ပန်ဒိုရာ - ဘယ်ဘက်လက်မောင်းရဲ့ကိုက်ခဲမှု
ဘယ်ဘက်လက်မောင်းရဲ့ကိုက်ခဲမှု
ပန်ဒိုရာ
(မိုးမခ) မတ် ၇၊ ၂၀၂၄
အချစ်ရေ.. ကိုက်ခဲသလိုလို နာကျင်သလိုလို
အချစ်ရေ.. စိတ်ကပဲ ထင်နေသလိုလို တကယ်ပဲ ဖြစ်ပျက်နေသလိုလို
ကိုယ့်ဝေဒနာ ကိုယ်အာရုံမမိနိုင်တဲ့ အဖြစ်များနှယ်
ကိုယ့်ခန္ဓာ ကိုယ်နားမလည်နိုင်တဲ့ ဘဝများနှယ်
လက်ယာစွန်းက သူနဲ့မဆိုင်သလိုလို
ဝဲဘက်တော့ ဝဲဘက်ပါပဲလို့ သတင်းပို့လာပေါ့
လက်ဝဲလက်ဖျံအရေပြားအပေါ်ယံ အာရုံကြောမျှင်များ ပင့်ကူအိမ်လိုသွယ်ယှက်
ထိုပင့်ကူရဲ့ ခြေချောင်းစူးချွန်များ ဖြတ်သန်းသွားလာ တဖျင်းဖျင်းစူးရှ - ကိုက်ခဲ
လက်မောင်းတွင်းသွေးကြောများ ခုန်လှုပ် တဒိတ်ဒိတ် တိုးဝှေ့
ပိုးကောင်တီကောင်တွန့်တွန့် လွန့်လူးလှိမ့်ဝင် အောင့်သက် - ကိုက်ခဲ
လက်မောင်းကို ဆောက်တည်ထားသော ကြွက်သားများ မာကျောခက်ထန်
ရာဘာဘီးခွံ လေပြည့်လျှံအန်ကျ ပြန်လှန်တွန်းကန် တောင့်တင်း - ကိုက်ခဲ
လက်မောင်းရိုးများ မွကြေ အက်ကွဲ ခြင်ဆီအထိ စူးနစ် တစစ်စစ် - ကိုက်ခဲ
နောက်ကျော ဂုတ်ပိုး လည်တိုင် ပခုံး ညှပ်ရိုး မှသည်
လက်မောင်းအပြင်ဘက် အတွင်းဘက် ချိုင်းအောက် နို့အုံ ရင်ဘတ်
ဘာသင်္ကေတတွေ ထွန်းထွန်းပပ အချက်ပြနေကြပါလိမ့်
အချစ်ရေ.. သံသယမီးလုံးတွေလည်း တဖျတ်ဖျတ်ပါပဲ
အသက်ဓာတ်ကို လွှင့်ထုတ်နေတဲ့ နှလုံးသည်းပွတ်ကနေ
ခက်ဖြာသွယ်ဆင်းလာတဲ့ အရာတစ်ခုခုကို
ဘယ်ဘက်လက်မောင်း တစ်ချောင်းတည်းနဲ့
ကိုယ်အင်္ဂါ အစိတ်အပိုင်းအားလုံး ကိုယ်စားပြု
အားတင်းခံယူ ပင့်မ ထားလိုက်ရလေသလား
ဘက်ဘက်ကိုမောင်းနှင်လိုက်တဲ့ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်ကို
အဖြူရောင်အကွေ့အဝိုက်တွေရဲ့ ဘယ်နေရာ ဘယ်ပွိုင့်ကနေ ထိန်းချုပ်ထားပါလိမ့်
ညညအိပ်မပျော်ခြင်းဟာ ဘယ်ဘက်လက်မောင်းထုံကျင်မှုနဲ့
အပြန်အလှန် အဆက်အစပ်ရှိလေသလား
အယူအဆတွေ မသည်းထန်ချင်ပေမယ့်
ဘယ်ဘက်လက်မောင်းရဲ့ တာဝန်ယူမှုဆိုတာက
ဘဝပေးပါပဲ အခြေအနေအရပါပဲ နားလည်မှုပါပဲ
အားကိုးအားထား ညာလက်ရုံးဟာ မအားလပ်လို့ဖြစ်စေ နာမကျန်းလို့ဖြစ်စေ
ပြုတ်ထွက်လို့ဖြစ်စေ မီးထတောက်ရင်း လောင်ကျွမ်းပြာကျသွားလို့ဖြစ်စေ
ဘယ်ဘက်လက်မောင်းပေါ် ဝန်ပိုအားလုံး စုပြုံကျရောက်လာတာ
လျှောက်လှမ်းရတဲ့အခါ လက်ဝဲလမ်းကြောင်းကို
နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည်ဖြစ်စေ
မဖြစ်မနေ ကိုင်းညွတ်လိုက်ရတဲ့ အကြောင်းရင်းတစ်ခုပါပဲ
အချစ်ရေ .. သတင်းစာ ရေဒီယို တီဗွီ ဖုန်း အားလုံးကို ပိတ်ချပေးပါ
အတွေးဆိုးတွေကို လျစ်လျူရှုလိုက်ကြရအောင်
ဘက်ဘက်ရင်အုံထဲက တချက်ချက်နာရီသံကို နားဆင်ရင်း
အဲဒီဘက်ဘက်လက်မောင်းပေါ်မှာပဲ သက်တောင့်သက်သာ
ခေါင်းမှီအုံးစက် လဲလျောင်းလိုက်ပါတော့
လင်းကြက်တွန်သည်အထိ နေလုံးကြီးထွက်လာသည်အထိ
မနက်ဖြန်ဆိုတာ ရှိသေးရင် ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်လာသည်အထိ ။
၆-၇.၁၁.၂၀၂၁
* (ဣိတ္ထိယ ၂၁ ebook ကဗျာစုစည်းမှုတွင်ဖော်ပြပြီး)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar