Breaking News

အလံဖြူပြတာ ရှက်စရာမဟုတ်

အလံဖြူပြတာ ရှက်စရာမဟုတ်

မောင်လူပေ ၊ (မိုးမခ) မတ် ၁၇ ၊ ၂၀၂၄

အဓမ္မဘက်မှာ ဆက်ရပ်တည်နေခြင်းကသာ ရှက်စရာ ဖြစ်တယ်။

အခုအခြေအနေမှာ တပ်မတော်အနေနဲ့ ပြည်သူ့ထောက်ခံမှုလည်းမရ၊ စကစအနေနဲ့လည်း အဘက်ဘက်ကလည်း ကျဆင်းနေတဲ့ အခြေအနေမို့ တပ်မတော်သားတွေအနေနဲ့ အမှားကို ပြန်ပြင်ဖို့ အခွင့်အခါကောင်းမို့ လက်လွှတ်ဆုံးရှုံးမခံသင့်ပါ။ 

မြန်မာတွေပီသစွာ အစွဲအလမ်းကြီးတာမို့ ကိုယ့်အဖွဲ့အစည်းကို သံယောဇဉ်ထားတတ်ကြတယ်။ မီးသတ်တို့ ကြက်ခြေနီအသင်းတို့လို အဖွဲ့တွေကို ဝင်ဖူးခဲ့ရင်တောင်မှ ကိုယ့်အသင်းအဖွဲ့အတွက် ဘယ်လောက် သံယောဇဉ်ကြီးတယ်ဆိုတာ သိနိုင်ကြပါတယ်။ မှားမှား မှန်မှန် ကိုယ့်အဖွဲ့ကိုပဲ နိုင်စေချင်ကြတယ်။ ဒါကြောင့်လည်း အဘက်ဘက်မှာ ပိတ်ဆို့ခံနေရတဲ့ကြားက ရနိုင်သလောက် ခုခံနေကြတာ ဖြစ်တယ်။ ခံနိုင်ရည်ထက် ကျော်လွန်လာမှသာ အရှုံးပေးကြတယ်။ 

စကစတပ် ခေါင်းဆောင်တွေထဲမှာ တိုင်းပြည်အတွက် ကြည့်တတ်တဲ့သူ အလွန်ရှားပါးနေဆဲပါ။ စကစရဲ့ အရာရှိအများစုက တပ်မတော်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွာရှာနေသူတွေများနေတယ်။ အခြားအဆင့်တွေကို တပ်မိသားစု ဆိုတဲ့ သာမန်ပြည်သူထက်မြင့်သော အဆင့်တစ်ခုဖြစ်အောင် ဖန်တည်းပေးပြီး လှည့်စား၊ တပ်ထဲမှာ မျက်စိပိတ်၊ နားပိတ် လုပ်ထားကြတယ်။ အနီကိုမုန်းရမယ်ဆိုတဲ့ ဘရိန်းဝပ်ဒ် brain washed လုပ်ထားတယ်။ ဒါကြောင့်လည်း အခုအထိ ဒေသအခြေအနေအရ တပ်ရင်းအလိုက်၊ ဗျူဟာအလိုက် မဟန်လို့ လက်နက်ချတာကလွဲပြီး နိုင်ငံအနှံ့မှာ ဘက်ပြောင်းလာသူ နည်းနေသေးတာလို့ ခန့်မှန်းရပါတယ်။

ရှေ့တန်းရောက်နေသူတွေ လက်နက်မချရဲအောင်လည်း လောက်ကိုင်မှာ လက်နက်ချပြီး ပြန်လာတဲ့ ခေါင်းဆောင်တွေကို သေဒဏ် အပြစ်ပေးထားတယ်။ အဓိပ္ပာယ်ကတော့ လက်နက်ချပြီးရင် ပြေးပေတော့၊ ပြန်လာရင် သေဒဏ်ပေါ့။ နောက်တန်းမှာ ကျန်ခဲ့တဲ့ အိမ်ထောင်သည်တွေကိုလည်း အကျယ်ချုပ်သဘောနဲ့ ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် ရှေ့တန်းမှာ လက်နက်ချလိုသူတွေအတွက် အခက်တွေ့စေတယ်။ ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ဒုက္ခပေးမှာလည်း သေချာတယ်။ ဒါကြောင့်လည်း လက်နက်မချဘဲ အခြေအနေမဟန်လို့ အသေမခံရဲတဲ့အခါ ထွက်ပြေးကြသူက များနေတယ်။ တပ်ထဲမှာ ပျောက်ဆုံးစာရင်းတွေ တိုးနေတယ်။

လက်ရှိ တပ်မတော်ရဲ့ အနေအထားကတော့ ပြိုလဲကျတော့မယ့် သစ်ပင်အိုကြီးတစ်ပင်လိုပါပဲ။ စကစ ခေါင်းဆောင်တွေရဲ့ အသုံးချစတေးမှုအောက်မှာ အဖိုးတန်တဲ့လူ့အသက်တွေကို ထောင်သောင်းနဲ့ချီပြီး ပေးဆပ်နေကြရတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုမရတဲ့အတွက် အရေးအကြီးဆုံးအရင်းအမြစ်ဖြစ်တဲ့ တပ်သားသစ် စုဆောင်းလို့ မရ။ စစ်ထဲကို မဝင် မနေရ ဆိုတဲ့ဥပဒေနဲ့ အတင်းအဓမ္မတပ်သားသစ်တွေ စုဆောင်းနေရတဲ့ အခြေအနေနဲ့ အချိန်ကြာကြာ ဆက်လက်ရပ်တည်နိုင်ဖို့ မလွယ်လှ။ စစ်သားမလုပ်ချင်သူကို အာဏာနဲ့ စစ်သားအတင်းလုပ်ခိုင်းရင် ကောင်း ကျိုးထက် ဆိုးကျိုးတွေသာဖြစ်ပြီး ပိုဆိုးတဲ့ အကျိုးဆက်ကိုသာ ရမှာဖြစ်တယ်။ တပ်ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမယ်။ ဖရဲသီးတွေ ပိုများလာမယ်။ လက်နက်နဲ့ ထွက်ပြေးသူတွေပိုများလာမယ်။ စိတ်ဓာတ်မရှိဘဲ စစ်တိုက်လို့ မရ။ ကွန်ပျူတာပရိုဂရမ်တွေနဲ့ အလိုအလျောက် ကျည်ဆန်တွေ ထွက်နေတာ မဟုတ်။ 

အောက်ခြေရော ပြည်သူပါ ယုံကြည်မှုမရှိတော့တဲ့ အဖွဲ့အစည်းတစ်ခုဟာ နာလန်ထူလာနိုင်စရာ မရှိတော့ပါဘူး။ ဆုံးရှုံးသွားပြီးသား ဒေသတွေ ပြန်ရဖို့ မပြောနဲ့ဦး၊ လက်ရှိ စခန်းတွေကိုတောင် တခုပြီးတခု လက်လွှတ်ဆုံးရှုံးနေရတာ လက်တွေ့ အခြေအနေမှန်ပါပဲ။ ဟိုတချိန်က တပ်မတော်ကြီးကို ပြည်သူအများစုက ထောက်ခံနေချိန်၊ လက်နက်အင်အား၊ လူအင်အား အလွန်သာနေချိန်မျိုးမှာတောင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေက စခန်းကုန်းတွေ၊ ခြေကုပ်စခန်းတွေရဖို့ တပ်ထဲက အဖိုးတန် လူ့အသက်ပေါင်းများစွာ ပေးခဲ့ရတာပါ။ အဲဒီအချိန်က တိုင်းရင်းသားအဖွဲ့တွေဟာ အခုအချိန်လို အင်အားမတောင့်တင်းသေးပါဘူး။ 

အခုအချိန်မှာတိုင်းရင်းသားအင်အားစုတွေ အဘက်ဘက်က အင်းအားတောင့်တင်းနေကြပါပြီ။ တစ်ခါမှ သူပုန်မထွက်ခဲ့တဲ့ မြန်မာပြည်ရဲ့ အညာမြေကလည်း သူပုန်မြေ ဖြစ်သွားခဲ့ပြီ။ ရှမ်းမြောက်ဒေသရဲ့ အရှုံး၊ ရခိုင်ဒေသရဲ့ အရှုံး၊ အခုလောလောဆယ် ကချင်မြေရဲ့ အရှုံးတွေကိုကြည့်ရင် ပြည်သူက မထောက်ခံတဲ့ စစ်တပ်တစ်ခုရဲ့ လားရာကို မြင်နိုင်ပါတယ်။ 

အခုအချိန်မှာ အခြားဒေသအသီးသီးက တပ်မှူးတွေအနေနဲ့ လောက်ကိုင်က တပ်မှူးတွေလို ကိုယ့်တပ်မိသားစုတွေအတွက်၊ ပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားပြီး အကောင်းဆုံးလမ်းဖြစ်တဲ့ အလံဖြူပြ ပြည်သူနဲ့ပူးပေါင်းခြင်းကသာ အကောင်းဆုံးအဖြေ ဖြစ်မယ်လို့ မြင်ပါတယ်။ ပြောင်းလှည့်ခြင်းဖြင့်သာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်နိုင်မယ်။ တပ်မတော်သားတွေ ဖြစ်စေချင်တဲ့ တကယ့် စတန်းဒတ်အာမီစစ်စစ် ဖြစ်လာနိုင်မယ်။ အရှေ့တောင်အာရှက အိမ်နီးချင်းနိုင်ငံ အာမီတွေနဲ့ ပခုံးချင်း ယှဉ်နိုင်မယ်။ ခြင်းကြားတပ် အားကစားဘောင်းဘီတပ်လို့ အထင်သေး အခေါ်ခံဘဝက လွတ်မြောက်နိုင်မယ်။ ပြည်သူ့ထောက်ခံမှုကိုလည်း ပြန်လည်ရရှိလာမယ်။

အချိန်မနှောင်းသေးပါဘူး။ ပြည်သူနဲ့ ပူးပေါင်းကြပါ။ အလံဖြူပြတာ ရှက်စရာ မဟုတ်။ ဖက်ဒရယ်တပ်မတော် ပေါ်လာတဲ့အခါ တပ်ထဲမှာ အမှုထမ်းချင်သလား၊ မိသားစုနဲ့ပဲ တသက်လုံး အေးချမ်းစွာ နေထိုင်သွားမှာလား ရွေးချယ်ခွင့်ရှိတယ်။ 

လူကိုမုန်းလို့ တိုက်နေကြတာ မဟုတ်။ စနစ်ကို ပြောင်းဖို့ တိုက်နေတာ ဖြစ်တယ်။ အဖိုးတန်တဲ့အသက်တွေ ဘဝတွေ အချည်းနှီး အဆုံးရှုံးမခံကြပါနဲ့။ ပြည်သူ့အစိုးရနဲ့ ဆက်သွယ်ပြီး လမ်းမှန်ကိုရွေးချယ်နိုင်ကြပါစေ။

ချစ်ခြင်းအားဖြင့်

တပ်မတော်ကို ချစ်ခဲ့ဖူးတဲ့ 

ပြည်သူတစ်ဦး

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar