Breaking News

မြို့/ ကျေးရွာသိမ်း တိုက်ပွဲနဲ့ မြို့ပျက်စီးနိုင်ခြေ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂၈ မြင်ကွင်း

(မိုးမခ) မတ် ၂၉၊ ၂၀၂၄

မြို့/ ကျေးရွာသိမ်း တိုက်ပွဲနဲ့ မြို့ပျက်စီးနိုင်ခြေ

ခုရက်ပိုင်းအတွင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် ဆန့်ကျင်ရေး) လက်နက်ကိုင် အဖွဲ့က အချို့သော ပီဒီအက်ဖ်၊ ကေအန်ယူ စစ်ကြောင်းတွေနဲ့ ပူးပေါင်းပြီး ကော့ဘိန်းကျေးရွာ ရဲစခန်းကို တိုက်ခိုက်ကာ သိမ်းယူခဲ့ပါတယ်။ 

ကော့ဘိန်း ကျေးရွာ တိုက်ပွဲဖြစ်ပွားပြီး ၂ ရက်အကြာမှာ ကော့ဘိန်းကျေးရွာရဲ့ အောက်ဘက် ဂျိုင်းမြစ်ကမ်းနံဘေးက ဓမ္မသ ကျေးရွာထဲ လက်နက်ကြီး ကျည်ကျရောက်ပြီး မီးလောင်ရာမှာ မတ်လ ၂၇ ရက်နေ့မှာ အိမ်ခြေ ၂၈၀ ကျော် မီးလောင် ပျက်စီးခဲ့ရပြီး နောက်တရက်မှာလည်း လက်နက်ကြီး ကျည် ထပ်မံကျရောက်ကာ နေအိမ်တွေ ထပ်မံ မီးလောင်ပျက်စီးခဲ့ရပါတယ်။ 

ကော့ဘိန်းကျေးရွာမှာ ရဲစခန်းကို မွန်လက်နက်ကိုင် အဖွဲ့တွေက သိမ်းထားပြီး စစ်ကောင်စီဘက်က ပြန်လည်ရရှိဖို့ တိုက်ခိုက်နေရာမှာ မြစ်ကြောင်းတလျှောက် ရေတပ်သင်္ဘောတွေက ပစ်တာလို့ ယူဆရတဲ့ လက်နက်ကြီး ကျည်ကျရောက်ရာက ကျေးရွာလူနေအိမ်တွေ မီးလောင် ပျက်စီးရတာ ဖြစ်ပါတယ်။ 

    မော်လမြိုင်၊ ဇာသပြင်၊ ဓမ္မသ၊ ကော့ဘိန်း၊ သံလည် စတဲ့ကျေးရွာတွေက မွန်လူမျိုးတွေ အများစု နေထိုင်ကြတဲ့ ကျေးရွာတွေဖြစ်ပြီး အုပ်ချုပ်ရေး နယ်မြေပိုင်းခြားမှုအရ ဇာသပြင်၊ ကော့ဘိန်း၊ သံလည်တို့က ကရင်ပြည်နယ်ထဲ ပါဝင်နေပြီး ဓမ္မသ၊ တရနာ အစရှိတဲ့ ဂျိုင်းမြစ်ရဲ့ တောင်ဘက်ခြမ်းက ကျေးရွာတွေက မွန်ပြည်နယ်ထဲ ပါရှိနေတာဖြစ်ပါတယ်။

အခု တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေ ဖြစ်တဲ့ ကော့ဘိန်း၊ ဓမ္မသ တို့လို နေရာတွေက မော်လမြိုင်မြို့ကနေ ကားလမ်းနဲ့ ဆိုင်ကယ်နဲ့ သွားရင် တနာရီ မကြာတဲ့ အကွာအဝေးမှာ ရှိကြတာဖြစ်ပြီး ဂျိုင်းမြစ်အတိုင်း ရေလမ်းဆိုရင်လည်း နာရီအနည်းငယ်သာ ကြာတဲ့ အကွာအဝေးမှာ ရှိတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက ကရင်ပြည်နယ် တကြော တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပေမယ့် မွန်လူမျိးအများစု နေထိုင်ကြတဲ့ ကရင် မွန်နယ်နိမိတ်အစပ်က ကျေးရွာတွေ ဒေသတွေ၊ မွန်ပြည်နယ် ဘုရားသုံးဆူမြို့တို့ လို ဒေသတွေမှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့တာ တွေ့ရမှာပါ။ မွန်ပြည်သစ်ပါတီ အနေနဲ့ NCA လက်မှတ်ထိုးတားတဲ့ အဖွဲ့တွေအနက် NCA ကို လိုက်နာဆဲ လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်နေသေးပြီး မကြာသေးတဲ့ သီတင်းပတ် အနည်းငယ်ကမှ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် ဆန့်ကျင်ရေး) အဖွဲ့ ဆိုတဲ့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့အဖွဲ့ ပေါ်ထွက်လာပြီး အခုလို မွန်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ 

အခုလို ဖြစ်ရပ်တွေကို လေ့လာကြည့်ရင် မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အနေနဲ့ မွန်လူမျိုးတွေ နေထိုင်တဲ့ဒေသတွေ ကို နယ်မြေထိန်းချုပ်မှုရဖို့ ရည်မှန်းချက် ထားရှိလားဆိုတဲ့ မေးခွန်းပေါ်ထွက်လာနိုင်ပါတယ်။ 

ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း မွန်ပြည်နယ်ရဲ့ အချို့သော ဒေသတွေဖြစ်တဲ့ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထို မြို့နယ်တို့မှာ လှုပ်ရှားတိုက်ခိုက်နေတဲ့ အဖွဲ့တွေက ကေအန်ယူရဲ့ တပ်မဟာ အလိုက်တပ်တွေ ဖြစ်ပြီး ဒေသခံ PDF လက်နက်ကိုင်တွေကို ဦးဆောင်ပြီး စစ်တောင်း၊ ဘီးလင်း နဲ့ သထုံမြို့နယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပြီး ရေးမြို့နယ် အနီးတဝိုက်မှာတော့ နယ်ခံ PDF အဖွဲ့တဖွဲ့နဲ့ ကေအန်ယူ တပ်မဟာက တပ်ရင်းတွေ က သံဖြူဇရပ်-ရေး-ထားဝယ် ကားလမ်းကိုစိုးမိုးဖို့ ကြိုးစားကြတာလည်း ဖြစ်ပါတယ်။ 

ဒီလို မွန်ပြည်နယ်၊ ကရင်ပြည်နယ်က မွန်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာ၊ မြို့တွေကို ထိန်းချုပ်သိမ်းယူဖို့ မွန်ပြည်သစ်ပါတီ ခွဲထွက် အဖွဲ့အနေနဲ့ လုပ်ဆောင်လာမယ် ဆိုရင် အရင်းအနှီးက ဘာတွေဖြစ်လာနိုင်သလဲ ဆိုတဲ့ မေးခွန်းလည်း ရှိလာမှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အနေနဲ့ ဖားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး၊ ရေး၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို စတဲ့ မွန်ပြည်နယ် ကရင်ပြည်နယ် တကြောမှာ ကေအန်ယူ၊ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပြီး ကော့ကရိတ်မြို့လိုမျိုးကို ကေအန်ယူလက်ထဲ မကျအောင် အပြင်းအထန် တိုက်ခိုက်နေဆဲ တိုက်ပွဲတွေ ရှိနေပြီးဖြစ်လို့ အခုလို စစ်ရေးအတွေ့အကြုံရှိပြီး လက်နက်အင်အားလည်း ပြည့်စုံတယ်လို့ ဆိုနိုင်တဲ့ မွန်လက်နက်ကိုင်ခွဲထွက်အဖွဲ့ရဲ့ စစ်မျက်နှာ အသစ်တွေကို ထပ်မံရင်ဆိုင်ရမယ့် အနေအထားက စစ်ကောင်စီအဖို့ ဝန်ထုပ်ဝန်ပိုး တခုဖြစ်စေလိမ့်မယ် ဖြစ်ပါတယ်။ 

ဒီအနေအထားကို သဘောပေါက်တဲ့ စစ်ကောင်စီအနေနဲ့ စစ်မျက်နှာ အသစ်တွေ ကျယ်ပြန့်မလာစေဖို့ နည်းနာတခုအနေနဲ့ လက်နက်ကိုင် တိုက်ပွဲ စတင်လာတဲ့ ကျေးရွာတွေ အနီးအနားတဝိုက်က ကျေးရွာတွေကို ဒဏ်ခတ်တဲ့အနေနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မီးလောင် ပျက်စီးစေအောင် လုပ်ဆောင်တဲ့ နည်းဗျူဟာအနေနဲ့ ဓမ္မသတ်ကျေးရွာကို လက်နက်ကြီး ကျည်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီဒေသက မွန်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေဟာ စီးပွားရေး အသက်မွေးဝမ်းကျောင်းအရ၊ စိုက်ပျိုးရေးနဲ့ ထိုင်းမြန်မာ ကုန်သွယ်ရေးလိုမျိုး လုပ်ကိုင်ကြတာ ဖြစ်ပြီး ကောင်းမွန်တဲ့ နေအိမ်တွေ၊ ကြီးမားတဲ့ ဘုန်းတော်ကြီးကျောင်းတွေ တည်ဆောက် နေထိုင်ကြတဲ့ ကျေးရွာတွေ ဖြစ်ပြီး အခုလို မီးလောင်ပျက်စီးရတဲ့အတွက် နစ်နာဆုံးရှုံးမှုက ကြီးမားတဲ့ အနေအထားဖြစ်ပါတယ်။ ရှေ့မှာလည်း လွန်ခဲ့တဲ့ ၃ လ ကျော်ကတည်းက ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ သိမ်း တိုက်ပွဲရဲ့ အကျိုးဆက်က ကော့ကရိတ် မြို့ရဲ့ ရာနှုန်းအတော်များများ မီးလောင်ပျက်စီးနေတဲ့ သာဓကက မျက်မြင်ရှိနေတာ ဖြစ်ပါတယ်။ 

ဒေသခံ လူထုအနေနဲ့ မြို့တွေ ကျေးရွာတွေကို သိမ်းယူဖို့ တိုက်ခိုက်မှုတွေကို အားပေး ထောက်ခံကြမလား၊ သို့မဟုတ် တိုက်ချင်းတိုက် စစ်ရေးအရ အရေးပါတဲ့ စခန်းတွေ၊ တပ်ရင်းတွေလိုမျိုးကိုသာ တိုက်ခိုက်ဖို့ ၊ လူနေမြို့တွေ၊ ကျေးရွာတွေမှာ တိုက်ပွဲ ဖော်ဆောင်တာကို ရှောင်ရှားဖို့ လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းလာမလား ဆိုတဲ့ မေးခွန်းနဲ့ ရွေးချယ်စရာလည်း မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့အနေနဲ့ ရှိကောင်း ရှိနေလိမ့်မှာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar