Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မသာလောင်းစီးပွားရေး

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မသာလောင်းစီးပွားရေး

(မိုးမခ) မတ် ၆ ၊ ၂၀၂၄


မအလ သားအဖက ဟန်ကျတယ်။

ဖအေက တပ်ထောင်၊ အဲလေ နိုင်ငံပိုင် တပ်ဖျက်သိမ်း။ သေနာရှာ။ (သေနာရှာတယ်ဆိုတာ စစ်သားရှာတာ ပြော့ထာ) ရှာတာမှ သေနာရှာဥပဒေထုတ်ပြီးတော့ကို ရှာတာ။

သားက အသက်အာမခံကုမ္ပဏီထောင်။ လစာထဲက တခါတည်း ဖြတ်နုတ်။ ဂုတ်ခွ ဖျင်ချဗျူဟာလို့ ပြော့ထာဘဲ။ 

သေနာရှာပြီး တိုက်ပွဲဖန်။ တိုကက်ပွဲဖန်ရတာလဲ ဘာမှမခက်။ ပြည်သူ့ထောက်ခံမှုနဲ့တက်လာတဲ့အရပ်သားအစိုးရဆီကနေ အာဏာသိမ်းလိုက်တော့ တိုက်ပွဲက မပြတ်တော့ပုယေ။ နားရက်မရှိ။ ရှေ့တန်းမပြန်။ မပြန်ဆို သေကုန်ကြတော့တာကိုး။ သေဆို မသေမချင်းတိုက်ခိုင်းတာကလား။ သေမှာ သေချာသလို သေတာ သေချာပေမယ့် သူတို့သားအဖက  အသက်အာမခံကြေးတွေ မလျှော်ပေးဘဲ အကြောင်းအမျိုးမျိုးပြ ငြင်းတော့တာ။ အေးလေ ထောင်ကထဲက လျှော်ပေးချင်လို့မှမဟုတ်ဘဲ။ 

အဆိုးထဲက အကောင်း၊ အမှိုက်ထဲကရွှေ ဆိုတာလို အလောင်းပြန်ရသူတွေ ရှိတယ်။ သေစာရင်းထုတ်ဖို့ စစ်ဆေးရုံမှာ မျက်နှာငယ်ကလေးနဲ့ သွားရတယ်။ စစ်ဆေးရုံက ကောင်တွေ ဗိုက်ခွေးနမ်းပြီလေ။ သူတို့က မုန့်ဟင်းခါးဖိုး မပါရင် နိုးဟိုးဟိုးဘဲ။ အလောင်းသာ အရိုးဆွေးသွားမယ်။ သေစာရင်းစာရွက်လေးက ပေါ်မလာဇာတ်။ အေး ပေါ်လာရင်လဲ အာမခံကြေးကို တခါတည်း အပြည့်မပေးဘဲ ဖာကြွေးဆပ်သလို ခွဲဆပ်တာ။ 

အလောင်းပါတာက ရာထူးကြီးလို့လေ။ သက်ရှိဗိုလ်မှူးကြီးတွေတောင်မကယ်ဘဲ KTV မယ်ဘဲကယ်ထုတ်သွားတဲ့ လေဘဲတွေက သာမန်အကြပ် စစ်သားအလောင်း သယ်ဖို့များ ဝေးရော။ အချင်းချင်းကလည်း အလောင်းကောက်ဖို့ထား မသေမရှင်ဆို ဗိုလ်ကိုယ်တိုင်သေနတ်နဲ့တောင်ပစ်သတ်ထားခဲ့တာမျိုး။

အဲဒီမုဆိုးမတွေ ဖတဆိုးတွေအဖို့တော့ စစ်ဆေးရုံတွေရှေ့ သေစာရင်းထုတ်ပေးပါ့မယ့်အရေး သွေးခဲအောင် ဒူးတုပ်တောင်းပန်ပေရော့ဘဲ။ အံမယ် အဲလို အလောင်းကောင်အဖြစ် အတည်ပြုပေးဖို့ကို တောင်းပန်လွန်းလို့များ သနားပြီး ပေးလိုက်မယ် မထင်နဲ့။ အနည်းဆုံး ၅ သောင်းဘဲ။ ရာထူးအလိုက် ပေါက်ဈေးရှိတယ်။ ရက်လည်ဖိတ်စာလဲ မသာဖြစ်ကြောင်း ဆာတဖီကိတ်ရမယ်မထင်နဲ့။ ရက်လည်မုန့်ဟင်းခါးသာ ပါးဖြဲနားဖြဲစားတာ၊ သေဆုံးကြောင်းတော့ အတည်ပြုမပေး ဟေးဟေးဘဲ။ 

အလောင်းပြန်မရတဲ့၊ မသာလောင်းဖြစ်ကြောင်း အတည်မပြုနိုင်တဲ့ မိသားစုတွေအဖို့တော့ ကိုယ့်လင် ကိုယ့်ဖေ သေတာသိပေမယ့် သပိတ်သွတ်ရင်း အမျှဝေရင်း ပျောက်ဆုံးစာရင်းကိုသာ လက်ခံရတော့တာ။ ပေးထားတဲ့ အာမခံကြေးတွေ ပလုံရုံတင်မက လိုင်းခန်းကပါ ထွက်ပေးရမှာ။ မသေစာရင်းသွင်းပေမယ့် ခြောက်လကြာထိ မဆက်သွယ်လို့ဆိုပြီး လိုင်းခန်းက လစ်ခိုင်းတာ။ 

အဲတာမှ ဒစ်လည်တော့တာ။ အာမ‌ခံကြေးက မရ၊ လိုင်းခန်းကနေ ခွေးမောင်းသလို မောင်းချခံရတဲ့အပြင် ပင်စင်လည်းမဟုတ် လစာလည်း မထုတ်သာ ဖာခံစားရင်တောင် ရိုးမယ့်သူမရှိတဲ့ကိန်းဆိုက်တော့တာလေ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar