Breaking News

လင်းလက်နွေဦး - သူတောင်းစား စီမံကိန်း

သူတောင်းစား စီမံကိန်း
လင်းလက်နွေဦး
(မိုးမခ) မတ် ၁၇၊ ၂၀၂၄
 
ကျနော်ကိုက လူအကဲခတ် ညံတာကိုး။ ဒီလူ တစ်နေ့တည်းနဲ့ ဒုတိယအကြိမ် ဈေးလာဝယ်တယ်။ တိုက်ပုံအင်္ကျီအနက်ပေါ်ကို အနွေးထည်ကြီး ထပ်ဝတ်ထားတယ်။ ပါးစပ်မှာလည်း ကွမ်းသွေးတွေနဲ့ ရဲလို့။ ဆိုင်ကယ်ကြီး တဗြီးဗြီး စီးလို့။ ပထမကြိမ်တုန်းက ဘုရားစာ တတွတ်တွတ် ရွတ်နေတဲ့ ကျနော့်ဇနီးသည်ကို ကြည့်ပြီး ‘ည ည အိပ်ခါနီး သံဗုဒ္ဓေ သက်စေ့ ရွတ်ဗျ၊ အန္တရာယ်ကင်းတယ်’ လို့ ဆုံးမသွားတယ်။ လူကြည့်တော့ ငယ်ငယ် ရွယ် ရွယ် အသက်နှစ်ဆယ်ကျော်လောက်ထင်ပါရဲ့၊ ဘုရား တရား လိုက် စားသားပဲလို့ ချီးကျူးမိပါရဲ့။ ဟော... နောက်တခေါက်ကျတော့ ပြုံးရွှင်ရွှင် မျက်နှာပေးနဲ့ ရောက်ချလာပြီး၊ ကြက်ဥနဲ့ စပါကလင် လာဝယ်ပါ တယ်။ ပါးစပ်ကလည်း ‘ခုမိန်းမနဲ့ ကလေး မရသေးဘူးဗျာ’တဲ့လေ။ ဟ... ဘယ်လိုကြီးပါလိမ့်။

ဒီလူ အထွက်၊ ဘုရားစာရွတ်ပြီးတဲ့ ဇနီးသည်က ထွက်သွားသူ့ကျောကို မျက်စောင်းထိုးပြီး အတင်းတုတ် ပါလေရော။ ‘အဲလူက တောင်းစားတဲ့လူအုပ်ထဲကလေ၊ ပထမ မိန်းမနဲ့ ကလေး သုံးယောက်လောက် ရနေပြီ၊ အခု ဟာက နောက်မိန်းမတဲ့တော့၊ တွေ့လား တော့်ထက်တောင် စွံသေး’။ အဲ... ဘလိုင်းကြီး တွယ်သွားပါ့လား။ ‘မလို ချင်လို့ပါနော်... အရှက်မရှိရင် ရလာမယ့် မိန်းမတွေရော လက်ဝါးတွေရော အများကြီးပါဟ’ လို့ ပြန်ပက်ပစ်လိုက် တယ်။ ဟုတ်တယ်လေ၊ ကိုယ့်ကြိုက်မယ့်သူတွေလည်း ရှိနိုင်သလို၊ တဏှာရူး နှာဘူးကြီးဆိုပြီး ပါးရိုက်မယ့်သူတွေ လည်း ရှိနိုင်တာပဲလေ။ အဓိက’က ရှက်ကြောပြတ်နိုင်ဖို့ပဲ မဟုတ်လား။ မင်းအောင်လှိုင်များ ရှက်ကြောမရှိတော့ အရှုံးကြီး ရှုံးနေတာကို ဖင်ပိတ်ငြင်းနေတုန်းပဲ မဟုတ်လား။

အော... ဒီလူက သူတောင်းစားအဖွဲ့ထဲကကိုး။ အရင်က ရွေ့ပြောင်းသူ တောင်းစား ဆိုတာ ကျနော်တို့ဆီ မှာ ရှိတော့ရှိတယ်။ ဖြတ်သွားဖြတ်လာပါပဲ။ ခုလို တစ်လကိုးသီတင်း နှစ်ရှည်လများ အခြေချနေထိုင်တာမျိုး မရှိပါ ဘူး။ ရွာကလည်း လက်မခံဘူး။ မှတ်မှတ်ရရ၊ မင်းအောင်လှိုင် အာဏာ ရူးတဲ့နှစ်ကစပြီး ဘယ်ကမှန်းမသိ ဘာမှန်းမသိရောက်လာတဲ့သူတွေထဲမှာ ဒီလူတွေလည်း ပါတယ်။ အေးအေးဆေးဆေး ရူးတဲ့သူလည်း ရောက်လာသလို တရွာလုံးပတ်မွှေနေတဲ့ အရူးလည်း ရောက်လာပြန်တယ်။ ခွေးတစီစီနဲ့ ရွာရိုးကိုးပေါက် ခြေဗလာနဲ့ လျှောက်သွားနေတဲ့ အရူးပေါ့။ ဒီအရူးတွေက ဈေးနဲ့မကင်းနိုင်ကြသလို ဒီသူတောင်းစားတွေကလည်း ဈေးနဲ့ မကင်းနိုင်ကြပါဘူး။

မနက်ဝေလီဝေလင်း ဆိုက်တွဲ (ဆိုင်ကယ်ဘေးတွဲ)ကြီးနဲ့ နှစ်ခေါက်သုံးခေါက် ကဲ့ပြီး သူ့လူတွေကို ဈေးနား ချပေး။ ဆိုင်ကယ်သမားတွေလည်း နှစ်ယောက်သုံးယောက် ပါသေးတာ။ ပြီးရင် သူတို့ အမျိုးသားကြီးတွေက ဈေးထိပ်က ဇရပ်ပေါ်မှာ လက်ဖက်ရည် ပါဆယ်ဝယ်သောက်တဲ့သူက သောက်၊ စီးကရက်လေး ခဲပြီးတော့ပေါ့။ ဖုန်းပွတ်တဲ့သူက ပွတ်။ သာသာယာယာပါပဲ။

အမျိုးသမီးတွေ၊ ကလေးကြီးတွေ၊ ကလေးငယ်လေးတွေကတော့ ခွက်တစ်လုံး လက်စွဲ၊ လွယ်အိတ် အစုတ်လေးတွေ လွယ်၊ ဖိနပ်မပါ ဘာမပါနဲ့ တဈေးလုံး ပတ်မွှေတော့တာပဲ။ သိပ် မပတ်နိုင်တဲ့ အဘွားကြီး၊ သိပ် မကြီးသေးပါဘူး၊ အဒေါ်ကြီးတွေကတော့ လေးဘက်လေးတန် ဈေးပေါက်တွေမှာ နေရာယူ၊ လာသမျှ လူတွေကို ခွက်ထိုးခံကြတော့တာပဲ။ ကလေးတွေက မုန့်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေထဲ ဇွတ်ဝင်၊ စားနေသောက်နေတဲ့ သူတွေ မြိုမကျအောင် ဇွတ်တောင်းတော့တာပဲ။ ကားဂိတ်တွေမှာ၊ ကားလမ်းပေါ်မှာကော၊ သူတို့တတွေရဲ့ စားကျက်။

သူတို့ရောက်စကတော့၊ ဈေးသည်တွေလည်း တစ်ရာမျိုး နှစ်ရာမျိုး ဆိုးခနဲ ဆတ်ခနဲ ထုတ်ပေး လိုက်ကြတာပါပဲ။ ကလေးတွေ ပြီးတော့ အမျိုးသမီးတွေ  လာတောင်း၊ အမျိုးသမီးတွေ ပြီးတော့ ကလေးကြီးတွေ ရောက် လာ၊ ပေးလိုက်တာပါပဲ။ ဈေးသည်ဆိုတာ လက်ဖွာတဲ့ အမျိုး မဟုတ်လား။ ငွေ အမြဲတမ်း ဝင်၊ အမြဲတမ်း မြင်နေတော့၊ ငါးဆယ် တစ်ရာ ဘယ်ငွေထင်မလဲ။

တစ်နေ့က လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း ဒီကလေးတွေ ရောက်လာတယ်။ သူကြီးဟောင်း ကျော်စိုး ( အဲ နာမည်တူသွားလား၊ စိုပြေ မပြောချင်ဘူးနဲ့)၊ ကလေးတွေကို ကြည့်ပြီး ပြုံးစိစိ လုပ်လာတယ်။ ဓာတ်သိ ကျနော်ကလည်း အထာနပ်ပြီးသားဆိုတော့၊ ‘ဘာလဲဟ’လို့ တောက်လိုက်တယ်။ ‘မနက်က ငါ သူတို့ ဆိုက်တွဲ နားက ဖြတ်လာတော့ တယောက် ဖုန်းပြောနေတာ ကြားမိတယ်... ဒီရွာက မဆိုးဘူး ရွာကြီးဆိုတော့ တစ်လ (၇) သိန်း (၈)သိန်းလောက်တော့ ကျန်တယ်’တဲ့ဟ။ ...ဟေ...။ ဟုတ်တယ်၊ ငါတောင် သေချာအောင်လို့ ခြေထောက် ဆူးစူးသလိုလို ဘာလိုလို ထိုင်ချလိုက်သေးတယ်။ ‘ဒီကောင် လူပါးဟေ့၊ အသံ တိုးသွားတယ်၊ ဒါကို တဖက်က မကြားလို့ ထင်ပါရဲ့၊ ဆောင့်ကြီးအောင့်ကြီးနဲ့ (၈)သိန်း (၈)သိန်း လို့ ပြောလိုက်တယ်’။

ဒါကို ကျောင်းဆရာပြုတ်က ထောက်ခံလာတယ်။ ‘ဖြစ်နိုင်တယ်ကွ၊ ငါ့မိတ်ဆွေတယောက် မြို့ရောက် တုန်းက အဲဒီအဖွဲ့ထဲက တစ်ယောက်နဲ့ တွေ့သတဲ့၊ ဒီလူက သားသားနားနားနဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတာတဲ့’။ ကျနော်က ဝင်တဲ့ပြီး၊ ‘ဟ သူလည်း လူပဲ၊ မြို့ရောက်တုန်း ဆိုင်လေးဘာလေး ထိုင်မှာပေါ့ဟ’လို့ ထောက်လိုက် တယ်။ ဒီတော့ သူငယ်ချင်းက ‘အေး၊ တိုက်တိုက်ဆိုင်ဆိုင် ညနေ ဘီယာဆိုင်ရောက်တော့လည်း ထပ်တွေ့ပြန်သ တဲ့၊ အဲလူကတော့ ဘယ်မှတ်မိမလဲ၊ ငါ့ကောင်ကြီးကတော့ မြင်နေကျဆိုတော့ သိနေတာပေါ့’။ ‘ကျော်ဟိန်းက လူတိုင်းကို မသိသလိုပေါ့ကွာ’လို့ အုပ်ပြုတ်ကြီးက ထောက်ခံလိုက်တယ်။

(၆)လ တစ်နှစ်လောက်ကြာလာတော့၊ ရွာသူရွာသား၊ ဈေးသူဈေးသားတွေက ပိုက်ဆံ အထည့် နည်းလာတယ်။ ဒီတော့ ဒီလူတွေကို ခရီးသည်တွေကို ပထမဦးစားပေး တောင်းလာကြတယ်။ နောက် ဘေးရွာတွေ ထွက်သွားကြတယ်။ နှမ်းပေါ်ချိန် မြေပဲပေါ်ချိန်ဆိုရင် ဆရာလေး သီလရှင်တွေနဲ့ အပြိုင်ပေါ့။ မနက် ဝေလီဝေလင်း ဆိုက်တွဲကြီးတွေ ဆိုင်ကယ်ကြီးတွေနဲ့ ဝေါကနဲ ဝေါခနဲ ထွက်သွားလေရဲ့။ ည မှောင်ရီဝေ ဝိုးတဝါး ဆို တဗြူးဗြူး တဗြဲဗြဲနဲ့ ရောက်ချလာတယ်။ ရွာထဲ ဖက်ဆစ်တပ်တွေ ဝင်လာသလိုလို။ ကိုယ်တွေကမှ နေဝင်တာ နဲ့ ကြောက်နေပါပြီဆို။ သူတို့က အိတ်ဇောပေါက် ဆိုင်ကယ်ကြီးတွေနဲ့ဆိုတော့၊ တခါတခါ ထ ထပေါက်တာ ‘တဖုန်း ဖုန်း’။ အော်... ရွာလယ်ခေါင်က ကတုတ်ကျင်းကြီးတွေနဲ့ နေတဲ့ ရဲစခန်းများ ဝင်အစီးခံရပြီလား မှတ်နေတာ။

သူတောင်းစားတွေက တစ်နေ့ကို ဝတ်စုံ နှစ်စုံသုံးစုံ လဲတာကို သတိထားမိလာတယ်။ မနက်ပိုင်းအတောင်းထွက်တော့ နွမ်းနွမ်းဖတ်ဖတ် အထည်လေးတွေ ဝတ်လာ၊ ညနေပိုင်း ဈေးဝယ်လာရင် သစ်သစ်လွင်လွင်လေးတွေ ဝတ်လာတယ်။ ဉာဏ်ကောင်းတယ်။ ဈေးကွက်စီးပွားရေး နားလည်တယ်။ ဆရာဖေမြင့်ရဲ့ စာတစ်ပုဒ်ထဲက ဇာတ်လိုက်တစ်ယောက်လို စီးပွား ရေးမျိုးစုံကို ရှုထောင့်မျိုးစုံကနေဝေဖန်သုံးသပ်ပြီး နောက်ဆုံး ထလုပ်လိုက်တော့ ‘တောင်းစားတဲ့အလုပ်’ ဖြစ်နေသလိုပေါ့။

အဲလူက နောက်တရက် ဈေးလာဝယ်ပြန်တယ်။ ငါးထောင်တန် တစ်သောင်းတန်တွေ ကိုင်ပြီး။ တစ်ယောက်တည်းရှိနေတဲ့ ကျနော့်ကို ကြည့်ပြီး ဘာစိတ်ကူးပေါက်လာတယ် မသိဘူး၊ ‘တစ်မျိုး နှစ်မျိုးတည်း မရောင်းနဲ့ဗျ၊ ဘက်ပေါင်းစုံက ဝင်အောင် ကုန်အစုံ ရောင်း’တဲ့။ ‘ကျနော်တောင် အရပ်လေးမျက်နှာ အလုပ် လုပ်နိုင်အောင် အဖွဲ့ဝင်သစ်တွေကို နည်းမျိုးစုံသုံးပြီး ခေါ်နေတယ်’တဲ့လေ။

သေစမ်း... ဒီလူ မင်းအောင်လှိုင် ဝင်စားတာနေမယ်။

လင်းလက်နွေဦး
၁၅.၃.၂၀၂၄ ညနေ ၃နာရီ ၂၈မိနစ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar