Breaking News

တိုင်းရင်းသား လက်နက်ကိုင်အင်အားစု ၇ စု အမည်သစ်နဲ့ အစုအဖွဲ့ဖွဲ့ ၊ ရပ်ရွာလူထု စည်းရုံးရေးသမားတဦး လုပ်ကြံခံရ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁၈ မြင်ကွင်း

(မိုးမခ) မတ် ၁၉၊ ၂၀၂၄

တိုင်းရင်းသား လက်နက်ကိုင်အင်အားစု ၇ စု အမည်သစ်နဲ့ အစုအဖွဲ့ဖွဲ့ ၊ ရပ်ရွာလူထု စည်းရုံးရေးသမားတဦး လုပ်ကြံခံရ

NCA လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ရှိတဲ့အနက် ၇ ဖွဲ့က ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးနောက်မှာ NCA-s EAO ဆိုတဲ့ စုဖွဲ့မှု အမည်၊ ရည်ရွယ်ချက်တွေကနေ လက်ရှိ အခြေအနေကို ၄င်းအဖွဲ့တွေ အနေနဲ့ ရှုမြင်ချဥ်းကပ်ကြမယ့် 7 EAO Alliance ဆိုတဲ့ အမည်သစ်နဲ့ ဖွဲ့စည်းပြီး လုပ်ဆောင်သွားမယ်လို့ ကြေညာချက် တရပ် မတ်လ ၁၈ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။ 

မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အသစ်ဖွဲ့စည်းတာ၊ အမည်ပြောင်း  ခေါင်းဆောင်ပြောင်းလဲကြတာ၊ အဖွဲ့အစည်းချင်း ပေါင်းစည်းကြတာ၊ ကွဲထွက်ကြတာတွေ နှစ်ကာလ အနည်းငယ်တိုင်းမှာ ပေါ်ထွက်လာလေ့ရှိတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး ကာလရှည်ကြာလာသည် နဲ့အမျှ ဆန့်ကျင်ဘက် အဖွဲ့အစည်းရဲ့ မဟာဗျူဟာ အပြောင်းအလဲ၊ လမ်းကြောင်း အပြောင်းအလဲ ပေါ်မူတည်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်မှာလည်း နိုင်ငံရေး စစ်ရေး ရည်မှန်းချက်၊ ဖွဲ့စည်းမှုတွေ ပြောင်းလဲကြတာ သဘာဝလို့ ဆိုကောင်းလည်း ဆိုနိုင်ပါတယ်။ အဖွဲ့အစည်းတွေ အတွင်းထဲမှာတင် ပြောင်းလဲကြတာမဟုတ်ပဲ အဖွဲ့အစည်းအချင်းချင်း ပေါင်းစည်းဖွဲ့စည်းကြတဲ့ တပ်ပေါင်းစုလို အဖွဲ့အစည်းတွေလည်း ခေတ်အဆက်ဆက် အမည်အမျိုးမျိုးနဲ့ ပေါ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ တပ်ပေါင်းစုမှာ ပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်လိုက်၊ နှုတ်ထွက်လိုက်၊ ထပ်ပြီးအသစ်ဖွဲ့လိုက် စတဲ့ နိုင်ငံရေး ခရီးရှည် တနည်းအားဖြင့် ပြည်တွင်းစစ် ခရီးရှည် တလျှောက် အတက်အဆင်းများစွာ ရှိခဲ့တာဖြစ်ပါတယ်။ မဒတ၊ မဒညတ၊ UNFC, NCCT၊, PPST, FPNCC, Brotherhood Alliance စတဲ့ တပ်ပေါင်းစု အဖွဲ့တွေ ပေါ်ထွက်လာလိုက် ရပ်နားသွားလိုက် ရှိခဲ့ကြရာမှာ အခု နောက်ဆုံး ဖွဲ့စည်းတဲ့ အဖွဲ့က အပစ်ရပ်ထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့ နဲ့ အသစ် ဖွဲ့စည်းလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီအဖွဲ့တွေက အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနက် PNLO/ PNLA  ကလွဲရင် ကျန်အဖွဲ့တွေက လတ်တလော စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ အခု ၇ ဖွဲ့ထဲမှာ အချို့အဖွဲ့တွေက လက်နက်ကိုင် အင်အား များများစားစား မရှိတဲ့အဖွဲ့တွေလည်း ပါဝင်နေတာပါ။ သူတို့အနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက် လက်ရှိ အနေအထားမှာလည်း မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ရည်ရွယ်ထားကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ 

ဒါကြောင့် အခု အသစ်ဖွဲ့တဲ့ 7 EAO Alliance ရဲ့ ရည်ရွယ်ချက်ကို “မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာ အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ကြိုးပမ်းအားထုတ်သွားမည်”လို့ ဖေါ်ပြထားတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ အခု အခြေအနေမှာတော့ စစ်ရေးနည်းနဲ့ တိုက်ခိုက်ခြင်း မပြုပဲ နိုင်ငံရေးနည်းနဲ့ အဖြေရှာမယ်ဆိုတာမျိုးကို လူကြိုက်မများကြတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ 

အခုဖွဲ့စည်းလိုက်တဲ့ ၇ ဖွဲ့အနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က အင်အားအကြီးဆုံး အဖွဲ့ဖြစ်ပြီး ဒုတိယ အနေနဲ့ မွန်ပြည်သစ်ပါတီ MNSP ဖြစ်ပါတယ်။ အခု ၇ ဖွဲ့ကို ဦးဆောင်မယ့် သူအဖြစ် RCSS ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က တာဝန်ယူကာ ဒုတိယ ခေါင်းဆောင် အဖြစ် မွန်ပြည်သစ်ပါတီက နိုင်အောင်မင်းက တာဝန်ယူမယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ KNU/KNLA (PC) ကတော့ စစ်ရေး လှုပ်ရှားမှု မရှိသလောက် အနေအထားနဲ့ ဖြစ်ပြီး ထိန်းချုပ်နယ်မြေ အထိုက်အလျောက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီ 7 EAO Alliance က ရှမ်း၊ မွန်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေ အရေး အရပ်သားထိခိုက်သေဆုံးမှု စတာတွေကို ဘယ်လောက်ထိ ဆောင်ရွက်ဖြေရှင်းနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းအကြောင်းအရာ တခုကတော့ ကချင်ပြည်နယ် နမ္မတီးမြို့က ကချင်ဘာသာရေး ခေါင်းဆောင်နဲ့ ရပ်ရွာအရေး လုပ်ဆောင်နေသူ ခွန်ဂျော်လီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်းအကြောင်းအရာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေသလို၊ တိုင်းရင်းသားလက်နက်ကိုင်တပ်၊ စစ်ကောင်စီတပ်၊ စစ်ကောင်စီနဲ့ လက်အောက်က ပြည်သူ့စစ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ် စသဖြင့် လက်နက်ကိုင် တပ်ဖွဲ့အမျိုးမျိုးရှိနေကြတဲ့ ဒေသဖြစ်ပြီး အခုလို လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့ သူတွေက ဘယ်အဖွဲ့ဖြစ်မလဲဆိုတာ သတင်းတွေမှာတော့ ဖေါ်ပြနိုင်ခြင်း မရှိသေးပါဘူး။ ဘယ်အဖွဲ့ကမှ ၄င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။ လုပ်ကြံသတ်ဖြတ်ခံရသူက ရပ်ရွာလူထုရဲ့ ခေါင်းဆောင်၊ လေးစားအားကိုးခံရသူ၊ ရပ်ရွာလူမှု အဖွဲ့အစည်းတွေ အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ဆောင်တဲ့ ပတ်ဂျာဆန် လိုအဖွဲ့မှာ တက်ကြွစွာ လုပ်ဆောင်သူ အနေနဲ့ သိရှိကြပြီး အခုလို လုပ်ကြံသတ်ဖြတ်မခံရမီ ခြိမ်းခြောက်မှု၊ သတိပေးမှု ရှိခဲ့သလားဆိုတာလည်း မသိရှိရပါဘူး။ 

ကချင်ပြည်နယ်ရဲ့ မြို့ရွာတွေမှာ အခုလို လုပ်ကြံသတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတာမို့ အခု လုပ်ကြံသတ်ဖြတ်မှုက အထူးအဆန်းမဟုတ်ပေမယ့် ရပ်ရွာလူထုအတွက် အားကိုးအားထားရသူ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ပါဝင်ဆက်စပ်ခြင်း မရှိသူ၊ KBC ကချင်နှစ်ခြင်း အသင်းတော်ရဲ့ အမှုဆောင်ဟောင်း တဦးဖြစ်သူဖြစ်လို့ ဒီလို ရပ်ရွာအကျိုးဆောင်ရွက်သူ တယောက်ကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခြင်းက လူမှုအသိုင်းအဝိုင်းအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ ပြည်တွင်းစစ်၊ တရားဥပဒေ မစိုးမိုးမှု၊ လက်နက်နဲ့ အယူအဆမတူသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းကြတဲ့ အစဥ်အလာက တဖြည်းဖြည်း အမြစ်တွယ်လာနေတာ တွေ့ရပြီး လူမှုအသိုင်းအဝိုင်းတခုလုံးအတွက် စိုးရိမ်စရာ  အနေအထားဖြစ်လာနေပြီဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar