Breaking News

ဝင်းမင်းခိုင် - ဗျိုင်း

ဗျိုင်း
ဝင်းမင်းခိုင်
(မိုးမခ) မတ် ၁၂၊ ၂၀၂၄ 

မြင်သာမြင်ရမကြင်ရတဲ့ လုံးကြီးပေါက်လှရေဆေးငါးဟာ
နိုင်ငံတကာဥပဒေ။

ငါတို့ကိုကွင်းပြီး
သည်းကြီးမည်းကြီးကွက်ကြားမိုးရွာနေတာက ဂျနီဗာကွန်ဗန်းရှင်း။

ဆုံးဖြတ်ချက်အမှတ်၂၆၆၉ကို
အသက်မပါပဲမွေးထုတ်လိုက်တဲ့မိခင်ဆိုရင်တော့
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို လက်ညှိုးထိုးပြရမှာပေါ့။

အမှန်တကယ်လိုအပ်တာက မှဲ့တပေါက်မစွန်းတဲ့မျှတမှု။

ငါတို့လက်ထဲထိုးထဲ့နေတာက
စကားလုံးတွေထက်မပိုတဲ့ စာနာမှုအနန္တ။

ခုတ်တော့ခုတ်ပါရဲ့
အသွားဖက်ကိုရှောင်ပြီးခုတ်နေတဲ့ဓါးချက်တွေ။

ထီးဖြူဖိနပ်ပါးခြေအေးဝမ်းရောင်စက်ဝိုင်းထဲ
အချည်းနှီးမျှော်လင့်ချက်တွေနဲ့ပတ်ပြေးခိုင်းနေတာဟာ
အချိန်ဆွဲပေးနေတဲ့ကမ်းကို ဆိုက်ကပ်စေခဲ့တယ်။

မစားရတဲ့စပျစ်သီး
ချိုသလားချဉ်သလားငါတို့မသိဘူး။

ငါတို့သိတာက
"မပြီးသေးဘူး" တဲ့
"ငါတို့အလှည့်ကျန်သေးတယ်" တဲ့
အဲဒီဗျိုင်းတွေ 
တရားကိုနတ်စောင့်သလို  ကတွတ်ပေါက်မှာစောင့်နေခဲ့ကြတယ်။  ။

၂.၅.၂၃
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar