Breaking News

အရှိန်အဟုန် အပြည့်နဲ့ တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီး

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁၁ မြင်ကွင်း

(မိုးမခ) မတ် ၁၂၊ ၂၀၂၄

အရှိန်အဟုန် အပြည့်နဲ့ တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီး

နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်စွာ တငွေ့ငွေ့တောက်လောင်လိုက် မီးခဲပြာဖုံးအနေအထားနဲ့ တည်ရှိလိုက် ဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်က ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ တောက်လောင်ဖို့ လောင်စာတွေ ပြည့်လာခဲ့ပါတယ်။ 

ပြည်တွင်းစစ်က နှစ် ၇၀ ကျော်ကြာလာတဲ့အခါ လက်နက်ကိုင် တိုက်ပွဲလမ်းစဥ်ကို ရွေးချယ်ခဲ့ကြသူတွေ၊ ဦးဆောင်ခဲ့ကြသူတွေ၊ ပါဝင်ခဲ့ကြသူတွေက အသက်အရွယ်အရ ကွယ်လွန်သူ၊ လက်နက် ကိုင်တိုက်ပွဲထဲက ထွက်ခွာသွားသူ စသဖြင့် နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းခဲ့ကြပြီး ဆယ်စုနှစ် ၇ ခုကျော်အတွင်းမှာ တိုက်ပွဲစတင်စဥ်က ဆုပ်ကိုင်ခဲ့တဲ့ တောင်းဆိုချက်၊ ရပ်တည်ချက် အကြောင်းအရာအချို့လည်း ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည်မလို့ ယေဘုယျအားဖြင့် ခေါ်ဆိုကြတဲ့ ဗဟိုအာဏာ အင်အားစုဘက်မှာလည်း အာဏာမျိုးဆက် ၃ ခု၊ ၄ ခုထက်မက ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။ 

သို့ပေမဲ့ ပြည်တွင်းစစ်ရဲ့ အကြောင်းရင်းခံ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့ကြပဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီးမှာတော့ သမိုင်းကြောင်းနဲ့ ချီရှိခဲ့တဲ့အကြောင်းအချက်တွေအပြင် ၂၀၂၁ စစ်အာ ဏာသိမ်းမှုကိုလက်မခံနိုင်တဲ့ လတ်တလောအကြောင်းအချက်က နှစ် ၇၀ ကျော်ကြာ ပြည်တွင်း စစ်မီးကို အရှိန်အဟုန်နဲ့ တောက်လောင်စေဖို့ ဖြစ်လာခဲ့တာပါ။ ကျေးရွာကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ကာကွယ်ရေးအဖွဲ့၊ လူမျိုးစုကာကွယ်ရေးအဖွဲ့ စသဖြင့် အမည်အမျိုးမျိုး နဲ့ သတ်မှတ်ခေါ်ဆိုကြတဲ့အဖွဲ့တွေ တရွာချင်းသော်လည်းကောင်း၊ တနယ်ချင်းသော်လည်း ကောင်း၊ တမြို့ချင်း လူမျိုးစု တစုချင်း စသဖြင့် လက်နက်ကိုင် အဖွဲ့ပေါင်း ရာနဲ့ချီရှိတဲ့အထိ ပေါ် ထွက်လာတာ ဖြစ်ပါတယ်။ ပေါ်ထွက်လာတဲ့ ကာကွယ်ရေး အဖွဲ့တွေအားလုံးရဲ့ ဘုံရန်သူက ဗဟိုအာဏာလို့ ခေါ်တဲ့ လက်နက်ကိုင်တပ်နဲ့ နိုင်ငံအာဏာကို သိမ်းယူချုပ်ကိုင်ထားတဲ့ စစ်တပ်ဖြစ်ပါတယ်။ 

တိုင်းရင်းသား နယ်မြေအချို့မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့လို့ စစ်တပ်ဘက်က သတ်မှတ်ခေါ်ဆိုတဲ့ လက်နက်ကိုင် တပ်ဖွဲ့အချို့က လွဲရင်၊ တိုင်းရင်းသား လူမျိုးပေါ် အခြေခံထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ နယ်မြေဒေသအပေါ် အခြေခံထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ဘုံရန်သူက အာဏာ သိမ်းယူထားတဲ့ စစ်တပ်ဖြစ်ပြီး ဘုံရန်သူကို တိုက်ခိုက်လာတာ ၃ နှစ်နီးပါး ရှိလာချိန်မှာတော့ မြန်မာနိုင်ငံရဲ့ နယ်မြေ ၆၀ ရာနှုန်းလောက်က အာဏာသိမ်းစစ်တပ် ဆန့်ကျင်ဘက်လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိလာပြီဖြစ်ပါတယ်။ 

နယ်မြေ ၄၀ ရာနှုန်းလောက်သာ ထိန်းချုပ်နိုင်တယ်လို့ ဆိုတဲ့ အာဏာသိမ်းစစ်တပ်က အစိုးရဆိုတဲ့ အသိအမှတ်ပြုမှုကို အတိုင်းအတာ တခုထိဆုပ်ကိုင်ထားနေဆဲ၊ နိုင်ငံရဲ့ သယံဇာတ အရင်းအမြစ်၊ အခွန်အကောက် အများစုကို ချုပ်ကိုင်ထားနိုင်ဆဲဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားကိုလည်း အတိုင်း အတာတခုထိ လည်ပတ်နေအောင်ကြိုးစား ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်က နိုင်ငံရဲ့ သယံဇာတ၊ ဘဏ္ဍာ၊ အခွန်အကောက်တွေကို သုံးပြီး စစ်ပွဲကို ခုခံတိုက်ခိုက်နေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူပြီးနယ်မြေတွေ၊ ထိန်းချုပ်နယ်မြေတွေမှာ ပိုင်ဆိုင်မှု၊ ဖြတ်သန်းသွားလာမှု၊ ကုန်စည်သယ်ဆောင်မှုတွေအပေါ် မိမိတို့ သတ်မှတ်တဲ့ စနစ်နဲ့ အခွန်ကောက်ခံပြီး လက်နက်ကိုင် တိုက်ခိုက်မှုကို ရှေ့ဆက်လည်ပတ်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ သယံဇာတ၊ နယ်စပ်ကုန်သွယ်ရေး၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှု စတဲ့ ပုံမှန်အနေအထားနဲ့ အခွန်ကောက်ယူကာ စနစ်တကျ သုံးစွဲနိုင်ဖို့က လက်နက် ကိုင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလကို လွန်မြောက်ပြီးမှသာ ဖြစ်ပေါ်လာလိမ့်မယ်လို့ မှန်းဆရပါတယ်။ 

အခုလိုကာလမှာ စစ်ရေးအတွက် လိုအပ်တဲ့ငွေကြေးအရင်းအမြစ်တွေက သယံဇာတနဲ့ စနစ်ကျတဲ့အခွန်အကောက်ခံမှုမျိုးထက် ထိန်းချုပ်ရာနယ်မြေတွေကိုဖြတ်သန်းသယ်ယူတဲ့ ကုန်ပစ္စည်း၊ တနေရာနဲ့တနေရာ သွားလာမှုတွေ အပေါ်မှာ ကောက်ခံတဲ့ အခွန် စတာတွေကို အဓိက အားထားနေကြရတာဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး စတင်ခါစနှစ်တွေလို အများထည့်ဝင်ကြတဲ့ ကူညီငွေတွေရဲ့ ပမာဏက သိသိသာသာလျော့ကျလာတဲ့အနေအထားကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ၃ နှစ်ကြာမြင့်လာတဲ့ အခုလိုအချိန်မှာ ဒေသအလိုက် အကူအညီရန်ပုံငွေ ကောက်ခံနိုင်တဲ့ ပမာဏ လျော့ကျလာတာတွေ့လာရသလို၊ NUG ဝန်ကြီးဌာနတချို့ က ငွေချေးစာချုပ်တွေထုတ်ရောင်းတာမျိုးလည်း မတွေ့ရတော့တဲ့အနေအထား ဖြစ်လာပါတယ်။ တဖက်မှာလည်း လူထုအနေနဲ့ အရှိန်မြင့်တက်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ကျဆင်းလာတဲ့စီးပွားရေးအနေအထား၊ ကုန်သွယ်ရောင်းဝယ်မှု၊ စိုက်ပျိုးထုတ်လုပ်မှုတွေ သိသိသာသာ ကျဆင်းလာနေတာကြောင့် လူထုအနေနဲ့ စားဝတ်နေရေးအပြင် အပိုအလျှံငွေ မရှိသလောက် အနေအထားမှာ အသက်ရှင်နေထိုင်ကြရလို့ လက်နက်ကိုင် တော်လှန်ရေးအတွက် ရန်ပုံငွေထည့်ဝင်နိုင်တဲ့ အင်အား ကျဆင်းလာနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

စစ်ပွဲတွေ လက်နက်ကိုင်တိုက်ပွဲတွေတိုက်နိုင်ဖို့ဆိုရင် လက်နက်၊ လူအင်အား၊ ငွေကြေး နဲ့ နိုင်ငံရေးအရ စေ့ဆော်မှုတို့လိုအပ်တာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ဘက်မှာ သိသာစွာယုတ်လျော့လာတာတွေက လူအင်အားနဲ့ နိုင်ငံရေး စေ့ ဆော်မှု တနည်းအားဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာယုံကြည်မှုတွေ ဖြစ်တာ တွေ့ရမှာပါ။ သိသာစွာ ယုတ်လျော့လာတဲ့ လူအင်အားကို ဖြည့်တင်းဖို့ အတွက် စစ်မှုမထမ်းမနေရ ဥပဒေ အသက်ဝင်ပြီလို့ ယခင်လကကြေညာခဲ့တာကိုကြည့်ရင် အာဏာသိမ်းစစ်တပ်ရဲ့ လူအင်အား လိုအပ်ချက်ဆိုးရွားစွာ ကြုံတွေ့နေရတဲ့အနေအထားကို သိရှိနိုင်ပြီး ဒီဥပဒေ အသက်သွင်းခြင်းရဲ့ မျှော်လင့်မထားတဲ့ အကျိုးဆက်တွေကို အာဏာသိမ်း စစ်တပ်က ရင်ဆိုင်ရဦးမယ့်အနေအထားလည်း ရှိနေတာပါ။ သို့ပေမယ့် လတ်တလော အရေးတကြီး လိုအပ်တဲ့ လူအင်အားကို ရဖို့ အခြားသော သက်ရောက်မှုတွေ ထိခိုက်မှုတွေကို လျစ်လျူရှုပြီး အာဏာသိမ်းစစ်တပ်က အကောင်အထည်ဖော်ဖို့ ကြိုးစားလိုက်တာ ဖြစ်ပါတယ်။ 

ဒီဥပဒေက ပြည်တွင်းမှာ ရှိနေတဲ့ စစ်မှုထမ်း ဥပဒေနဲ့ အကျုံးဝင်တဲ့ အသက်အရွယ်လူငယ်တွေ အဖို့ ပညာရေး၊ အသက်မွေးဝမ်းကျောင်း အလုပ်၊ မိသားစုနဲ့ အတူနေထိုင်နေရတဲ့ အခြေအနေ အားလုံးကိုစွန့်လွှတ်ပြီး သို့မဟုတ်ပြန်လည်နေရာချဖို့ အမျိုးမျိုးသောရွေးချယ်မှုတွေနဲ့ ကသောင်း ကနင်းဖြစ်စေပြီး အာဏာသိမ်းစစ်တပ်အဖို့ မျှော်လင့်မထားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရဦးမယ့် သဘောလည်း ဖြစ်ပါတယ်။ 

နှစ် ၇၀ ကျော်ကြာ တငွေ့ငွေ့ သို့မဟုတ် အရှိန်နဲ့ တလှည့်စီလောင်ကျွမ်းခဲ့တဲ့  ပြည်တွင်းစစ်မီးကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အမြင့်ဆုံး လောင်ကျွမ်းအောင်ဖြစ်စေခဲ့ပြီး စတင်စေ့ဆော်ခဲ့တဲ့ အာဏာသိမ်း စစ်တပ်အနေနဲ့ ဒီလောင်ကျွမ်းမှုက ၄င်းရဲ့ အဆုံးသတ်ဖြစ်စေမယ့် အလားအလာတွေလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။ သို့ပေမဲ့ စစ်မီးတွေရဲ့ သဘောသဘာဝ၊ လက်နက်ကိုင် ပဋိပက္ခတွေက စတင်ဖြစ်ပွားလာပြီး ငြိမ်းချမ်းစွာ အဆုံးသတ်ဖို့ ခက်ခဲတဲ့ သဘောရှိတာကိုလည်း အဖွဲ့အစည်းတိုင်းက သတိပြုကြဖို့ လိုအပ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar