Breaking News

ရတနာပုံဆရာမှတ်ကြီး - အရိုးစားစို့ ရိုးသားဖို့

ရတနာပုံဆရာမှတ်ကြီး - အရိုးစားစို့ ရိုးသားဖို့

(မိုးမခ) မတ် ၂၉ ၊ ၂၀၂၄


ကြီးလာရင် ရိုးရိုးသားသား ရှာစားတတ်အောင်လို့ ငယ်ကတည်းက အရိုးပဲ ကျွေးလာတာဗျ။ အရိုးတောင် သားလေးဆို အမဲရိုးပေါ့။ အပိုးကျိုးအောင်ပေါ့။ ခိုင်းတာလုပ်၊ စေရာသွား၊ ကျွေးတာစား၊ စကားမပြောနဲ့။ သမီးလေးဆို ကြက်ရိုး။ ဒါမှ ကြက်စိတ်ပေါက်မှာ။ ကြက်လို ယက်ဖြဲရှာစားတတ်ဖို့လေ။

ခုဆို သားလေးဆိုရင် ပေးသမျှ တင်ဒါယူ၊ ဘာမှမပြောဘူး။ တရက် ဆယ့်သုံးခုပေးလည်း မညည်းမညူ လုပ်တယ်။ ရိုးသားရှာတယ်။ ကုမ္ပဏီ အခုနှစ်ဆယ်ထောင်ပေးလည်း နွားလိုရုန်းတယ်။ ဒါ အမဲရိုးစိတ်ဓာတ်ပဲ။ ကျနော်တို့က အတူသိပ်မနေရပေမယ့် အချိန်တိုအတွင်းမှာ သေသေချာချာကို နွားစိတ်သွင်းခဲ့တာ။

သမီးလေးဆိုလဲ ကြက်လုံးလုံးဖြစ်နေတော့ စိတ်အေးရတာပေါ့။ ခုဆို ရိုးရိုးကြက်တောင် မဟုတ်တော့ဘူး၊ အယက်အရှာကောင်းလွန်းလို့ ကြက်သအုပ်မကြီးဖြစ်နေပြီလေ။ သူက အယက်ပညာ အဲလေ အနုပညာလုပ်ငန်းတိုင်းမှာ မဆုတ်တမ်း ခံစစ်နဲ့ပေါ့ဗျာ။ ကျနော်တို့ သေချာပြုစုပျိုးထောင်ပေးခဲ့တာပေါ့။

ကျနော်က သားကို နွားစိတ်သွင်းပေးတာပေါ့။ ကျနော်ကိုယ်တိုင် ခိုင်းတာလုပ်တဲ့နေရာမှတော့ နွားလားဥသဘဘွဲ့နှစ်ထပ်ကွမ်းရခဲ့လို့ ဂျိုကုတ်မှူးကြီးရာထူးဆက်ခံထားတာဘဲလေ။ သမီးကတော့ သူ့အမေ ကျနော့်မိန်းမ ကျက်ဆရာမက သင်ပေးတာပေါ့။ အမျိုးသမီးက ကျက်ဂျူကေးရှင်းမှာ မဟာဝိဇ္ဇာ။ ကျက္ကသိုလ်မှာတောင် ဆရာမလုပ်လာတာ။ ကျနော့နွားအလုပ်မှာ ဖာရမီဖြည့်ဖို့ သူ့အလုပ်က ထွက်လာခဲ့တာ။ ကျနော့အလုပ်မှာ အရာရှိအဆင့်ဆင့်ကို ကတော်တွေက ပုံစံအမျိုးမျိုးနဲ့ ဖာကြရတာလေ။ မဖာနိုင်ရင် ကျနော်ဘယ်ရာထူးတက်မလဲ။ ကတော်တွေ ဖာရမီမဖြည့်တတ်လို့ကတော့ သူ့ယောက်ျားနွားလားဥဿဘ ချိုကုတ်မှူးကြီး ရာထူးရဖို့များ စိတ်ကူးထဲတောင် မထည့်နဲ့။ အဲလို သူ့အိမ်ထောင်သက်တမ်းတလျှောက်လုံး ဖာနည်းမျိုးစုံနဲ့ ကျိုးခုန်ခဲ့ရတဲ့အတွက် သမီးကို ကြက်ဂျူကေးရှင်း ကောင်းကောင်းပေးနိုင်တာပေါ့။ ခုဆို သမီးလေးလဲ ကြက်ရိုးကိုက်ရင်း ကြက်ပညာစုံလို့ ကြက်မှာ အရိုးဆိုတဲ့အတိုင်း ရိုးရိုးသားသား ယက်ဖြဲရှာစားတတ်နေပါပြီ။

အဲ မတူဘူးဗျ၊ ကျနော့်တပ်ကိုတော့ ခွေးရိုးပဲ ကျွေးတယ်။ ခွေးစွယ်သွေးတိုက်တယ်။ သူတို့က ကာကွယ်ရေးကိုး။ သူတို့လဲ အရိုးစားတော့ ကာကွယ်စောင့်ရှောက်ရေးမှာ အင်မတန်ရိုးသားကြပါတယ်။ အားလဲ ကိုးရတယ်။ ကျနော်လက်ညှိုးထိုးပြတဲ့နေရာ တဟုန်ထိုးပြေးကိုက်တာဘဲ။ သူတို့ကို မွေးခဲ့တဲ့အမေလား၊ ကျွေးခဲ့တဲ့အဖေလား၊ သူတို့ကို သင်ပေးခဲ့တဲ့ဆရာလား၊ သူတို့ကို ကုသပေးခဲ့တဲ့သမားလား၊ အမျိုးလား အဆွေလား၊ အဘိုးလား အဖွားလားတောင် မကြည့်ဘူး။ သူတို့က ကျနော့်သားနဲ့သမီး နွားလို ကြက်လိုရှာထားသမျှ ကာကွယ်ဖို့ လက်သပ်မွေးထားတာလေ။ 

သူတို့ ဘယ်လောက်ရိုးလဲဆို ကျနော်ဘယ်လောက်မဟုတ်တာပြောပြော ယုံကြတာဘဲ။ ဒီလောက် တတိုင်းပြည်လုံးက ယုံကြည်ထောက်ခံလွန်းတာရဲ့ဟိုဖက်တောင်လွန်နေတဲ့သူကို မဲခိုးလို့နိုင်တာပြောလဲ ယုံကြတာဘဲ။ အူသံမစဲ ထောက်ခံပွဲတွေတောင် လုပ်လားလုပ်ရဲ့။ ဒီလောက် တိုင်းပြည်ဟာ အဖက်ဖက်က ဆုတ်ယုတ်ကျဆင်း ပျက်ယွင်းနေတာကို မြင်နေပါလျက်နဲ့ တိုင်းပြည်စီးပွါးရေးဦးမော့လာပြီပြောလဲ ဟာ တဝုန်းဝုန်းနဲ့ ဟောင်ပေးကြတာဘဲ။ ကျနော်က ရှို့ဆို တအို့အို့နဲ့ ကိုယ့်ရပ်ကိုယ်ရွာတောင် မီးတိုက်တဲ့ကောင်တွေ။ ကျနော်သတ်ဆို လူလား ဘုန်းကြီးလား မရွေးဘူး၊ ကလေးလား လူကြီးလား မကြည့်ဘူး၊ နောက်ဆုံး ဆွေလားမျိုးလား အပေါင်းလား အသင်းလားမတွက်ဘူး၊ ဘီလူးသရဲစီးသလိုကို သတ်တာ။ သူတို့ကျတော့ ခွေးရိုးကို အရက်နဲ့မြင်းဆေး တွဲကျွေးထားတာကိုးဗျ။ ခများ အရိုးသာနာနာကျွေး တကယ် ရိုးသားတယ်ဆိုတာယုံ။ ဘယ့်နှယ်ဗျာ သေမှာမှန်းသိရက်နဲ့ကို တက်ကိုက်တာ။ သူတို့မိသားစုတွေရော သေမှာဆိုလဲ အမြှီးနံ့မယ်မထင်နဲ့၊ ပါးစပ်ဖြဲ ထွက်ဆွဲတာဘဲ။ အဲလောက် ရိုးသားတာဗျ။

ကျနော်က တကယ်တော့ တတိုင်းပြည်လုံးကို ရိုးရိုးသားသားပဲ ဖြစ်စေချင်တာဘာ။ ဖြစ်နိုင်ရင်တော့ တကမ္ဘာလုံး ဖြစ်စေချင်တာပေါ့ဗျာ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် မဟုတ်လား။ ခုလောလောဆယ် ကျနော့်မိသားစု အရိုးစားလို့ ရိုးသားသွားပြီ။ ကျနော့်တပ် အရိုးစားလို့ ရိုးသားနေပြီ။ ခု ကျနော့်နိုင်ငံကို အရိုးကျွေးတော့မယ်။ အဲဒီအတွက် စစ်မှုထမ်းဥပဒေ ထုတ်လိုက်ပြီ။ တပ်ထဲရောက်လို့ ခွေးရိုးကျွေးလိုက်ရင် ခွေးဝန်းကျင်ရောက် ခွေးစိတ်ပေါက်ပြီပေါ့ဗျာ။ တနှစ် နည်းနည်းနဲ့ ဆယ်နှစ်လောက်ဆို တပြည်လုံး ခွေးစိတ်ပေါက်ရောပေါ့။ ကျနော် စံနမူနာပြလုပ်ပါ့မယ်။ နောက်ဆို ကျနော့်လိုဘဲ အရိုးစားစို့ ရိုးသားဖို့ကမ်ပိန်းတွေ ကမ္ဘာအနှံ့ ပေါ်လာမှာပေါ့။

(မအလနဲ့ ရုရှားဘဲကြီးတပွေ ထင်ရာဗျူးမှ ကောက်နုတ်ချက်)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar