မြို့သိမ်းတိုက်ပွဲတွေနဲ့ ဒီတိုက်ပွဲတွေအပေါ် လူထုရဲ့ ရှုမြင်မှု ဘယ်လိုရှိမလဲ
မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၅ မြင်ကွင်း
(မိုးမခ) မတ် ၆၊ ၂၀၂၄
မြို့သိမ်းတိုက်ပွဲတွေနဲ့ ဒီတိုက်ပွဲတွေအပေါ် လူထုရဲ့ ရှုမြင်မှု ဘယ်လိုရှိမလဲ
၁၀၂၇ စစ်ဆင်ရေး စတင်စဥ်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းရှိမြို့အချို့၊ ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ် မြို့နယ်က မြို့အချို့၊ ကရင်နီပြည်က မြို့တွေ၊ ရခိုင်ပြည်နယ်က မြို့တွေနဲ့ နောက်ဆုံး ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းဒေသက ဆီဆိုင်မြို့တို့ ပေါင်းလိုက်ရင် မြို့ ၃၀ ကျော်ရှိနေပြီဖြစ်တာတွေ့ရပါတယ်။ ၂ လကျော် ၃ လကြာအထိ သိမ်း ယူနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေဆဲ မြို့အချို့လည်း ရှိပြီး အဲလိုတိုက်ခိုက်နေရတဲ့မြို့တွေထဲ ကရင် နီပြည်က လွိုင်ကော်မြို့၊ ကရင်ပြည်နယ်က ကော့ကရိတ်မြို့တို့ ပါဝင်ပါတယ်။ အချို့သောမြို့တွေကို စစ်ကောင်စီလက်ထဲက သိမ်းယူနိုင်ခဲ့ပြီးမှ ရက်ပိုင်းအကြာ သို့မဟုတ်လပိုင်းအကြာမှာ ပြန်လက်လွှတ်လိုက်ရတဲ့ မြို့တွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် ကောလင်းမြို့၊ မိုးမိတ်မြို့တို့က တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေ ပြန်ပြီးလက်လွှတ်လိုက်ရတဲ့ မြို့တွေဖြစ်ပါတယ်။
အခုလို သိမ်းယူနိုင်ခဲ့တဲ့မြို့တွေထဲမှာ အချို့မြို့တွေက မြို့နယ်အဆင့်ရှိတဲ့ မြို့မဟုတ်ဘဲ တိုက်နယ်မြို့ အဆင့်မြို့တွေလည်း ပါဝင်တာဖြစ်ပါတယ်။ အများစုက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပြီးဒုတိယ အများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပါတယ်။ တော်လှန်ရေး လက်ကန်ကိုင် အဖွဲ့တွေအနေနဲ့ မြို့တွေသိမ်းယူကြရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ကိုးကန့်၊ ပလောင်၊ ဝ နဲ့ ပအိုဝ်း နယ်တွေက မြို့တွေလည်း ပါဝင်ပြီး ကျန်မြို့တွေက တိုင်းရင်းသားပြည်နယ် နယ်မြေအတွင်းက မြို့တွေဖြစ်ကြပါတယ်။
ဒီနေရာမှာ မြို့တွေ ဘာကြောင့် တိုက်ခိုက်သိမ်းယူဖို့အရေးကြီးတာပါလဲ။ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေအနေနဲ့ ၄င်းတို့ရဲ့ လူမျိုးစုတွေ နေထိုင်တဲ့ဒေသတွေကို လွတ်မြောက်နယ်မြေ အဖြစ်ဖေါ်ဆောင်ဖို့၊ ရှိပြီးသားနယ်မြေ တိုးချဲ့ဖို့၊ နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ အဖွဲ့အတွက် အခွန် အကောက် တိုးမြှင့်ကောက်ခံရရှိဖို့၊ အချို့သောနယ်မြေတွေမှာ သယံဇာတထွက်ရှိတာကြောင့် အဲလိုနယ်မြေတွေကိုထိန်းချုပ်နိုင်ခဲ့ရင် သယံဇာတကရရှိမယ့်အခွန်ငွေကို စစ်ကောင်စီနဲ့ခွဲဝေရယူရတာမျိုးမဟုတ်တော့ဘဲ အပြည့်အဝရဖို့ဆိုတဲ့ရည်ရွယ်ချက်အပြင် အဆုံးစွန်အနေနဲ့တော့ ကိုယ် ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နယ်မြေအနေနဲ့ကြေညာနိုင်ပြီး နိုင်ငံရေးရည်မှန်းချက်ကို အပြည့်အဝ အကောင်အထည်ဖေါ်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေ ပါရှိတာ တွေ့ရပါတယ်။
ဒီနေရာမှာ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား ဘုံရည်မှန်းချက်တွေ၊ မတူကွဲပြားတဲ့ ရည်မှန်း ချက်တွေလည်းရှိသလို အကျိုးစီးပွားချင်းဆန့်ကျင်တဲ့ ရည်မှန်းချက်အချို့လည်း ရှိကောင်းရှိနေနိုင်ပါတယ်။ အခုလိုအချိန်မှာတော့ ဘုံရန်သူကို အနိုင်ရရေး၊ အင်အားကြီးတဲ့ဘုံရန်သူကို ဝိုင်းဝန်းတိုက်ဖျက်ကြရာမှာ အင်အားစုပေါင်းထားဖို့လိုအပ်ချက်ကြောင့် ကွဲပြားတဲ့ရည်မှန်းချက်နဲ့ ဆန့် ကျင်ဖက်ဖြစ်နေကြတဲ့ ရည်မှန်းချက်တွေက ရှေ့တန်းရောက်မလာကြသေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအနေအထားကိုလည်း အစဥ်သတိပြုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အား စုတွေအကြားက ပဋိပက္ခအကျိုးစီးပွားဆန့်ကျင်ဘက်ဖြစ်မှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ပလက်ဖောင်းတွေ စဥ်းစား ပြင်ဆင်ထားကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
ဒါကတော့ နယ်မြေသိမ်း မြို့သိမ်းတိုက်ပွဲတွေနဲ့ ဆက်နွှယ်တဲ့သက်ရောက်မှုတွေ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်နိုင်ခြေတွေ ဖြေရှင်းကြရမယ့် ကိစ္စအပိုင်း ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲတွေနဲ့ လူထုအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်တဲ့ အပိုင်းကို ဆွေးနွေးကြည့်ချင်တာ ဖြစ်ပါတယ်။
မြို့တွေ ဘာကြောင့် သိမ်းဖို့ လိုအပ်သလဲ ဆိုတဲ့မေးခွန်းက မေးစရာမလိုတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ စစ်ကောင်စီ၊ အာဏာသိမ်းစစ်တပ် အုပ်ချုပ်ထားတဲ့ မြို့တွေကို သိမ်းနိုင်မှ အာဏာသိမ်း စစ်ကောင်စီတပ်တွေ အခြေစိုက်ထားတဲ့ အာဏာအခြေစိုက်ထားတဲ့ နယ်မြေကို သိမ်းယူနိုင်မှ လက်နက်ကိုင်တိုက်ပွဲရဲ့ အဓိကရည်မှန်းချက်က ပြည့်ဝမှာ ဖြစ်ပါတယ်။ အဲလိုဆိုခဲ့ရင် မြို့တွေကို ဘယ်လိုအနေအထားနဲ့ သိမ်းယူကြမလဲဆိုတာ ဖြစ်ပါတယ်။ မြို့တွေကို သိမ်းယူဖို့ တိုက်ခိုက်လာတဲ့အခါ စစ်ကောင်စီဘက်က မြို့နေလူထုနဲ့ လူထုရဲ့ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီး ဆုံး ရှုံးနိုင်တဲ့အချက်ကို ဦးစားပေး စဥ်းစားလေ့မရှိတာ အများသိရှိပြီးဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲတွေမှာ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ စျေးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မီး ရှို့ဖျက်ဆီးတာ၊ မြို့နေလူထုပိုင်ဆိုင်မှု ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံရတဲ့ ကိစ္စတွေကို ဒီအတိုင်းခွင့်ပြုထားတာ၊ အချို့သောဖြစ်ရပ်တွေမှာ ၄င်းတို့တပ်ဖွဲ့ဝင်တွေကိုယ်တိုင်က နေအိမ်တွေက တန် ဖိုးရှိတဲ့ပစ္စည်းတွေကိုယူဆောင်သွားကြတာတွေက မြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားလာရင် အခုလို ပျက်စီးဆုံးရှုံးမှု ကြီးမားမယ်၊ အရင်းအနှီးကြီးမားမယ် ဆိုတဲ့ သတင်းစကားကို လူထုဆီ ပေးချင်တဲ့ ရည်ရွယ်ချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တအန်းပလောင် လက်နက်ကိုင်အဖွဲ့နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်သိမ်းယူတဲ့ နယ် မြေတွေမှာ မြို့တွေသိမ်းယူရာမှာ ပျက်စီးမှုတွေရှိသော်လည်း စစ်ကောင်စီအနေနဲ့ ပြန်လည်သိမ်း ယူနိုင်ဖို့ သဘာဝ ပထဝီအနေအထားအရ နဲ့ အင်အား အကူအညီ ထောက်ပံ့ရေး လမ်းကြောင်း အခက်အခဲရှိတာတွေကြောင့် မဟာမိတ်တွေ၏သိမ်းယူပြီးမြို့တွေ ပြန်လက်လွှတ်လိုက်ရတာ မရှိသလောက် နည်းပါးတာဖြစ်ပေမယ့် မြန်မာနိုင်ငံ အလယ်ပိုင်း ကောလင်းလို၊ မိုးမိတ်လို မြို့တွေကတော့ မဟာမိတ်တွေနဲ့ ပီဒီအက်ဖ်တွေဘက်က သိမ်းယူနိုင်ပေမယ့် ကြာရှည်စွာ ထိန်းသိမ်းထားဖို့ အခက်အခဲရှိတဲ့အနေအထားဖြစ်ပါတယ်။ ပြည့်ပြည့်ဝဝမသိမ်းလိုက်နိုင်တဲ့ မြို့အနေနဲ့ ထီးချိုင့်မြို့ ရှိပြီး သိမ်းယူပြီးမှ ပြန်လက်လွှတ်လိုက်ရတာ ကောလင်းနဲ့ မိုးမိတ်ဖြစ်ပါတယ်။
ဒီမြို့တွေ တမြို့လုံးနီးပါး မီးလောင်တာ၊ ဖောက်ထွင်းယူဆောင်ခံရတာတွေ ကြုံကြရတာကြောင့် မြို့နေလူထုအဖို့ မြို့မှာ ပြန်အခြေချဖို့ မလွယ်ကူတော့တဲ့အနေအထားနဲ့ ကြုံရသလို အကယ်၍ ပြန်အခြေချခဲ့ရင်နောက်တကြိမ် မြို့သိမ်းတိုက်ပွဲလိုမျိုး ဖြစ်လာဦးမလားဆိုတဲ့ စိုးရိမ်သောကလည်း ရှိနေကြမယ့်အနေအထားဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာတော့ သိမ်းယူဖို့ကြိုးစားနေတဲ့ ကော့ကရိတ်မြို့ နဲ့ ကရင်နီပြည်က လွိုင်ကော်မြို့တို့ဟာ ၃ လကျော်ကြာတဲ့အထိ အပြည့်အဝမထိန်းချုပ်နိုင်သေး သိမ်းယူခြင်းမပြုနိုင်သေးတဲ့ မြို့ ၂ မြို့ဖြစ်ပါတယ်။ လူဦးရေ သောင်းဂဏန်း ကြီးကြီးမားမားထိရှိတဲ့အဲဒီမြို့ ၂ မြို့အနေနဲ့ မြို့တွင်းမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားလာချိန်က မြို့ခံလူထုအချို့ အသက်သေဆုံးမှုရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီမြို့တွေက သောင်းနဲ့ချီတဲ့ မြို့ခံတွေအနေနဲ့ဒေသတွင်းက အခြားမြို့တွေမှာ စစ်ဘေးရှောင်နေထိုင်နေကြရတာ လနဲ့ချီရှိလာတဲ့သဘောလည်း ဖြစ်ပါတယ်။ အခုလို မြို့တွေသိမ်းယူဖို့ အပြင်းအထန် တိုက်ခိုက်နေကြတဲ့အချိန်မှာ မြို့ခံလူထု စစ်ဘေးတိမ်းရှောင်ဖို့၊ အခြားမြို့တွေ ဒေသတွေမှာ နေ ထိုင်စားသောက်ဖို့ကိစ္စရပ်တွေကို လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘာမှ စီမံထောက်ပံ့ပေးခြင်း မပြုနိုင်တဲ့အနေအထားလည်း ဖြစ်ပြီး လူထုအနေနဲ့ မိမိတို့ ခြေထောက်ပေါ် မိမိတို့ ရပ်တည်ကြရတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို ခြုံကြည့်မယ်ဆိုရင် မဟော်သဓာ သားတရားစီရင်ခန်းလို မိခင်အရင်းမဟုတ်တဲ့စစ်ကောင်စီအနေနဲ့ မြို့တွေ ထိခိုက်မှာ လူတွေထိခိုက်မှာကို ငဲ့ကြည့်မှာမဟုတ်တဲ့အပြင် မြို့သိမ်းတိုက်ပွဲတွေဟာ မြို့တွေပျက်စီးဆုံးရှုံးရုံသာရှိတယ်ဆိုတဲ့ သတင်းစကားမျိုးရအောင် ပုံဖေါ်လိုတာဖြစ်ပြီး တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲဆိုတာတွေကို လို အပ်ချက်အရ သိမ်းယူတာ၊ စစ်ရေးဗျူဟာအရ ဦးစားပေးဖြစ်နေတာကြောင့်၊ အပျက်အစီးနဲ့ ထိ ခိုက်မှုအနည်းဆုံးဖြစ်အောင် စစ်ရေးပြင်ဆင်မှုအရ တိုက်ခိုက်သိမ်းယူတာမျိုးဖြစ်ဖို့ စဥ်းစားသင့်တဲ့အကြောင်း တိုက်တွန်းလိုတာ ဖြစ်ပါတယ်။
#MoeMaKaMedia
#WhatsHappeningInMyanmar