ကနစ်နဲ့ ကမ်းပါးပေါ် အရောက် ကြိုးစားတက်ပြီး ဝါးတစ်ရိုက်လောက် အရောက်မှာ ရှေ့ကလမ်းမရှိတော့ပဲ မြစ်လက်တက်တစ်ခု ကာစီးထားတာ မြင်ရပါတယ်။

တော်တော်လည်း နက်မယ့်ပုံရတော့ ပြန်လှည့်သွားတဲ့ လှေကို ဓာတ်မီးတွေ ပြ၊ ပါးစပ်ကလည်းအော်၊ ဖုန်းနဲ့လည်း ခေါ်ရပါတယ်။ တကယ့် ဒုက္ခပါပဲ။ လှေကလည်း သူ့စက်သံနဲ့သူ ဖုန်းသံလည်း မကြား၊ ကိုင်လည်း မကိုင်၊ ဆန့်ကျင်ဘက်အရပ်ဆီ ဦးတည်တာကြောင့် နောက်လည်း ပြန်မကြည့် ဆိုတော့ ကျနော်တို့နှစ်ယောက် ဆပ်ပြာသည် လင်ပျောက်သလို အရူးမီးဝိုင်းပါပဲ။ ခဏကြာမှ သူတို့ သတိထားမိပြီး နောက်ပြန်လှည့်လာတော့မှ သက်ပြင်းချရပါတော့တယ်။

အဲဒီကျမှ နောက်တစ်နေရာကို ပြန်ချပြီး ခရီးဆက်ရပါတယ်။ အဲဒီမှာလည်း ချိန်းထားတဲ့ ကိုနောင်တိုကရောက်မလာသေးတော့ အဝတ်ရေစိုတွေ ခြောက်အောင် ပါတဲ့ မီးခြစ်လေးနဲ့ မီးဖိုရင်း မီးလှုံရပါတယ်။ 

ကိုနောင်တို လာတော့မှ ဆိုင်ကယ်တွေနဲ့ ခရီးဆက်ကြပါတယ်။ မိုးစင်စင်လည်း လင်းတော့မှ ပြည် ထောင်စုလမ်းကို ခပ်တည်တည်နဲ့ ဖြတ်ကြရတဲ့ အမှတ်တရပါပဲ။

အဲဒီထက် အမှတ်ရစရာကတော့ နောင် တစ်နှစ်ကျော်သည်အထိ ပြည်ထောင်စုလမ်းနဲ့ မြို့တွေ ရွာတွေကို မမြင်ဖူးတော့တာပါ။ မိုးကရွာ ရွှံ့ကထူတဲ့ တောလမ်းတွေကို အချိန် လေးနာရီလောက် ခရီးဆက်ပြီးတဲ့အခါမှာတော့ ကျနော်တို့ ရည်မှန်းချက်နေရာ စခန်းကြီးတစ်ခုကို ရောက်ပါပြီ။

အဲဒီကနေ ရှေ့ဆက်ရအုံးမယ့် ကြမ်းတမ်းလွန်းတဲ့ ခရီးရှည်ကြီး ရှိသေးတာကိုတော့ ကျနော်စိုးစဉ်း မျှမတွေးမိသေးတဲ့ အချိန်ပေါ့ဗျာ။

ဒီစာလေးရဲ့ ခေါင်းစဉ်က ညတွေလို့ ရေးထားပါတယ်။ 

အဲဒီညတွေက ထည်ဝါလွန်း၊ ခန့်ညားလွန်း၊ လွမ်းမောစရာကောင်းလွန်း၊ ကြေကွဲစရာကောင်းလွန်းတဲ့ ညတွေမို့ပါ။ 

ကျနော်တို့ အလင်းပျောက်ခဲ့ရတဲ့ ညတွေ များစွာပေါ့။ အဲဒီရက်တွေက အားလုံးအတွက် နေ့ ဖြစ်နေလည်း ကျနော်တို့အတွက်မှောင်မိုက်လွန်းတဲ့ ညတွေပါပဲ...။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar