Breaking News

မောင်နွေနှောင်း - ရန်ကုန် မြို့ ကြီး စစ်ဖြစ်နေတယ်

ရန်ကုန် မြို့ ကြီး စစ်ဖြစ်နေတယ်
မောင်နွေနှောင်း
(မိုးမခ) မတ် ၁၉၊ ၂၀၂၄

(၁)

မြို့ဖျက်ဗုံးတွေကျ
တိုက်တာ ကြီး တွေပြို 
မြို့ တော်ကြီးတွေ မီးဟုန်းဟုန်းတောက်မှ 
စစ်ဖြစ်တယ် လို့ခေါ်သလားဗျာ..
အိမ်ရှေ့တံခါးကိုခေါက်
ကျက်သရေ မရှိ 
ငှက်ဆီုးထိုးသံနဲ့
ဦးလေးသား စစ်မှုထမ်းဖို့ 
ရပ်ကွက်ရုံး ကိုလာခဲ့ပါတဲ့
ရန်ကုန်မြို့ကြီး စစ်ဖြစ်နေပြီ။

 (၂)

မိဘတွေ ငိုပွဲဖွဲ့
ရင်ထဲ
အပူလှိုင်းတွေ  တဖျတ်ဖျတ်ထ
တောက်ခေါက်.. ခံပြင်းဒေါသနဲ့
ငါတို့ အားလုံး ဟာ 
ပုဏ္ဍားယုတ် ကိုမချစ်သလို
ခေတ်သစ် ဝေဿန္တရာလည်းမဟုတ်ဘူးကွ..
ပေါက်ကွဲကြ
ငိုကြွေး ကြ
အော်ဟစ်ကြ နဲ့....
ရန်ကုန်မြို့ကြီး စစ် ဖြစ်နေတယ် ။

(၃)

မာကျူရီမီးလုံးတွေကခုန်
ကားတွေတဝှီးဝှီး​ပြေး....
ပန်းရည်ဘဏ်တိုက်ဆောက်သလို
ရွရွထိုးနေတဲ့မြို့
နှုတ်ခမ်းနီမလေးတွေရဲ့ ဂိုယာရေမွှေးရနံ့တွေသင်းထုံနေတဲ့မြို့
ရောင်စုံပန်းခင်းကြီးစီမျှောနေတဲ့
ဟော့ဒီမြို့ကြီး...
ဟိုနေရာမှာ
ပေါ်တာဆွဲတယ်..သာလေးရဲ့
ညနေ မိုးမချုပ်ပါနဲ့ကွဲ့..
နေခင်းကြောင်တောင်
ဘတ်စကားဂိတ်မှာ
ဖုန်းတလုံးရဖို့.. 
လူသတ်သတဲ့
တို့ဆေးသမားကို သတိထားနော်.. 
မိဘတွေရဲ့အပူလိူင်းတွေ
သောသောထလို့
ရန်ကုန်မြို့ကြီးစစ်ဖြစ်နေတယ် ။

(၄)

ငါသားလေးကို
ကရင်လေးနဲ့ စစ်မတိုက်ခိုင်းနိုင်ဘူး
ငါသားလေးကို 
ရခိုင် လေးနဲ့စစ်မတိုက်ခိုင်းနိုင်ဘူး
ငါသားလေး ကို
ကချင်လေးနဲ့ စစ်မတိုက်ခိုင်းနိုင်ဘူး
ငါသားလေးကို
ချင်း လေးနဲ့ စစ်မတိုက်ခိုင်းနိုင်ဘူး
ငါသားလေးကို
မွန်လေးနဲ့စစ်မတိုက်ခိုင်းနိုင်ဘူး
ငါသားလေးကို
ကယန်းလေးနဲ့စစ်မတိူက်ခိုင်နိုင်ဘူး
ငါသားလေးကို
ပလောင်လေးနဲ့စစ်မတိုက်ခိုင်းနိုင်ဘူး
ငါသားလေးကို
PDF နဲ့စစ်မတိုက်ခိုင်းနိုင်ဘူး
ကိုယ်အမျိုးသားချင်းဖြစ်တဲ့စစ်ကွ
နိုင်ငံတော် အသားကို ဖဲ့စားတဲ့စစ်
တို့အမျိုးသားချင်းရန်တိုက်ပေးတဲ့စစ်
စစ်အာဏာရှင်တွေ တန်ခိုးထွားဖို့တိုက်တဲ့စစ်
မတိုက်နိုင်ဘူး....
မတိုက်နိုင်ဘူး......
ရန်ကုန်မြို့ကြီးစစ်ဖြစ်နေတယ် ။

19.3.24
** စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြစို့
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar