Breaking News

ကရင်နဲ့ ကချင်ပြည်နယ်တို့မှာ စစ်ကောင်စီ စခန်းတွေ ထပ်မံဆုံးရှုံး

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁၅ မြင်ကွင်း

(မိုးမခ) မတ် ၁၆၊ ၂၀၂၄

ကရင်နဲ့ ကချင်ပြည်နယ်တို့မှာ စစ်ကောင်စီ စခန်းတွေ ထပ်မံဆုံးရှုံး 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိပြီး ကေအန်ယူ အုပ်ချုပ်ရေး သတ်မှတ်မှုအရဆို တပ်မဟာ ၆ နယ်မြေထဲက ကျိုက်ဒုံ ဗျူဟာကုန်း စစ်စခန်းကို KNU တပ်တွေက မတ်လ ၁၅ ရက်နေ့မှာ သိမ်းပိုက်လိုက်တဲ့ သတင်းတွေ ဖေါ်ပြထားကြပါတယ်။ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူး ကြီး အဆင့် ဗျူဟာမှူးနဲ့ အခြားအရာရှိ ၁၂ ဦးအပါအဝင် စုစုပေါင်း ၆၆ ဦးလက်နက်ချခဲ့တယ်လို့ သတင်းမှာ ဖေါ်ပြထားပြီး လက်နက်တွေအမြောက်အများသိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုထားပါတယ်။ ဗျူဟာစခန်းကို လနဲ့ချီ ပိတ်ဆို့ခံရပြီးနောက် စခန်းမှာ ရိက္ခာ၊ သောက်ရေ ပြတ်လပ်ခဲ့ပြီးနောက် အခုလို လက်နက်ချခဲ့တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ ကရင်ပြည်နယ် တပ် မဟာ ၆ နယ်မြေဖြစ်တဲ့ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်တွေမှာ လတ် တလော တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကတော့ ၃ လကျော်ကြာမြင့်လာပေမယ့် မြို့တမြို့လုံးနဲ့ မြို့နဲ့ဆက်လျှက်ရှိတဲ့ တပ်ရင်းစခန်းတွေကို သိမ်းပိုက်နိုင်ခြင်းမရှိသေးပဲ မြို့က လူနေအိမ်ရပ်ကွက်တွေ လက်နက်ကြီးကျည်ကျရောက်တာကြောင့် မီးလောင်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးတာတွေ အများအပြားရှိနေတဲ့အကြောင်း သတင်းတွေထဲ ပါရှိပါတယ်။ 

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင် ကျေးရွာအနီးမှာလည်း တပ်ရင်းတချို့ ကို ကေအန်ယူက သိမ်းပိုက်ခဲ့ပြီးဖြစ်ပေမယ့် ကျန်ရှိတဲ့တပ်ရင်းတွေ ထပ်မံသိမ်းပိုက်ရရှိဖို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ 

မြဝတီမြို့နဲ့ မြဝတီမြို့မြောက်ဘက် တောင်ဘက်တွေမှာတော့ စစ်ကောင်စီ တပ်တွေ၊ ကေအန်ယူတပ်တွေ၊ KNA လို့ နာမည်ပြောင်းထားတဲ့ ယခင် BGF လက်နက်ကိုင်တပ်တွေ အသီးသီး နေရာယူထားကြတာ ဖြစ်ပြီး မြဝတီမြို့ ကိုတိုက်ခိုက်မယ့် အနေအထားမျိုးတော့ လောလောဆယ်မှာ မတွေ့ရသေးပါဘူး။ ကေအန်ယူ အနေနဲ့ စစ်ကောင်စီရဲ့ လက်ရှိ စစ်ရေးအရ အင်အားချိနဲ့လာတဲ့ အနေအထားကို အခွင့်အရေးအဖြစ် ရှုမြင်ပြီး စစ်စခန်းတွေ သိမ်းယူဖို့ ကြိုးပမ်းလာတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ကေအန်ယူအနေနဲ့ ကရင်လူမျိုးတွေ နေထိုင်ကြတဲ့ ဒေသတွေအနက် မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးတိုင်း ဒေသအချို့က လွဲရင် ကျန်တဲ့ ဒေသတွေကို စစ်ရေးနဲ့ အုပ်ချုပ်ရေးအရ တပ်မဟာနံပါတ်တွေနဲ့ သတ်မှတ်ထားပြီး အဆိုပါ တပ်မဟာ ၁ ကနေ ၇ အထိ ရှိတဲ့အနက် တပ်မဟာ ၇၊ ၄ နဲ့ ၅ နယ်မြေတွေမှာ စစ်ရေးအရ တိုက်ပွဲဖြစ်ပွားတာ လှုပ်ရှားမှုတွေ သိပ်မကြားရသော်လည်း ကျန် တပ်မဟာတွေ ဖြစ်တဲ့ ၁၊ ၂၊ ၃၊ ၆ တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စခန်းတွေနဲ့ မြို့တွေ သိမ်းယူထားတာလည်း ဖြစ်ပါတယ်။ 

ခုရက်ပိုင်း ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ကေအန်ယူက စခန်းအချို့ သိမ်းယူနိုင်သလို မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာလည်း မတ်လဆန်းက စတင်ခဲ့တဲ့ ကေအိုင်အေရဲ့ စစ်ဆင်ရေးတွေ ဆက်လက် အရှိန်အဟုန်နဲ့ တိုက်ခိုက်နေကာ မြစ်ကြီးနား ဗန်းမော်ကားလမ်း နဲ့ ဗန်းမော်မြို့နယ်ထဲက လိုင်ဇာ ဌာနချုပ်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့ စစ်ကောင်စီစခန်းတွေကို ဆက်လက်တိုက်ခိုက်ကာ သိမ်းယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

ဘွမ်ရယ် စခန်းလို့ကေအိုင်အေဘက်က ခေါ်ဝေါ်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ရဲ့ ဗျူဟာစခန်းကို မတ်လ ၁၅ ရက်နေ့မှာ သိမ်းယူခဲ့တယ်လို့ ကေအိုင်အေ ပြောခွင့်ရသူက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။ ဗန်းမော်မြို့မှာ အခြေစိုက်တဲ့ စကခ က ဗျူဟာမှူးဖြစ်သူ အခြေစိုက်တဲ့ ဗျူဟာစခန်းကို သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ အခု စခန်းမတိုင်မီ စစ်ကောင်စီရဲ့ အခြားသော စစ်အခြေစိုက်စခန်း ၄ ခုလောက်ကိုလည်း မတ်လဆန်းက စတင်တဲ့ စစ်ဆင်ရေးအတွင်း သိမ်းယူထားပြီလို့ သတင်းတွေမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ ကချင်ပြည်နယ် အပြင် လတ်တလော တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ ဒေသတွေ အနေနဲ့ စစ်ကိုင်းတိုင်း ကနီမြို့ နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ပအို့ဝ် ဒေသဖြစ်တဲ့ ဆီဆိုင်မြို့တဝိုက် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက မြို့နယ် တမြို့နယ်ဖြစ်ပြီး PDF လှုပ်ရှားမှု အားကောင်းတဲ့ ကနီမြို့ကို PDF တွေက မတ်လ ၂ ရက်က စတင်ပြီး သိမ်းယူဖို့ အင်အားအပြည့်နဲ့ တိုက်ခိုက်ခဲ့ရာမှာ သီတင်းနှစ်ပတ် ခန့်အကြာမှာ PDF တွေဘက်က မြို့ကနေ ပြန်ဆုတ်ပေးလိုက်ရတဲ့ အနေ အထားဖြစ်ပါတယ်။ မြို့ထဲက ရုံးအချို့နဲ့ ရပ်ကွက်တွေကို ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်တာ၊ လေကြောင်းအကူအညီယူပြီး အင်အားဖြည့်တင်းကာ PDF တွေရဲ့ နောက်ကျောဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ မြို့ကနေ ပြန်ဆုတ်ပေးလိုက်ရတဲ့ အနေအထားဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့လို နယ်စပ်ဒေသတွေ ကုန်သွယ်ရေး သို့မဟုတ် ပြည်နယ်၊ တိုင်းဒေသတခုနဲ့ တခု ဆက်သွယ်ထားတဲ့ ပင်မလမ်းကြောင်း မဟုတ်တဲ့နေရာတွေကို စစ်ကောင်စီအနေနဲ့ အင်အားအများအပြားသုံးပြီး ထိန်းထားနိုင်တာမျိုး မတွေ့ရပေမယ့် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကားလမ်းပေါ်က မြို့တွေ၊ စစ်ကိုင်းတိုင်းထဲက မြို့တွေ၊ ချင်းတွင်းမြစ်ကြောင်း တလျှောက်က မြို့တွေက စစ်ရေးဗျူဟာအရ အရေးပါတဲ့ မြို့တွေဖြစ်လို့ စစ်ကောင်စီဘက်က ကနီလို၊ ကောလင်း၊ ထီးချိုင့်၊ မိုးမိတ်တို့လို မြို့တွေကို အပြင်းအထန် ကာကွယ်တိုက်ခိုက်တာလို့ ယူဆရပါတယ်။

 ၂၀၂၃ ခု အောက်တိုဘာ  ၂၇ ကနေ လက်ရှိအချိန်အထိ ရှမ်းမြောက်ရဲ့ ဒေသအများအပြား၊ ရခိုင် ပြည်နယ်ရဲ့ ဒေသအများအပြားကို ၃ လကျော် ၄ လနီးပါးအတွင်း စစ်ကောင်စီဘက်က လက်လွှတ်ခဲ့ရပြီးဖြစ်ပါတယ်။ သို့ပေမဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေကိုတော့ လတ်တလောမှာ ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုး မရှိသေးတာလည်း တွေ့ရမှာဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar