ပညာရေး ဝန်ထမ်းတွေကို ထောင်ဒဏ် ငွေဒဏ်ချမှတ်ခဲ့တဲ့ KIEC ရဲ့ စီရင်ဆုံးဖြတ်ချက်
မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၆ မြင်ကွင်း
(မိုးမခ) မတ် ၇၊ ၂၀၂၄
ပညာရေးဝန်ထမ်းတွေကို ထောင်ဒဏ် ငွေဒဏ်ချမှတ်ခဲ့တဲ့ KIEC ရဲ့ စီရင်ဆုံးဖြတ်ချက်
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း KNDF လက်နက်ကိုင်အဖွဲ့အနေနဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲစတင်ခါစမှာပဲ လွိုင်ကော်တက္ကသိုလ်ဝင်းထဲ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း လွိုင်ကော်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် အပါအဝင် ပညာရေးဝန်ထမ်းနဲ့ မိသားစုဝင် ၂၀၀ ကျော်ကို KNDF လက်နက်ကိုင် တပ်တွေက တိုက်ပွဲကြား ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီး ရက်အနည်းငယ်အကြာမှာ အများစုကို ပြန်လွှတ်ပေးခဲ့ပြီး ပါမောက္ခချုပ်နဲ့ ပညာရေးဝန်ထမ်း မိသားစုဝင်အချို့ကို ဆက်လက်ထိန်းသိမ်း ထားခဲ့ရာက အခုရက်ပိုင်းအတွင်းမှာ ပါမောက္ခချုပ်နဲ့ အခြား ၄ ဦးကို ထောင်ဒဏ် နဲ့ ငွေဒဏ်တွေ ချမှတ်ခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားတဲ့ ဝန်ထမ်းမိသားစုဝင် ၃ ဦးကိုတော့ စစ်ခုံရုံးနဲ့ စစ်ဆေးဖို့ လွှဲပြောင်းတဲ့ အကြောင်း သတင်းဖော်ပြထားကြတာ ဖြစ်ပါတယ်။
လွိုင်ကော်တက္ကသိုလ် ရဲ့ ပါမောက္ခချုပ်နဲ့ အခြား၄ ဦးတို့ကို ပြစ်ဒဏ်ချမှတ်လိုက်တဲ့ ပုဒ်မကတော့ ဗြိတိသျှ ကိုလိုနီခေတ် ၁၉၀၈ ခုနှစ် မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ချမှတ်ခဲ့တယ်လို့ သတင်းမှာ ပါရှိပါတယ်။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ တရားရုံးချုပ်က ချမှတ်ခဲ့တာ ဖြစ်ပြီး မတရားသင်း ပုဒ်မ ၁၇ (၁) ရဲ့ဖွင့်ဆိုချက်အရ ဆိုရင် မတရားသင်း သတ်မှတ်ထားတဲ့ အဖွဲ့အစည်းအတွက် အဖွဲ့ဝင် ဖြစ်လျင်၊ အစည်းအဝေးမှာ ပါဝင်လျှင် သို့မဟုတ် တနည်းနည်းနဲ့ အဖွဲ့ကို ကူညီလျှင် ပြစ်မှုမြောက်တယ်လို့ ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။ မတရားအသင်းဆိုတဲ့ ရည်ညွှန်းချက်ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရည်ညွှန်းတာဖြစ်ပြီး ကိုလိုနီ ဗြိတိသျှအစိုးရလက်ထက်နဲ့ ဖဆပလ၊ မဆလ၊ စစ်အစိုးရ အဆက်ဆက် ကာလတွေမှာ လက်နက်ကိုင် ပုန်ကန်တဲ့ အဖွဲ့တွေကို ဆက်ကြေးပေးသူ၊ လူသစ်စုဆောင်းပေးဖို့ ခိုင်းစေခံရတဲ့ ကျေးရွာအုပ်ချုပ်သူတွေ၊ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို ဆက်ကြေး ကောက်ခံပေးတာ၊ ထမင်းကျွေးတာ စသဖြင့် ဘယ်လို ထိတွေ့ဆက်ဆံမှုမျိုးမဆို ပြစ်မှုမြောက်တဲ့ အနေအထားမျိုးနဲ့ ဖွင့်ဆို အပြစ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
အခုကရင်နီပြည်ကြားကာလ အုပ်ချုပ်မှုကောင်စီရဲ့ တရားရုံးချုပ်အနေနဲ့ ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေ လုပ်ဆောင်ရာမှာ ဥပဒေအရ အပြစ်ပေးပါတယ်လို့ ဆိုရအောင် အထောက်အကူပြုတဲ့ အခုလို ဥပဒေကိုပဲ ကျင့်သုံးပြီး အပြစ်ပေးခြင်းဟာ တရားမျှတမှု ရှိသလားဆိုတဲ့ ဆန်းစစ်မှုပြုသင့်တဲ့ အခြေအနေတရပ်ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေ ဖြစ်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေလို၊ မတရားသင်း ဆက်သွယ်မှု ဥပဒေလို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆက်သွယ်ရေး ဥပဒေ ရဲ့ အသရေဖျက်မှုဆိုင်ရာ ဥပဒေတွေရဲ့ ရည်ရွယ်ချက်နဲ့ အုပ်ချုပ်သူကို အခွင့်အရေးပေးထားတဲ့ ဥပဒေပါ ဖွင့်ဆိုချက်၊ ပြစ်ဒဏ် စတာတွေကို ပြန်လည်သုံးသပ်ကြဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။ ဥပဒေက ကောင်းမွန်ပြီး ကျင့်သုံးတဲ့ တရားရေးဝန်ထမ်း ယန္တရားက နိုင်ငံရေးအရ အသုံးချခံရတာလား၊ ဥပဒေကိုယ်၌က အားနည်းချက်တွေ၊ အုပ်ချုပ်သူကို အသာစီးပေးထားတဲ့ ဖွင့်ဆိုချက်တွေနဲ့ ဖိနှိပ်မှု ယန္တရားအတွက် အသုံးတည့်အောင် ဖွင့်ဆို ပြဌာန်းထားတာလား အစရှိတဲ့ သုံးသပ်မှုတွေ အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်တဲ့ အနေအထားလို့လည်း ဆိုချင်ပါတယ်။ ပြဌာန်းထားတဲ့ ဥပဒေရဲ့ အားနည်းချက် မဟုတ်ပဲ တရားစီရင်ရေးက မလွတ်လပ်တာသာဖြစ်တယ်လို့ ကောက်ချက်ချခဲ့ရင်လည်း တရားစီရင်ရေး နဲ့ အုပ်ချုပ်မှုအာဏာ၊ အထူးသဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အာဏာကို ဘယ်လို သီးခြားစီထားမလဲဆိုတဲ့ မေးခွန်းတွေ ဆက်ရှိလာမှာ ဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေ၊ ဖက်ဒရယ်ဒီမိုကရေစီ ကို ရည်ရွယ်ချက် ပန်းတိုင်အနေနဲ့ ထားပြီး လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ခေတ်အဆက်ဆက် ဖိနှိပ်မှုယန္တရားရဲ့ ဥပဒေတွေကို အလွယ်တကူယူ မသုံးမိကြဖို့ အထူးသတိပြုဖို့ လိုအပ်ပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးကို အခုလို စစ်မက်ဖြစ်ပွားနေချိန် အရေးပေါ်အခြေအနေမျိုးမှာ ကျင့်သုံးဖို့ မလွယ်ကူတာကိုလည်း နားလည် သဘောပေါက် နိုင်ပါတယ်။ တဖက်မှာလည်း ရှေးရိုးဖိနှိပ်မှု ယန္တရားတွေ၊ လက်နက်ကိရိယာတွေကို တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အလွယ်တကူ ယူပြီးမသုံးမိကြဖို့လည်း အရေးကြီးပါတယ်။ တရားစီရင်ရေး၊ ကောင်းမွန်ပြည့်စုံတဲ့ တရားဥပဒေ တရပ်အဆင်သင့် မဖြစ်သေးခင်မှာ ဘယ်လို စီရင်ဆုံးဖြတ်ကြမလဲလို့ ဆိုရင် တရားမျှတမှုဆိုတဲ့ အခြေခံမူနဲ့ တိုင်းတာဆုံးဖြတ်ကြရမယ်လို့ ထင်မြင်မိပါတယ်။ တပြိုင်နက်ထည်းမှာပဲ တရားစီရင်ရေး ရဲ့ လွတ်လပ်မှုကိုလည်း တတ်နိုင်သမျှ ကြိုးစားကြဖို့ လိုအပ်တာ ဖြစ်ပါတယ်။ တရားစီရင်ရေး မှာ ထမ်းဆောင်နေသူတွေအနေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ သြဇာ သို့မဟုတ် တာဝန်ယူထားတာမျိုး မဖြစ်ဖို့လည်း အရေးကြီးတာဖြစ်ပါတယ်။
အခု လွိုင်ကော်တက္ကသိုလ် ပါမောက္ခအပါအဝင် ၅ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ တော်လှန်ရေး အဖွဲ့အစည်းတွေ နောက်တဆင့် အနေနဲ့ဆိုရရင် ကြားကာလ အုပ်ချုပ်ရေး အစိုးရတွေရဲ့ အခြေခံမူဝါဒဆိုင်ရာ ကိုင်စွဲမှုတွေကို မှတ်ကျောက်တင် စမ်းသပ်ခံရတဲ့ အဖြစ်အပျက်တခုလို့ ယူဆရင်လည်း ယူဆနိုင်ပါတယ်။ တရားမျှတမှု အခြေခံနဲ့ လွတ်လပ်မှုရှိခြင်း ဆိုတဲ့ အချက် ၂ ချက်အပေါ်မှာ မူတည်ပြီးတွေ့ကြုံလာရတဲ့ အဖြစ်အပျက်တွေအပေါ်မှာ ဖြေရှင်း စီရင်နိုင်ဖို့က အရေးကြီးကြောင်း တိုက်တွန်းလိုခြင်းဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar