Breaking News

လင်းလက်နွေဦး - နေထိုင်မကောင်းတဲ့ နေ့ရက်များ

နေထိုင်မကောင်းတဲ့ နေ့ရက်များ
လင်းလက်နွေဦး
(မိုးမခ) မတ် ၂၉၊ ၂၀၂၄
 
အော်တိုအင်မြူးရောဂါတွေက အတော်ဆိုးတာကိုး။ မိအောင်လှိုင်စိတပ်လိုပဲ၊ တိုင်းပြည် ကာကွယ် စောင့် ရှောက်ရမှာကို သူတို့ကိုယ်တိုင် ဖျက်ဆီးနေတယ်လေ။ ဒီတော့ ကျနော့်ခန္ဓာကိုယ်ကြီးဟာလည်း ဟိုက နာ၊ ဟိုကို ကုနေတုန်း ဒီက လာနာ၊ ဒီကို လာကုရပေါ့။ ဟိုရွာ လေကြောင်းက ဗုံးကျဲ၊ ဒီရွာ မီးရှို့ဆိုတော့ ကျနော့် ခန္ဓာ ကိုယ်ကြီးနဲ့ လာတူနေပါပကော။ ဒါကို ဆရာဝန်တွေက ခုခံအားစနစ် စံလွဲခြင်းလို့ ရောဂါတပ်ပါတယ်။ နိုင်ငံ တော်မှာ ဆိုရင်လည်း ဘယ်လို နာမည်တပ်ကြမလဲ စဉ်းစားကြည့်တယ်။ ကာကွယ်ရေးစနစ် စံလွဲခြင်းလား... ဖောက်ပြန်ခြင်းလား... ဖက်ဆစ်စနစ်လား...။ နေမကောင်းပါဘူးဆို ခေါင်းတွေ ရှုပ်လိုက်တာ။

ဖောက်ပြန်နေတဲ့ ခုခံအားစနစ်ကို ဖျက်ဆီးမှုတွေ မလုပ်နိုင်အောင် ခုနှိမ်ထားရတယ်။ ဆေးမျိုးစုံနဲ့ပါပဲ၊ ဆေးတစ်မျိုးက အတွင်းကလီစာတွေကို ကာကွယ်ပေးတဲ့ဆေး၊ ဆေးတစ်မျိုးက ခုခံအားကို ငြိမ်ဝပ်ပိပြားအောင် လုပ်တဲ့ဆေး။ ဖောက်ပြန်ရေးသမားတွေကြောင့် ပျက်စီးနေတဲ့ ကိုယ်တွင်းရောင်ကိုင်းမှုတွေကို သက်သာစေတဲ့ ဆေး။ စံလွဲသူကြောင့် အရေးကြီးတဲ့ အင်္ဂါရပ်တွေ မပျက်စီးနိုင်အောင် အားဖြည့်ပေးတဲ့ဆေးက နှစ်မျိုး သုံးမျိုး။ ဖက် ဆစ်စနစ်ကို အားပေးတဲ့သူတွေကို ရှောင်ရှားရတဲ့အခါ ရလာတဲ့ အကျိုးဆက်တွေအတွက် ကြိုတင်ကာကွယ်ပေး တဲ့ ဆေးတွေ...။ အို များမှ အများကြီး လိုတာကိုး။

ငှက်ဖျားဖြစ်ရင် ဆေး သုံးလေးငါးရက်လောက်သောက် ပျောက်ကင်းသွားနိုင်တယ်။ သွေးတိုး ဆီးချို ဖြစ်ရင် ဆေးလေး တစ်မျိုးနှစ်မျိုးလောက် နေ့တိုင်းသောက်နေရင်၊ ဘဝနေထိုင်မှုပုံစံလေး အကောင်းဘက် ပြောင်း နေလိုက်ရင် အဆင်ပြေတယ်။ ဟ၊ အခုလို အော်တိုအင်မြူးရောဂါတွေမှာတော့ သောက်ရတဲ့ ဆေးတွေက တစ်ပုံ ကြီး။ လိုက်နာရတဲ့ စည်းကမ်းတွေက အများကြီး... ဟိုဟာ မစားနဲ့ ဒီဟာ မလုပ်နဲ့ အဲလို နေထိုင် ဆိုတာမျိုးတွေ။ ဒီ ကြားထဲ ဘုရားကု ကုခိုင်းတဲ့သူတွေက ပါသေး။ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ကိုယ်စိတ်နှလုံးကို ပစ်ချထားတာ တောင် အခွင့်အရေးယူ ရောဂါတွေက ဝင်လာသေးတယ်။ မင်းသား ကျော်မောင်လို လူစိတ်မရှိတဲ့ ကောင်တွေပေါ့။ ဟိုက ကျွန်ကလေးမှာ နှစ်ယောက်တည်း ရှိတာတောင် မေဝင်းမောင်က ရေမလာခင် မြောင်းပေးနေရသေးတယ်။ အော်... ဟိုက မိကောင်းဖခင်ရဲ့ သားကိုး။

နိုင်ငံတော်မှာ ဒီလို သားကောင်း သမီးကောင်းတွေ လိုတယ်နော်။ ဒီလို သားသမီးကောင်းတွေကမှ မိခင် နိုင်ငံ တော်ကြီး မျက်နှာပန်း လှမယ် မဟုတ်လား။ မနေ့ညက အိပ်ခါနီး သတင်းနားထောင်အပြီး ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ် သွားတွေ့တယ်။ နားမထောင်ဘူးသေးတဲ့ သီချင်းပဲ၊ ‘ကျန်စစ်မင်း’တဲ့။ သံစဉ် ငြိမ့်ညောင်းထဲမှာ ပြောင်မြောက်လှတဲ့ စာသားတွေ ထည့်ဆိုထားတယ်။ သံစဉ်ကလည်း ထူးအိမ်သင်လို့ မပြောရဘူး၊ ကျေနပ်စရာ အပြည့်။ တီးလုံးလေးတွေမှာ ပုဂံခေတ်က တီးကွက်ကလေးတွေ... ဗုံသံ၊ ပုလွေသံတွေနဲ့ တန်ဆာဆင်လို့။ ဘာတဲ့... ‘ကောင်းသောအကျင့်၌ လူအများအား မွေ့လျော်စေသည်... တရားသောအမိန့်ကိုသာ အမြဲတမ်း နှုတ်ဖျားမှာ ဖွင့်ဆို သော...’တဲ့။ ဒီလို ဘုရင်မျိုးဆို ဘုရားလိုတောင် ကိုးကွယ်ထားချင်တယ်။ ...ကွဲပြားခြားနားမှု မရှိစေဘူး၊ တိုင်းပြည် မြို့ရွာအနှံ့ ထိတ်လန့်ခြောက်ခြားဖွယ်ဟူသမျှ မရှိစေဘူး။ လက်ဝဲလက်နဲ့ ပုဆိုးအဝတ်အထည်တွေ ပေးပြီး လက်ယာလက်နဲ့ ထမင်း စားဖွယ်ရာတွေ ကျွေးခဲ့တယ်တဲ့။ အော် ကျန်စစ်မင်း... ကျန်စစ်မင်း... ရှားပါတယ် သူ့လို ဘုရင်မျိုးတွေ။

ဒါနဲ့ ဒီဘုရင်တစ်ပါးပဲလားလို့ လျှောက်စဉ်းစားကြည့်တယ်။ မင်းကောင်းမင်းမြတ်တွေပေါ်ထွန်းခဲ့တဲ့ အထောက် အထားတွေ အများကြီးပါပဲ။ အဓိက ကတော့ ‘ကျောက်စာတွေ’။ တချို့က မြန်မာလူမျိုးတွေက မှတ်တမ်းမှတ်ရာတွေ အားနည်းတယ်လို့ ပြောခဲ့ကြပေမယ့်၊ ဟို ရှေးရှေးတုန်းကတည်းက မှတ်တမ်း ရေးသားခဲ့တာ တွေ ရှိပါတယ်။ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာ၊ မင်စာ၊ ပုံနှိပ်စာ... အများကြီးပါ။ ဒါပေမယ့် လူတိုင်းကတော့ ဒိုင်ယာရီ မရေးဘူးပေါ့။ ကျနော်တောင် အသည်းကွဲပြီးတဲ့နောက်ပိုင်း ဒိုင်ယာရီ ဆက်မရေးတော့ပါဘူး။ ရေးသင့် တယ်လို့ ဆရာ ဆရာမတွေက သင်ပေးတယ်။ ပျင်းတာနဲ့ တစ်အုပ်တောင် မကုန်လိုက်ဘူး။

ရှေးရှေး မင်းတရားကြီးတွေက ကျောက်စာတွေ ဘာတွေ ရေးထိုးမှတ်တမ်းတော့ တင်ပါရဲ့၊ ဒါပေမယ့် ကုသိုလ်တော်တွေချည်းပဲ ထင်တာပါပဲ။ မြစေတီကျောက်စာတို့၊ သိင်္ဃသူ့သမီးကျောက်စာတို့ သင်ကြားဖတ်ရှုရတာ တွေမှာ လှူဖွယ်ပစ္စည်း သက်ရှိသက်မဲ့တွေ၊ ဆုတောင်းနဲ့ ကျိန်စာ ဒါပဲ မဟုတ်လား။ မှတ်မှတ်ရရ၊ ရှင်ဒိသာပါမောက် ကျောက်စာမှာတော့ ခရီးသွားမှတ်တမ်း ရေးထိုးထားခဲ့တယ်။ နရပတိစည်သူ မဟုတ်လား၊ မာန်မာနတွေ ထောင်လွှားပြီး တရုတ်ကြီးနဲ့ စင်ပြိုင်အခွန်တော် သွားကောက်တာလေ။ ပေါက်ဖောက်ကြီး စိတ်ဆိုးတော်မူပြီး နယ်မြေတွေ လာသိမ်းလိုက်တာ၊ ပုဂံက ဘုရင် အောက်ပြည်ထိ ပြေးပုန်းသွားရတယ်။ အရင်ခေတ်တုန်းက တရုတ် ပြေးမင်း၊ အခုခေတ်ရောက်တော့ တရုတ်ခွေးမင်းပေါ့လေ။ ဒီတရုတ်နဲ့ကို မလွတ်နိုင်ဘူးနော်။ အဲတော့ ဆရာတော် က နိုင်ငံတော်ကို သံတမန်လုပ်ပြီး ကယ်တင်တော်မူပါသတဲ့။

နောက်တစ်ခု စာဖတ်ရင်း ပီတိဖြစ်ရတဲ့ ဘုရင်ကြီးတပါး ရှိသေးတယ်။ ဒီဘုရင်က လက်ရုံးရည် နှလုံးရည် ကြံရည်ဖန်ရည် စတဲ့ ဘုရင်ကောင်းတစ်ပါးမှာ ရှိသင့်တဲ့ အရည်အချင်းတွေ အကုန်ရှိတယ်။ အစက သူရဲဗိုလ်ပါ အနည်းငယ်လောက်သာရှိတဲ့ စစ်သူကြီး။ အဝေးရောက်နေတုန်း ဘုရင် အလုပ်ကြံခံရ။ ဒီတော့ ရောက်တဲ့နေရာကပဲ စပြီး မြို့ရွာတွေကို သိမ်းပိုက်လာတယ်။ နိုင်ငံခြားသား ကြေးစားစစ်သားတွေ ဘာတွေ ခေါ်ထားတယ်။ တိုက်လို့ နိုင်တဲ့ မြို့ရွာတိုင်းမှာ ဘုရားတည် ကျောင်းဆောက် စတဲ့ ကုသိုလ်တွေ ဖြည့်ကျင့်၊ မူလ မြို့ရွာ ပဒေသရာဇ်ပြည်တွေ ရဲ့ ဘုရင်၊ မှူးမတ်၊ စော်ဘွား၊ နယ်စား၊ မြို့စားတွေကိုပဲ မူလအတိုင်း ပြန်ခန့်။ သစ္စာခံခိုင်းတဲ့ သဘောပေါ့။ ဒါ မှမဟုတ် အဲဒီအဆက်အနွယ်ထဲကပဲ ပြန်ခန့်။ ပြီးတော့ သားတော်၊ ညီတော် တစ်ဦးဦးကို ခြေရင်းတော်မြဲ အနေနဲ့ ဓားစာခံခေါ်ထားလိုက်တာပဲ။ ရှေးတုန်းက ရှမ်းပြည်နယ် မိုးကုတ်တို့ သီပေါတို့မှာဆို စော်ဘွားတစ်ဦးဦးသေရင် ကျွန်ယောကျ်ား ကျွန်မိန်းမတွေပါ သတ်ပြီး အတူထည့်ပေးလိုက်တယ် ဆိုတယ်။ အဲလို လွဲမှားတဲ့ အယူတွေ၊ ယာဇ်ပူဇော်တာမျိုးတွေ၊ နတ်ကိုးကွယ်မှုတွေကို ပယ်ဖျက်ပေးတော်မူတယ်။ အဲဒီဘုရင် ဧကရာဇ်အဖြစ် နန်း တော်ပြန်လာရာ လမ်းမှာ၊ ပုဂံဝင်ပြီး စေတီတစ်ဆူမှာ ကြေးခေါင်းလောင်းကြီးတစ်လုံးလှူတယ်။ သူ့သမိုင်းတွေကို အဲဒီခေါင်းလောင်းပေါ်မှာ ရေးထိုးခဲ့သတဲ့။ ရှင်ရဲထွတ်တဲ့၊ ကျော်ထင်အနော်ရထာတဲ့၊ ဘုရင့်နောင်တဲ့။

နေမကောင်းတဲ့ကြားက အားတက်လာလိုက် အားပြတ်လာလိုက်ပါပဲ။ မင်းကောင်းမင်းမြတ်ဆိုတာ မြန်မာ့ သမိုင်းမှာ အတော်ရှားတဲ့ ဒုလ္လဘတရားပါပဲ။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ လက်လှမ်းမီသလောက် စဉ်းစားကြည့်ရင်း ဟို အင်းဝဘုရင်ကို သွားသတိရတယ်။ Ava လို့ ရေးထားတဲ့ ဆရာခက်ဇော်ရဲ့ စာအုပ်ထဲမှာ ပါတယ်လေ။ တိုင်းပြည်က ပျက်စီးယိုယွင်း... ပျက်စီးအောင်လည်း ဒင်းက လုပ်နေတာပဲလေ။ ဘာမှမတတ်တဲ့လူ ကို ပြန်ကြားရေးတာဝန်ခံ ခန့်လို့ခန့်၊ အထင်ကြီးအောင် ပြောတတ်ဟောတတ်တဲ့ ဘုန်းကြီးကို မင်းဆရာ သာသနာ ပိုင် တင်လို့ တင်။ ငယ်ငယ်တုန်းက ဆိုးဖော်ဆိုးဖက်တွေကို မှူးမတ်သေနာပတိတွေ ထမ်းဆောင်ခိုင်း။ ဆိုးတာက သူ့စစ်သားတွေ ဗိုလ်တွေပဲ၊ ဘုရားပုထိုးစေတီတွေရဲ့ ဌာပနာကို ဖောက်ယူကြသတဲ့။ ကျန်တာတော့ ပြောမနေနဲ့ တော့၊ ဓားပြတိုက် လုယက် မီးရှို့ မုဒိန်းကျင့်...။ အဲ... အဲထဲက တချို့စစ်သည်တွေက ဘုရင့်တပ်အင်အားနည်းလို့ သနားညှာတာတော်မူပြီး လူထွက်စစ်မှုထမ်းလာတဲ့ ဘုန်းကြီးတွေ။ ဝါသဝနဲ့ အပေါင်းအသင်းတစ်စု။ ဒင်းတို့လည်း တွယ်တာပဲ။ အတော်ဆိုးတယ်။ တိုင်းပြည် ဇကာပေါက်ဖြစ်တော့မှာ တဖက်ဘုရင်ကို လေချိုသွေးတယ်... ‘ငါ့ကိုပဲ ဖမ်းသွားပါ၊ ငါ့ပြည်သူ တွေကိုတော့ အတိဒုက္ခမပေးပါနဲ့’တဲ့။ ဟုတ်သားပဲ၊ သူ နှိပ်စက်လို့ တိုင်းပြည်လည်း ပြာကျနေပြီလေ။

ဟံသာဝတီပါ မင်းတရားကြီးကတော့ မြစ်ဆိပ်မှာ ရေနစ်သတ်ခံရသတဲ့။ မသနားပေါင်။ သူ့ထက်ဆိုးတဲ့ ‘မအလ’တတွေကိုလည်း ကြိုးစင်တင်ရမယ်တဲ့။ သနားစိတ်လေး တစိုးတစိ မဖြစ်ပေါင်။ အဲလို တွေးနေမိတယ်။

လင်းလက်နွေဦး
၂၇.၃.၂၀၂၄ ညနေ ၁ နာရီ ၂၆ မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar