Breaking News

နေသွင်ညိဏ်း - မတ်လရဲ့ သမိုင်းအရိပ်၊ သွေးကြောမျှင်များ

Image-Credit

မတ်လရဲ့ သမိုင်းအရိပ်၊ သွေးကြောမျှင်များ
နေသွင်ညိဏ်း
(မိုးမခ) မတ် ၁၂၊ ၂၀၂၄

ဒီရက်တွေ နေ့အပူချိန် ၄၀ ဒီဂရီ၊ ညအထိ ၃၀ ပတ်ချာလည်ဆိုတော့ အပူဆုံးအချိန်တွေလို့ ဆိုရမယ်။ အနားက ရေကန်ငယ်တွေမှာ ရေတွေခမ်းပြီး ရေများများကျန်တဲ့ ကန်ထဲမှာ ဘဲတွေ၊ ရေကြက်တွေ တစာစာအော်နေကြတယ်။ ပူလို့ပဲလားမသိ။ အရင်က သူတို့ အေးအေးလူလူ မှိန်းနေ၊ ရေထဲ ဇိမ်ယူနေတာပဲ တွေ့ခဲ့ရဖူးတယ်။ မြစ်ရေကလည်း အတန်လျော့နေလေရဲ့။ 

ဒီနှစ်မတ်လလယ် နွေဟာ ပူလွန်းလှတယ်။ မြန်မာပြည်မှာတော့ ပေါက်တွေ ပွင့်ချိန်။ စိန်ပန်းတွေ နီနီရဲရဲ ပွင့်ချိန်။ ပိတောက်တွေက မိုးကိုမျှော်နေကြပြီလား။ 
တခါက ဆရာတာရာက မတ်လတော်လှန်ရေး ဆိုတဲ့ ကဗျာတပုဒ် ရေးခဲ့တယ်။ ကျောင်းတုန်းက အဆောင်မှာ ဆရာ့ကဗျာကို အလွတ်ရွတ်တဲ့ သူငယ်ချင်းကို သတိရတယ်။ သူက ခေတ်ဟောင်းသီချင်းကက်ဆက်ခွေတွေတထပ်ကြီးစုထားပြီး ခပ်တိုးတိုးနားထောင်တတ်တဲ့သူ။ 
မတ်လရဲ့ တခုသောညနေဝိုးတဝါးမှာ သူ ကဗျာတစ ရွတ်နေတယ်။ 

‘ မှုန်မွှားမွှားလျှင် ဝိုးဝါးတိတ်ဆိတ် ကြယ်ရောင်ရိပ်ဝယ် …’ 
မတ်လ ဖက်ဆစ်တော်လှန်ရေးအကြောင်း ကျနော်တို့ စာထဲပေထဲ ဖတ်ခဲ့ရ။ စိတ်လှုပ်ရှားခဲ့ရတယ်။ လက်ဝဲ လက်ယာ ညီညွတ်ရေး၊ အဓိပတိ ဒေါက်တာဘမော်ရဲ့ အိမ်တော်ကနေ မတ်လတော်လှန်ရေးကဗျာထဲက ‘ဖျဉ်လက်တိုနှင့် တောတွင်းသားပျို’ အထိ တနိုင်ငံလုံး တပြိုင်တည်း ဖက်ဆစ်တပ်တွေကို တော်လှန်မောင်းထုတ်ခဲ့ကြတယ်။ 

ဖက်ဆစ်ရဲ့ ရွှေရည်စိမ် လွတ်လပ်ရေးကို မယုံပေမယ့် အခြေအနေအရ ဒေါက်တာဘမော် အနားမှာ အလုပ်လုပ်နေကြတဲ့ ကိုနုနဲ့ ကိုသန်းထွန်း၊ ကိုဗဟိန်း။ တလျှောက်လုံးကိုယ်ရောင်ဖျောက်ပြီး တော်လှန်ရေးနီးလာတဲ့အခါ ဘီအိုင်အေ ဗိုလ်အယောင်ဆောင်ပြီး စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ လာတွေ့တဲ့ သခင်စိုးး စသဖြင့်။ သမိုင်းရုပ်ပုံကားချပ်တွေဟာ တခါက ကြည့်ဖူးတဲ့ ရုပ်ရှင်လိုလို။ တကယ်က ရုပ်ရှင်မဟုတ်ဘဲ ဘဝနဲ့ အသက်နဲ့ ရင်းထားတဲ့ မျိုးချစ်လူငယ်တွေရဲ့ စွန့်စားခန်းတွေ။ 
နောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ‘ အနီးဆုံးရန်သူကို ရှာပြီး တိုက်ကြ’ ဆိုတဲ့ လျှို့ဝှက်ပြီး ရှင်းလင်းနေတဲ့ တပ်ထွက်မိန့်ခွန်း။ 
ဂျပန်တပ်တွေဟာ အတုံးအရုန်း၊ အခြေမလှဘဲ ဆုတ်ရတယ်။ ကစင့်ကလျား ဆုတ်ရင်း ရွာတွေကိုလည်း ရသလောက်ဖျက်ဆီးပစ်ခဲ့ကြတယ်။ 

‘ ရွာတရွာကား မှိုင်းပြာမည်းညို့ မီးရှို့လောင်ကျွမ်း တင်းဝင်ရမ်းကြောင့် ပရမ်းပတာ ထွက်ပြေးရှာရ လတာသွေ့သွေ့ ခိုးငွေ့ဝေဝေ’ 

မြန်မာပြည်စစ်မျက်နှာကနေ ဂျပန် ဆုတ်သွားချိန်မှာ တိုင်းပြည်ဟာလည်း အတော်ပျက်ပြီး။ မန္တလေးနှင့် အတိတ်မြို့များ ထဲမှာ ထင်ပါရဲ့။ စာရေးဆရာ စကော့အို ကွန်နား က မန္တလေး နန်းတော်ဝင်းထဲက ဂျပန်ရဲ့ နောက်ဆုံးခံတပ်တခုကို ခက်ခက်ခဲခဲ သိမ်းရတဲ့အကြောင်း ရေးထားတယ်။ ဂျပန်တွေက တင်းခံနေတော့ နောက်ဆုံး အင်္ဂလိပ်တွေဟာ စစ်ကြောင့် ရှေးဟောင်းအမွေအနှစ်တွေကို ထိခိုက်မှာကို ရှောင်လွှဲမရတော့ဘဲ အကြီးစားဗုံးတွေ ချခဲ့ရတဲ့အကြောင်း။ 

ဒီလို အပျက်အစီးတွေကြောင့်၊ လူတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့ အေဝမ်း ဆရာညှာရဲ့ ပြည်တော်ဝင်သီချင်း ဖြစ်လာတယ်လို့ ဖတ်ဖူး ကြားဖူးပါတယ်။ 
‘အရင်လို ပျော်ပျော်ရွှင်ရွှင်နေ .. ဖြစ်ဟဲ့ဆို ဖြစ်ရမယ်တဲ့ ခေတ်သစ်လူအများ အားအင်တောင့်တင်းပေ အခါတော်ရောက်ချိန် နီးလို့လာပေ ဒေါ်ဒေါ်မမ ညီမတို့ရေ … အသည်းစွဲချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ …’   ဒီလိုနဲ့ စစ်ကိုင်းဘက်မှာ စစ်ရှောင်နေတဲ့ မြို့မတီးဝိုင်းရဲ့ ပြည်တော်ဝင်ခန်းကို မျက်စိထဲ မြင်ယောင်လာတော့တယ်။ 
ဒီလိုနဲ့ ကျနော်သိတဲ့ မတ်လရဲ့ အရိပ်တွေထဲ တော်လှန်ရေးနဲ့ အနုပညာ ရောစွက်နေတတ်တယ်။ ဒီလိုနဲ့ ၁၉၆၂ မတ်လဟာ ပြေးလမ်းချော်သွားတဲ့ မီးရထားကြီး တစင်းလို ဥဩသံပေးရင် ခုတ်မောင်းဝင်ချလာတယ်။ ခေတ်သစ်မြန်မာ့တပ်မတော်ရဲ့ ဒေါထရိန်း doctrine ကို စတင်အုတ်မြစ်ချခဲ့တဲ့ မုသားဝါဒကို မွေးဖွားပေးခဲ့တယ်ဆိုရမယ်။ 

ရဲဘော်သုံးကျိပ်ထဲ ခေါင်းဆောင်တွေထဲ ကိုယ့်ကျင့်တရားအရာမှာ အနိမ့်ကျဆုံး ပေမယ့် တကိုယ်ရည် ရည်မှန်းချက်အရာမှာ အမြင့်ဆုံးလို့ ဆိုရမယ့် ဗိုလ်ချုပ်နေဝင်းက ...
‘ နိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိမ်းသိမ်းစိမ့်သောငှါ ..’ စသဖြင့် အကြောင်းပြပြီး အာဏာသိမ်းခဲ့တယ်။ ၁၉၆၂ မတ်လ ၂ ရက်။ 

နောက် ၁၉၇၆ မတ်လ ရောက်လာတယ်။ တပါတီ အာဏာရှင်စနစ်ကို တော်လှန်ဖို့ နည်းလမ်းရှာနေကြတဲ့ ကျောင်းသားတွေဟာ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကို ဂါရဝပြုအပြန်မှာ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမကို သိမ်း၊ သပိတ်စခန်းဖွင့်၊ ကျောင်းသား အခွင့်အရေးနဲ့ ဦးနေဝင်းရဲ့မဆလ အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြတယ်။ သပိတ်ဟာ အနယ်နယ်ကို ပြန့်သွားပြီး မဆလအစိုးရက ကျောင်းသားရာနဲ့ချီဖမ်း၊ တချို့ ခေါင်းဆောင်တွေထောင်ချခံရ၊ ကျောင်းထုတ်ခံရတယ်။ မတ်လရဲ့အသွေးအသားထဲ တော်လှန်ရေး သွေးကြော မျှင်တခုဟာ တိုးလျှိုးစီးဝင်သွားခဲ့ရင်း နောက်သက္ကရာဇ်တခုကို အံခဲရင်း စောင့်နေခဲ့တယ်။ 

ဒီလိုနဲ့ မြန်မာ့သမိုင်းရဲ့ အရေးကြီးတဲ့သက္ကရာဇ်ဆီရောက်လာတယ်။ မဆလ စနစ်အောက်မှာ တိုင်းပြည်ဟာ အဖက်ဖက်က ချွတ်ခြုံကျနေပြီ။ ၁၃၀၀ ပြည့်အရေးတော်ပုံ (၁၉၃၈) ရဲ့ ရွှေရတုလည်း ဖြစ်တယ်။ မတ်လဟာ နောက်ထပ်တော်လှန်ရေးကို မွေးဖွားဖို့ တာစူနေပြီ။ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံး၊ တံတားနီအရေးအခင်း၊ နောက် ဇွန်အရေးအခင်း၊ နောက် ဩဂုတ် ၈ လေးလုံးအရေးတော်ပုံကြီးမှာ အထွတ် အထိပ်ရောက်ခဲ့တယ်။ 

ကျနော်တို့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ မတ်လတွေဟာ ရုန်းကန်ထကြွမနေပေမယ့် မတ်လသွေးကြောမျှင်တွေဟာ နွေးနေဆဲဆိုတာကတော့ အချင်းချင်းသိနေကြတယ်။ မေလှမြိုင်သီချင်းတွေကို နားထောင်နေတတ်တဲ့ မြေလတ်သား သူငယ်ချင်းက ဆရာတာရာရဲ့ ကဗျာကို ရွတ်ပြတယ်။ 

‘ ခရေပွင့်လျှင် ကြွေရင့်ဝါဝါ မြေ၌မှာလျှင် ရောကာပေါင်းယှက် ဟောင်းသစ်ရွက်နှင့် တဝက်မောင်းနီ ဝေ့လည် လည်ကို လေချီသုတ်ဖြူး နီဝါကူးသည် နွေဦးပေါက်မို့ ရော်ရွက်ကြွေ။’

ပြန်ကြည့်တော့ ၂၀၂၁ ဖေဖော်ဝါရီလရဲ့ နောက်ဆုံးရက်တွေအကြောင်း မှတ်တမ်းတင်ထားတဲ့ ကျနော့် ဒိုင်ယာရီထဲက စာတွေဟာ စတင်လှုပ်ရှားစပြုလာတယ်။ သေချာပါတယ်။ ကျနော်ဟာ မတ်လ အရေးတော်ပုံကို စိတ်လှုပ်ရှားနေခဲ့တယ်။ အကြောင်းကတော့ ကျနော့် မှတ်ဉာဏ်ထဲက မတ်လတွေဟာ အရေးတော်ပုံတွေပဲဖြစ်နေခဲ့ကြတယ်လေ။  

နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar