ခွန်ဘ - အဆင်သင့်ဖြစ်နေတဲ့ လူမျိုးရေးပြဿနာ နောက်တခု
ခွန်ဘ - အဆင်သင့်ဖြစ်နေတဲ့ လူမျိုးရေးပြဿနာ နောက်တခု
(မိုးမခ) မတ် ၅ ၊ ၂၀၂၄
မအလတပ်က ပအိုဝ်း ရင်နှစ်ကျောင်းဆောင်ကြီးတွေကို ဘာလို့ တမင်လိုက် ဖြိုဖျက်နေတာလဲ။
အဲဒီလို မအလတပ် တမင်ဖြိုဖျက်နေတာကို ဦးအောင်ခမ်းထီရဲ့ PNO က ဘာလို့ အလိုတူအလိုပါလုပ်သလဲ။
အဲသလို မအလတပ်နဲ့ PNO က လုပ်နေတာကို ပအိုဝ်း ဆရာတော် သံဃာတော်များနဲ့ ပအိုဝ်းလူထုတွေက ဘာလို့ ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေတာလဲ။
"ပတောင်တွေလေ၊ ကျောင်းကပစ္စည်းတွေယူဖို့ လာကြတာ။ သူတို့လာတော့ သတင်းပို့ရတယ်။ သတင်းပို့လို့ လေယာဉ်လာရင် သူတို့က သေနတ်နဲ့ ထွက်ပစ်တယ်။ အဲဒီတော့ လေယဉ်က ဗုံးကြဲရော။ ဗုံးကြဲရမလားဆိုပြီး သူတို့ လိုချင်တဲ့ပစ္စည်း ကားတွေနဲ့ တိုက်ယူပြီးရင် ကျောင်းကို မီးရှို့ထားခဲ့တာဘဲ"
ဗမာတွေ ပဒေါင်လို့ ခေါ်တာကို ပအိုဝ်းတွေက ပတောင်လို့ သုံးပါတယ်။
“PNO တွေက ပညာမတတ်သူ၊ ဆေးဖြတ်သူ၊ မိဖမနိုင်သူ၊ သူကြီးက ရွာမှာ မထားချင်သူ၊ သူခိုး ဆေးပြားရောင်းတွေ အများစုနဲ့ စုစည်းထားမှန်ပေမယ့် ကျောင်းမီးရှို့တဲ့အထိတော့ မလုပ်ဘူး။ ဒို့ပအိုဝ်းတွေက တကယ့်ဗုဒ္ဓဘာသာတွေမို့လို့ဘဲ။ ကျောင်း မီးရှို့တာကတော့ ဘာသာမတူပတောင်တွေဘဲ လုပ်တာပါ”
မအလတပ်နဲ့ PNO တွဲလုပ်နေတာ သိတဲ့တိုင်အောင် အဲဒီလို ဇာတ်လမ်းတွေ အတွေးအခေါ်တွေနဲ့ ဖုံးလွှမ်းပေးထားတာပါ။
"ပတောင်လည်ပင်းရှည်တွေက ဒို့ဆီကို စစ်ရှောင်လာတာ မဟုတ်ဘူး။ ပအိုဝ်းတွေအိမ်က ပစ္စည်းယူဖို့ လာစောင့်နေတာ။ သူတို့ပီးဒွေတွေရှိတော့ အမြှောက်နဲ့ထုလို့ ပြိုလားပျက်လားဖြစ်ပြီဆို လိုချင်တာ ယူသွားတော့တာ"
ပအိုဝ်းလို ပီးဒွေဆိုတာ ပုရစ်။ PDF ကို ပီဒက်လို့ ဗမာတွေ ခေါ်တဲ့အသံနဲ့တူလို့ နှိမ်သုံး သုံးတာ။
အဲဒါ ပအိုဝ်းတွေကြား အမြဲပြောနေတဲ့ ဇာတ်ကြောင်းတွေပါ။ "ကရင်နီ" လို့ ယဉ်ယဉ်ကျေးကျေးမပြောတော့ဘူး။ လူမျိုးတမျိုးကို တမင်ချိုးနှိမ်တဲ့အနေနဲ့ "ပတောင်တွေ" "ပတောင်လည်ပင်းရှည်တွေ" လို ထပ်ပြားပြားသုံးပါတယ်။ တချိန်က ကိုယ်ကိုယ်တိုင် တော်လှန်ရေးအဖွဲ့အဖြစ် ရပ်တည်လာခဲ့ပေမယ့် "ပီးဒွေ"တွေလို့ တော်လှန်ရေးကို သေးသိမ်အောင် ကြံဆောင်ပါတယ်။
အဲဒီဝေါဟာရတွေကို အလျင်မပြတ် ရိုက်သွင်းနေတဲ့အကောင့်တွေ ရှိပါတယ်။ ပအိုဝ်းတွေက အဲဒီအကောင့်တွေကလွဲရင် ဘယ်သူ ရေးတာ ပြောတာ ထုတ်လွှင့်တာမှ နားထောင် ဖတ်ရှုလေ့မရှိပါဘူး။ အဲဒီလူတွေပြောသမျှကို လူတထောင်မှာ ၉၈၀ က ယုံပါတယ်။ မယုံ့တယုံ ၁၀ ယောက်ရှိပါတယ်။ လုံးဝမယုံက ၁၀ ယောက်ပါ။ အဲဒီ ၁၀ ယောက်က ဘာမှ မဟရဲပါဘူး။ ဟတာနဲ့ လူမှုရေးပျက်ရုံမက အသက်ပါပျောက်ကိန်းရှိပါတယ်။ မယုံ့တယုံ ၁၀ ယောက်ကလည်း သူ့သံသယကို လူထဲမှာ မေးခွန်းမထုတ်ရဲပါဘူး။
အဲဒီလိုလူမျိုးရေး ဘာသာရေးအပြင် တော်လှန်ရေးကိုပါ မုန်းတီးနာကြည်းရွံရှာအောင် လုပ်ပြီး ပအိုဝ်းတွေကို အမှောင်တိုက်ကြီးတခုဆီ တွန်းပို့နေတဲ့ အကောင့်တွေထဲက ထင်ရှားတာတွေကတော့—
https://www.facebook.com/profile.php?id=100086534766777
အဲဒါက ဗဟိုသတင်းဌာချုပ်။
https://www.facebook.com/khunsanaung2021
ဒါက ပအိုဝ်းဇော်မဲလုံး။
https://www.facebook.com/profile.php?id=100082813343960 ဒါက ပအိုဝ်းဘုန်းကြီးတပါး။
https://www.facebook.com/justin.khunkham.7
https://www.facebook.com/profile.php?id=100068397346026
https://www.facebook.com/profile.php?id=100069719315417
အဲဒါ တကယ့် လူမျိုးရေး ဘာသာရေး အမြဲသွေးထိုးလှုံ့ဆော်နေတဲ့ အကောင့်တွေပါ။
သူတို့တွေဟာ တချိန်လုံး လူမျိုးတမျိုးအပေါ် ၊ ဘာသာတခုအပေါ် ၊ နိုင်ငံရေးအင်အားစုတခုအပေါ် ပအိုဝ်းတွေ မုန်းတီး ရွံရှာ နာကြည်း စက်ဆုပ်နေအောင် မပြတ်တမ်း ရေးသား ပြောဆို လုပ်ကိုင်နေကြသူတွေပါ။
"ပတောင်ခရစ်ယန်တွေ" ပီးဒွေခရစ်ယန်တွေ" "ငါတို့ပစ္စည်းယူဖို့ချောင်းနေသူတွေ" "ပစ္စည်းယူပြီး ဘာသာရေးပါ ဖျက်ဆီးချင်လို့ ကျောင်းကို တမင်ဖျက်ဆီးမီးရှို့သူတွေ" အဖြစ် အမြဲပုံဖော်ပြနေသူတွေပါ။ သူတို့ကြောင့် သာမန် ပအိုဝ်းတွေကြားမှာ အဲဒီအသုံးအနှုန်း အပြောအဆို အစွပ်အစွဲတွေဟာ အသားကျနေပါပြီ။ ပြည်မမှာ မအလတပ်က မြို့တွေ ရွာတွေလိုက် မီးတိုက်နေတာကို မသိသူ များပါတယ်။ သိသူကလဲ သူတို့က သွားအာခံတာကိုး၊ ဖြစ်မှာပလို့ ပြောကြပါတယ်။
အဲဒါကြောင့် မအလတပ်က ပအိုဝ်းရင်နှစ်ကျောင်းဆောင်ကြီးတွေကို တိုးတိုးပြီး ဖြိုဖျက်နေတာပါ။ သူတို့ဖြိုလေ ပတောင်ကို နာကျည်းလေ။
အဲလို မအလတပ် တမင်ဖြိုဖျက်နေတာကို ဦးအောင်ခမ်းထီရဲ့ PNO က ဘာလို အလိုတူအလိုပါလုပ်သလဲဆိုတာလဲ အဲဒါကြောင့်ပါ။ သူတို့ကို မနာတဲ့အပြင် သူတို့သာ စစ်တပ်နဲ့ပေါင်းမထားရင် ဒီ့ထက်နာမယ်၊ ဦးအောင်ခမ်းထီက စစ်တပ်အပေါ်ဩဇာကြီးလွန်းလို့သာ၊ နိုင်ငံရေးအမြော်အမြင် ကြီးလွန်းလို့သာ ဆိုပြီး အားကိုးမှုတောင် ပိုတက်လာပါတယ်။
အဲသလို မအလတပ်နဲ့ PNO က လုပ်နေတာကို ဘာသာ သာသနာနဲ့ပတ်သက်ရင် ဘာတခုမှ အထိပါးမခံနိုင်တဲ့၊ ရှမ်းမြောက်က ဘုရားလေး တူနဲ့ထုတာတောင် ဆန္ဒပြပွဲကြီးတွေ ခြိမ့်ခြိမ့်သဲလုပ်တဲ့ ပအိုဝ်း ဆရာတော် သံဃာတော်များနဲ့ ပအိုဝ်းလူထုတွေက ကိုယ့်ဘုရားဖျက် ကိုယ့်ကျောင်းတွေ ဖြိုမှ ဘာလို့ ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေတာလဲ၊ ဘာလို့ ဆန္ဒပြပွဲကြီးတွေ မလုပ်လဲဆိုတာရဲ့ အဖြေလည်း ထင်ရှားလောက်ပါပြီ။
ဒါဟာ လူမျိုးတမျိုးနဲ့တမျိုး သတ်ဖြတ်သုတ်သင်အောင် ခင်းကျင်းပြင်ဆင်ထားပြီးပြီလို့ဆိုရင် မမှားပါဘူး။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar