Breaking News

ဝင်းမင်းခိုင် - မောင်သင်းခိုင်ထားရစ်ခဲ့တဲ့ပဟေဠိ

Photo- Credit
မောင်သင်းခိုင်ထားရစ်ခဲ့တဲ့ပဟေဠိ
ဝင်းမင်းခိုင်
(မိုးမခ) မတ် ၂၀၊ ၂၀၂၄

ရတဲ့ဒဏ်ရာဒဏ်ချက်တွေကိုယ်စီနဲ့ အကိုကြီးမောင်သင်းခိုင်နဲ့ ကဗျာဆရာမောင်လေးမွန်တို့အိမ်ပြန်လာကြတယ်၊ အဲဒီနေ့ကကျနော်မအားလို့လိုက်မသွားဖြစ်ခဲ့ဘူး။
အကိုကြီးအိမ်ရှေ့ကသစ်သားတန်းလျားလေးမှာထိုင်ပြီးစာဖတ်နေတဲ့ကျနော့်ဘေး သူတို့နှစ်ယောက်ထိုင်မိတာနဲ့ အကိုကြီးတို့ ဘာဖြစ်လာကြတာလဲလို့အံ့ဩစိတ်နဲ့ကျနော်ကမေးလိုက်တယ်။

သူတို့နှစ်ယောက်စလုံးအဖြေရှာမရတဲ့ပုံစံနဲ့ ငါတို့အဖွဲ့အရက်ဆိုင်က ပြန် လာကြတော့ လူတစုကလမ်းကစောင့်ပြီး တိုက်ခိုက်ကြတာကွ၊ လေးဂွနဲ့ကစ်တဲ့သူကပစ်၊ ဝင်ပြီး ထိုးကြိတ်ရိုက်နှက်သူကရိုက်နှက်ကြနဲ့ ငါတို့အားလုံး ဘုမသိဘမသိ ဆေးခန်းရောက်ကုန်ကြတာငါ့ညီရေ။

ခုချိန်ထိတော့ ဘယ်သူတွေကဘာအကြောင်းကြောင့် ငါတို့ကိုရန်ရှာမှန်း ငါတို့လဲမသိသေးဘူး။ အဖြစ်မှန်ကတော့ မကြာခင်သိရလိမ့်မယ်ထင်ပါရဲ့ကွာလို့ပြောပါတယ်။

"ဟဲ့ ... နင်တို့ကမူးရှုးပြီး နားမခံသာအောင်အော်ဟစ်နေကြလို့ရပ်ကွက်ကထွက်လုပ်တာနေမှာပေါ့" လို့အကိုကြီးရဲ့အဒေါ်ဖြစ်သူ အပျိုကြီးကအိမ်ရှေ့ထွက်လာပြီး ထင်မြင်ချက်ပေးပါတယ်။

ဒေါ်ဒေါ်ကလဲဗျာ... မောင်သင်းခိုင်ကိုတမြို့လုံးကချစ်တယ်ဗျ၊ အကြောင်းတခုခုရှိကိုရှိရမယ်လို့ အကိုကြီးကပြန်ပြောတယ်။

သူပြောတာအမှန်ပါပဲ၊ ကျနော်လူမှန်းသိစကနေခုချိန်ထိ ဖက်လှဲတကင်းနှုတ်ဆက်တာ ချစ်ချစ်ခင်ခင်ပြောဆိုဆက်ဆံတာတွေပဲ ကြုံရပါတယ်၊ အခုလိုဖြစ်လိမ့်မယ်လို့ လုံးဝထင်မထားမိခဲ့ပါ။

နောက်ရက်တွေမှာထုံးစံအတိုင်း စာအုပ်တွေထည့်ထားတဲ့ဆိုက်ဘက်ကိုယ်စီလွယ်ပြီး ကျနော်နဲ့အကိုကြီးမောင်သင်းခိုင်လက်ဖက်ရည်ဆိုင်ထွက်ကြတယ်။

၃-၄ ရက်လောက်အကြာမှာတော့ စကားပြောရင်းလမ်းလျောက်လာတဲ့ကျနော်တို့ ၂ ယောက်ရှေ့ လူတယောက် ခြေကားယားလက်ကားယားနဲ့ရောက်လာပါတယ်။

ဆရာတို့နဲ့စကားပြောချင်လို့ ကျနော်လာစောင့်တာပါ။ လက်ဖက်ရည်ဆိုင်ခဏလိုက်ထိုင်ပြီး ကျနော်ရှင်းပြတာကိုနားထောင်ပေးပါလို့ ယဉ်ယဉ်ကျေးကျေးပြောလာပါတယ်။

ကျနော်တို့ ၂ ယောက်ဘာများပါလိမ့်ဆိုတဲ့အကြည့်နဲ့ တယောက်မျက်နှာတယောက်ကြည့်ပြီး လိုက်သွားတယ်။

ထိုင်ထိုင်ချင်းပဲ ဟိုတနေ့ကဖြစ်သွားတဲ့ကိစ္စကို တောင်းပန်ချင်လို့ပါဆရာ။

အကိုကြီးမောင်သင်းခိုင်ရဲ့မျက်လုံးတစုံလက်ခနဲဖြစ်သွားပြီး ...

* အေးအေး ပြောပါအုံးကွငါတို့လဲအဲဒါကိုပဲသိချင်နေကြတာလို့လမ်းဖွင့်ပေးလိုက်ပါတယ်။

- ဟုတ်ကဲ့ဆရာ အဲဒီနေ့ကဆရာတို့အုပ်စုထဲမှာကျနော်တို့ကိုခုတုံးလုပ် နင်းတက်သွားတဲ့လူတယောက် ပါနေတယ်ဆရာ 

* ဟေ ပြောပါအုံးကွဘယ်လိုလုပ်သွားတာလဲ

- အဲဒီလူကကျနော်တို့နဲ့ဌာနတူရာထူးတူ လုပ်ဖော်ကိုင်ဖက်တယောက်ပါ

* အေး ဆက်ပြောပါအုံး

- သူအပါဝင်ကျနော်တို့လေးငါးယောက်က ရာထူးတိုးရမယ့်ဝန်ထမ်းတွေဖြစ်ပေမယ့် ရာထူးတိုးရမယ့်သတ်မှတ်ချက်တွေအားလုံးနဲ့ကိုက်ညီနေပေမယ့်ကျနော်တို့က ရာထူးမတိုးဘဲ လူကြီးတွေနဲ့နီးစပ်သူတွေ ပေးကမ်းနိုင်သူတွေပဲရာထူတိုးနေကြတော့ ကျနော်တို့က မကျေနပ်ကြဘူးပေါ့။ နစ်နာမှန်းသိလို့မကြေနပ်ကြပေမယ့် စနစ်တကျ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျနော်အပါဝင် ကျန်တဲ့လူတွေကမသိကြဘူး။

အဲဒီတော့ ဆရာတို့နဲ့တွဲနေတဲ့သူကို ခင်ဗျားကနိုင်ငံရေးလဲနားလည်တယ်၊ပြောတတ်ဆိုတတ် လုပ်တတ်ကိုင်တတ်ဆိုတော့ ဒီကိစ္စကိုခင်ဗျားပဲဦးဆောင်ပါ၊ ခင်ဗျားဆုံးဖြတ်တဲ့အတိုင်း ကျန်တဲ့လူတွေက တသွေမတိမ်းလုပ်ပါ့မယ်ဆိုပြီး သူ့ကိုခေါင်းဆောင်တင်လိုက်ကြတယ်။

သူကလဲ ကျေကျေနပ်နပ်လက်ခံပြီး ပထမဆုံးဖြစ်ကြောင်း ကုန်စင်အကုန်ရေးပြီး မြို့နယ်ရုံး၊ ခရိုင်ရုံး၊ ရုံးချုပ်အထိ ကျနော်တို့အားလုံးလက်မှတ်ထိုးစာတင်ကြတယ်။

၃ လလောက်အထိမထူးခြားတော့ ခေါင်းဆောင်ကတဆင့်မြှင့်ရမယ့်အချိန်ရောက်ပြီ၊ ငါတို့အားလုံးရုံးမတက်အလုပ်ကိုမသွားဘဲ သပိတ်မှောက်ကြမယ်၊ တဦးချင်းလူခွဲပြီးရုံးကခေါ်ရင်ဘယ်သူမှမသွားရဘူး၊ အားလုံးကို တပြိုင်ထဲခေါ်ရင် သွားတွေ့မယ်၊  ဘယ်အခြေနေရောက်ရောက် အားလုံးသဘောတူညီချက်နဲ့ဆုံးဖြတ်မယ်၊ ပြုတ်ရင်လဲအကုန်ပြုတ်၊ ရာထူးတိုးရင်လဲအကုန်တိုးမှလက်ခံမယ်လို့ သူကဆွေးနွေးတော့ ငါတို့တော့ခေါင်း ဆောင်ကောင်းရတာပဲဆိုပြီး ကျနော်တို့အားလုံး ကျေနပ်ပီတိဖြစ်ကြတယ်၊ သူပြောတဲ့အတိုင်း ကျနော်တို့အားလုံး သပိတ်မှောက်ကြတယ်။
ဌာနကလူလွှတ်ခေါ်တာကော၊ ရုံးပြန်တက်ဖို့ စာထုတ်အကြောင်းကြားတာကော ကျနော်တို့မသွားခဲ့ကြဘူး။
နောက်ဆုံးတော့ ကျနော်တို့ဆီ အလုပ်ကအပြီးပိုင်ထုတ်လိုက်တဲ့စာရောက်လာတော့တာပဲ၊ ခေါင်းဆောင်လုပ်သူကိုလိုက်ရှာ‌ပေမယ့် တခါမှမတွေ့ရဘူး၊ ကျန်တဲ့လူအားလုံးကတော့ မကြာခဏတွေ့ဖြစ်ဆုံဖြစ်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တဖွဲ့ထဲအတူဆုံးဖြတ်ပြီး လုပ်ခဲ့ကြတာဆိုတော့ သူလဲကိုယ့်လိုပဲနေမှာပေါ့လို့တွေးပြီး စိတ်မကောင်းဖြစ်ကြတယ်၊ အချင်းချင်းအားပေးချင်တဲ့စိတ်နဲ့လဲ သူ့ကိုတွေ့ချင်မိကြတယ်။

အဲသလိုနေရင်းနဲ့တလနီးပါအကြာလောက်မှာထင်ပါရဲ့၊ ကျနော်တို့ဌာနကရုံးအုပ်ကြီးနဲ့အမှတ်မထင်တွေ့တယ်၊ ရုံးအုပ်ကြီးက မင်းတို့လူယုံသတ်တာခံရပြီလို့ ကျနော့်ကိုပြောတယ်။
ခင်ဗျားပြောတာကျနော်နားမလည်ဘူး ဆိုတော့ ...

မင်းတို့ခုထိမသိသေးဘူးလား၊ ငါကသိတယ်ထင်နေတာဆိုပြီး ...

မင်းတို့ကိစ္စကို ဌာနဆိုင်ရာလူကြေီးတွေလာစစ်တယ်၊ ခေါင်းဆောင်ဘယ်သူဖြစ်နိုင်သလဲလို့မေးပြီး ခေါင်းဆောင်ဖြစ်နိုင်တဲ့သူလို့ယူဆလို့ရတဲ့သူနဲ့လာစစ်တဲ့လူကြီးတွေစကားပြောတယ်။

အဓိကက မင်းရာထူးတိုးချင်တာမဟုတ်လား၊ မင်းမိသားစုအတွက်ပဲ မင်းစဉ်းစား၊ ငါတို့အလုပ်ရှုတ်အောင်မလုပ်နဲ့လို့ပြောပြီး သူ့ကိုရာထူးတိုးပေး လိုက်တာကွ၊ မင်းအပါဝင် ကျန်တဲ့လူတွေကိုတော့ အာဏာဖီဆန်လို့ဆိုပြီး အလုပ်ထုတ်ပစ်လိုက်တာလေကွာ..

- အဲဒါလဲသိရော ကျနော်တို့အားလုံး စိတ်ဆိုး ဒေါသထွက်ကြတယ်။
ဟိုတနေ့ကကျနော်တို့အဖွဲ့တွေဆုံပြီး စိတ်ညစ်ညစ်နဲ့ပုလင်း‌ေထာင်ဝိုင်း ဖွဲ့နေကြတုန်း၊ ဆရာတို့အဖွဲ့ရှေ့ကဖြတ်သွားတော့ အဲဒီထဲမှာရာထူးယူ သွားတဲ့ ကျနော်တို့ခေါင်းဆောင်ကို တွေ့လိုက်ကြတယ်ဆရာ၊ သူ့ကို မြင်လိုက်တော့ ကျနော်တို့ပေါက်ကွဲပြီး မဆိုင်တဲ့သူတွေကိုပါ ဒုက္ခပေးလိုက်မိတယ်ဆရာ၊ မူးပြီး မဆိုင်တဲ့ဆရာတို့ကိုပါ ရမ်းကားအကြမ်းဖက်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်ဆရာ။

မောင်သင်းခိုင်က သက်ပြင်းရှည်ကြီးချပြီး ...

* အော် ..ဒီလိုကိုး ဖြစ်မှဖြစ်ရပလေငါ့ညီတို့ရာ... မင်းတို့ကို ငါစိတ်မဆိုးပါဘူး၊ သစ္စာဖောက်တာခံရသူတွေရဲ့ခံစားမှုကို ငါနားလည်ပါတယ်၊
အေးဟုတ်ပါပြီ၊ ကျန်တဲ့လူတွေကိုလဲ၊ ငါရှင်းပြလိုက်ပါမယ်၊ မင်းတို့ကို ငါခွင့်လွှတ်ပါတယ်။

- ကျေးဇူးပါဆရာ၊ တောင်းပန်လိုက်ရလို့ ကျနော်ရင်ထဲပေါ့သွားတယ်ဆရာ။ ကျနော်ပြန်လိုက်ပါအုံးမယ်။

ကျနော်တို့ ၂ ယောက်ထိုင်နေကျလက်ဖက်ရည်ဆိုင်ဆီ ဆက်မသွားဖြစ်တော့ပဲ ပြန်လာခဲ့ကြတယ်။

* အကျိုးစီပွားပြဿနာဆိုတာဒါပဲကွ...
သာမန်အရပ်သားဘဝမှာဖြစ်ဖြစ် နိုင်ငံ‌ရေးသမားတယောက်၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့အစုအဖွဲ့တခု၊ နိုင်ငံရေးပါတီတခုမှာပဲဖြစ်ဖြစ် မတရားမှုကိုခုခံတွန်းလှန်ဖို့ဆုံးဖြတ်ပြီးရင်တော့ ကိုယ်ကျိုးစီးပွား၊ အစုအဖွဲ့တခုထဲရဲ့အကျိုးစီးပွား၊ ပါတီတခုထဲရဲ့အကျိုးစီးတွေကိုကျောခိုင်းပြီး လူမျိုးစုအား လုံးရဲ့အကျိုးစီးပွားနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ဘုံအကျိုးစီးပွားကို ဆုတ်ကိုင်ရမှာပဲ၊ တနိုင်ငံလုံးအရေးမှာတော့ အဖိနှိပ်ခံပြည်သူလူထုဖက်က ပြတ်ပြတ်သားသားမရပ်တည်ခဲ့ရင် ဘုံအကျိုးစီးပွားကနေသွေဖီခဲ့ရင်ကော သူတို့အတွက် ရေရှည်တည်တန့်မယ့်အကျိုးစီးပွား ဖြစ်ထွန်းနိုင်မလားဆိုတာစဉ်းစားရလိမ့်မယ်ကွ။
အာဏာရှင်တွေရှိနေသရွေ့ ဘာအာမခံချက်မှမရှိဘူးလို့ပဲ ငါပြောချင်တယ်ဟေ့။

ရေရှည်အကျိုးစီးပွားနဲ့ ရေတိုအကျိုးစီးပွားလို့နှိုင်းယှဉ်ကြည့်ရမှာပေါ့ကွာ။
အရွေးမှားလို့ သမိုင်းတလျောက်လုံး အမဲစက်စွန်းသွားခဲ့တဲ့လူပုဂ္ဂိုလ်တွေ၊အဖွဲ့စည်းတွေကိုလဲ မင်းတို့ငါတို့ မြင်ခဲ့ကြတွေ့ခဲ့ကြပြီးပြီမဟုတ်လား။

စကားတပြောပြောနဲ့အိမ်ရှေ့ရောက်လာခဲ့ကြတယ်။

အကိုကြီး ..စောစောကဟိုလူပြောသွားတာတွေက အမှန်တွေတော့ ဟုတ်လောက်ပါတယ်နော်လို့ ရုတ်တရက်ကောက်ကာငင်ကာကျနော်ကမေးလိုက်တော့ ...
မောင်သင်းခိုင်က ကျနော့်ကိုလှည့်ကြည့်ပြီး  ...

* သူပြောတဲ့ခေါင်းဆောင်ဆိုတဲ့ကောင်က သူရာထူးတိုးလို့ဆိုပြီး ငါတို့ကို တဝိုင်းထောင်ပေးခဲ့သေးတယ်ကွ

အဲဒီလူကဘယ်သူလဲအကိုကြီး

ကျနော့်မေးခွန်းကိုမောင်သင်းခိုင်မကြားတာလား၊ ဖြေချင်စိတ်မရှိလောက်အောင် စိတ်ပျက်သွားတာလားကျနော်မသိ။
ကျနော့်ရှေ့ကဖြတ်ပြီး အိမ်ထဲဝင်သွားပါတော့တယ်။
သူသာကွယ်လွန်သွားခဲ့တယ်၊ ကျနော်ကလဲနောက်ထပ်တခါမမေးမိတော့။

ဝင်းမင်းခိုင်
၂၁.၃.၂၄

*** မတ်လ ၂၁ ရက်နေ့တွင်ကျရောက်သည့် ကဗျာဆရာမောင်သင်းခိုင် ( ၈၄ ) နှစ်မြောက်မွေးနေ့အမှတ်တရရေးဖွဲ့ပါသည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar