Breaking News

မောင်လင်းရိပ် - အချုပ်အားဖြင့် ချုပ်ကြပုံများ

Art by Than Htay Maung
အချုပ်အားဖြင့် ချုပ်ကြပုံများ
မောင်လင်းရိပ်
(မိုးမခ) မတ် ၆၊ ၂၀၂၄

စာချုပ်တွေကို စက္ကူဖြူဖြူပေါ်မှာ ချုပ်ကြ
စစ်ကူလို့ချုပ်သလား စိတ်ကူလို့ ချုပ်မလား
လက်မှတ်ထိုးစရာ စက္ကူကတော့ ကူရမယ်
လက်နက်ကိုင်ခဲ့တဲ့ လက်တွေဟာ လက်ဖြူဖြူအဖြစ်နဲ့ စက္ကူပေါ် စာချုပ်ချုပ်ရတာပဲ
ရာပေးလို့ဆုတ် ထောင်ပေးလို့ချုပ် ချစ်တဲ့သူ အရိုး ဆံထိုးလုပ်သလိုတဲ့လား
လျာပေးလို့ ဆုတ်သလား လျာထားပြီး ဆုပ်သလား
အတွင်းဖြစ်ရပ်တွေကို မသိရရင် စကားတန်ဟာ တန်ရာမှာ ရပ်ဖို့ပဲ
(ပြောခဲ့တဲ့) စကားတွေဟာ တည်မှာလား စိတ်တွေဟာ တည်မှာလား
(ပြောခွင့်ရ ပုဂ္ဂိုလ်လေးကို မေးမြန်းဖို့ရာ ဆက်သွယ်၍ မရနိုင်သေးပါ)
စက်လှည့်သလို လည်ပတ်ပုံတွေ ညီတော့မလားလို့ မှန်းဆခဲ့ပုံတွေ လွဲ မလွဲ
သံသရာ စက်ရဟတ်က အဆက်မပြတ် တဝဲလည်လည်
ငါက ဘယ့်အတွက် ရတက်မအေး ဆွေးရအသွယ်သွယ်ဖြစ်နေရမှာလဲ
တစ်နေရာရာမှာ ရှိတန်ကောင်းပေရဲ့ ပြည်ထောင်စု အသစ်စက်စက်ကလေးရယ်။

၂၀၂၄၊ မတ် ၄
* ဆရာညှာရဲ့ သီချင်းစာသားအချို့ကို အရေးအသားထဲ ထည့်မြှုပ်ထားပါတယ်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar