Breaking News

စစ်မှုထမ်း ဥပဒေ၊ လာဘ်စားမှုနဲ့ လူထုတွေ ခံစားနေရတဲ့ သောက

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁၉ မြင်ကွင်း

(မိုးမခ) မတ် ၂၀၊ ၂၀၂၄

စစ်မှုထမ်း ဥပဒေ၊ လာဘ်စားမှုနဲ့ လူထုတွေ ခံစားနေရတဲ့ သောက

မတ်လ ဆန်းကတည်းက နည်းဥပဒေ တိတိကျကျ ထွက်ပေါ်မလာသေးပေမယ့်လည်း စစ်ကောင်စီ အနေနဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လာနေတာ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ဒေသအလိုက် PDF တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဒေသအချို့ကလွဲရင် မြန်မာနိုင်ငံ အနှံ့အပြားမှာ စာရင်းကောက်တာတွေ ဆင့်ခေါ်တာတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးမှာ အောက်ခြေအဆင့်ဖြစ်တဲ့ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တဆင့် စာရင်းပေးသွင်းဖို့၊ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးရန်ရှိတဲ့အတွက် မပျက်မကွက် လာရောက်ဖို့ ဆိုတဲ့ စာသားတွေပါရှိတဲ့ ဆင့်ခေါ်စာတွေ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းနဲ့ အခြားသော ပြည်နယ်၊ တိုင်းတွေမှာပါ ဖြန့်ဝေပြီး အချို့သောဒေသတွေမှာ မဲနှိုက်တာ၊ မဲပေါက်တဲ့သူတွေကို လေ့ကျင့်ရေးသင်တန်းတွေဆီ တခါထည်း ခေါ်သွားတယ် ဆိုတာမျိုးအထိ သတင်းတွေ ကြားသိနေရတာ ဖြစ်ပါတယ်။ 

ဒီလို တခါတည်း ခေါ်ဆောင်သွားတယ်၊ မဲနှိုက်ပြီး ရွေးချယ်တယ် ဆိုတဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ပြောဆိုရေးသားမှုတွေအပေါ် လူထုအကြားမှာပင် ယုံကြည်ရမလို၊ မယုံကြည်ရမလို အနေအထားမျိုး အပြန်အလှန် ပြောဆို ငြင်းခုံနေကြတဲ့အထိ သတင်းအချက်အလက် အမျိုးမျိုး ပြောဆိုမှုအမျိုးမျိုး ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ယခင်လက ချက်ချင်း ခေါ်မှာမဟုတ်သေးတဲ့အကြောင်း စာရင်းပြုစုတာ၊ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး အောက်ခြေအထိ အဖွဲ့ဖွဲ့စည်းတာတွေ လုပ်ရဦးမယ့်အကြောင်းနဲ့ တလကို ၅ ထောင်သာ ခေါ်ဆိုပြီး သင်္ကြန်ပြီးလောက်မှ စတင်မယ်လို့ ဆိုထားပေမယ့် ဥပဒေ အသက်သွင်းပြီး တလမပြည့်ခင်မှာပင် အောက်ခြေအဆင့်မှာ ဆင့်ခေါ်တာတွေ ရှိနေတာကို ကြည့်ရင် စစ်ကောင်စီအနေနဲ့ အင်အားသိသာစွာ ယုတ်လျော့လာနေတဲ့ စစ်တပ်ကို အခုလို အရပ်သား စစ်မှုထမ်းတွေနဲ့ အင်အားဖြည့်ဖို့ အပူတပြင်း လုပ်လာနေတဲ့ အနေအထားလို့ ကောက်ချက်ချနိုင်ပါတယ်။ 

အခုလို အခြေအနေမတိုင်ခင်ကတော့ နိုင်ငံရေးအရ ယုံကြည်စိတ်ချရမယ့် စစ်တပ်မျိုးရိုး၊ ကြံ့ခိုင်ရေး ပါတီဝင်နဲ့ အမျိုးသားရေးဝါဒီ (မဘသ) အင်အားစုတွေထဲက စစ်သားစုဆောင်းတာမျိုးကို လုပ်ဆောင်ပြီး ဒီအသိုင်းအဝိုင်းထဲက မဟုတ်သူတွေကို သံသယရှိထားပြီး ၄င်းတို့ရဲ့ စစ်တပ်ထဲ ထည့်သွင်းတာမျိုး လုပ်ဖို့ စိတ်ကူးရှိခဲ့ ပုံမရပါဘူး။ သို့ပေမဲ့ အာဏာသိမ်းစစ်တပ်အနေနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ စစ်အင်အား သိသာစွာ လျော့နည်းလာနေတဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့ရာမှာ အရင်က ပယ်ထားခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းဖို့ ကြိုးစားပြီး အရှိန်အမြင့်ဆုံး တက်လာနေတဲ့ ပြည်တွင်းစစ်ကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

ဒီစစ်မှုမထမ်းမနေရ ဥပဒေက မျှော်လင့်မထားတဲ့ သက်ရောက်မှုတွေ၊ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကို စစ်ကောင်စီ အနေနဲ့ တွေးဆထားကောင်း တွေးဆထားမှာ ဖြစ်ပေမဲ့ အခု လက်တွေ့အကောင်အထည်ဖော်ရာမှာ တွေ့ကြုံလာရတဲ့ အခြေအနေတွေက ၄င်းတို့ မျှော်လင့်ထားတဲ့ အတိုင်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒီစစ်မှုထမ်းဥပဒေရဲ့ သက်ရောက်မှုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အုပ်ချုပ်ရေး နယ်ပယ်တွေ အားလုံးကို ချက်ချင်းသက်ရောက်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ဒီသက်ရောက်မှုတွေကို စစ်ကောင်စီအနေနဲ့ လိုက်ပြီး ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ လက္ခဏာတွေ့ရပေမယ့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ ခေတ်သစ် မြန်မာ့သမိုင်းမှာဘယ်တုန်းကနဲ့ မှ မနှိုင်းယှဥ်နိုင်လောက်အောင် လာဘ်စားမှုတွေ ကိုယ်ကျိုးရှာမှုတွေ အမြင့်ဆုံးရောက်နေတဲ့ အနေအထား၊ လူထုက ဘယ်တုန်းကနဲ့မှ မတူအောင် အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ရမယ့်၊ တနည်း ကိုယ့်အသက်ကိုစတေးပြီး စစ်ထဲဝင်ရမယ့် အနေအထားထက် စာရင် တခြားတနိုင်ငံမှာ အောက်ခြေသိမ်း အလုပ်ဖြစ်စေ၊ တရားမဝင်နည်းနဲ့ ဖြစ်စေ နေထိုင် အသက်ရှင်ရတာက တော်သေးတယ်ဆိုတဲ့ ရွေးချယ်မှုမျိုး ရွေးချယ်လာကြတာကို တွေ့မြင်နေရ ပြီဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၁ လတာအတွင်း စစ်မှုထမ်းဥပဒေ နဲ့အကျုံးဝင်နေတဲ့ လူငယ်တွေ ထောင်သောင်းချီပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ကြပြီး ဖြစ်သလို နောက်ထပ် ထောင်သောင်းနဲ့ချီပြီး ထွက်ခွာဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ သာမန်တိုင်းပြည် အေးချမ်းနေချိန်၊ နိုင်ငံရေးအရ စိတ်ဝမ်းကွဲပြားမှုတွေ မကြီးမားချိန်မှာ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းခဲ့ရင် အခုလို ကသောင်းကနင်း အခြေအနေမျိုးမကြုံရပေမယ့် နိုင်ငံက စိတ်ဝမ်းကွဲပြားမှု အမြင့်ဆုံးအချိန်၊ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ မြန်ဆန်စွာ လျော့နည်းလာချိန်၊ တနေ့တနေ့ တိုက်ပွဲတွေမှာ သေဆုံးမှုတွေ ရာဂဏန်းအထိ ရှိနေချိန်မှာ မြန်မာနိုင်ငံက လူငယ်တွေ နဲ့ မိဘတွေက စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေထဲ ကျွန်ဝယ်ရာအဆစ် မပါချင်ကြပါဘူး။ အသက်လည်း ဆုံးရှုံးနိုင်ခြေမြင့်သလို ဂုဏ်သိက္ခာအားဖြင့် လည်း ဆုံးရှုံးနိုင်တာကြောင့် ဒီလို ၂ ထပ်ကွမ်းဆုံးရှုံးမှုကို ရှောင်လွှဲချင်ကြတဲ့သူက အများစုဖြစ်နေတာပါ။ 

စစ်မှုထမ်းဆင့်ခေါ်ခံရမှာကြောင့် လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်အကိုင်တွေကို စွန့်လွှတ်ပြီး ရှောင်တိမ်းဖို့၊ တခြားနိုင်ငံကို ဘယ်နည်းနဲ့ရရ ထွက်ခွာဖို့ လုပ်ဆောင်နေသူတွေ ပတ်ဝန်းကျင်မှာ အများအပြားရှိနေပြီ ဖြစ်ပါတယ်။ 

ဒီအကျိုးသက်ရောက်မှုတွေက စီးပွားရေးနယ်ပယ်၊ စိုက်ပျိုးမှု၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတွေအားလုံးကို ထိခိုက်မှုရှိနေတာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ စစ်မှုထမ်းဖို့အသက်အရွယ်မှာ အကျုံးဝင်သူ ကျားမပေါင်း ၁၃ သန်းရှိတယ်လို့ စစ်ကောင်စီက ဆိုထားရာမှာ တလ ကို ၅ထောင် သို့မဟုတ် ၁ သောင်း စုဆောင်းမယ့်အရေးမှာ သက်ရောက်မှုရှိသူ သန်းနဲ့ချီတဲ့ လူငယ်တွေ နဲ့ သူတို့ရဲ့ မိဘတွေ စိုးရိမ်သောက အပြည့်နဲ့ ကျွန်ဝယ်ရာ အဆစ်မပါဖို့ နည်းလမ်းရှာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို လက်လွှတ်ခဲ့ပြီး တိမ်းရှောင်နေကြရတဲ့ အနေအထားဖြစ်ပါတယ်။ 

ဒီလို လူငယ်တွေအတွက် ဘာလုပ်သင့်သလဲ၊ ဘာလုပ်ရမလဲ လမ်းပြပေးဖို့ နှိုးဆော်တဲ့ ပြောဆိုမှုတွေလည်း ရှိနေပေမယ့် ဘယ်နိုင်ငံရေး အဖွဲ့အစည်း၊ ခေါင်းဆောင်ကမှ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့ ဘယ်လို လုပ်သင့်တယ်ဆိုတဲ့ ပြောဆိုမှု လမ်းညွှန်မှု ပေးတာမတွေ့ရသေးပါဘူး။ နိုင်ငံတကာကို တိုင်တည်တာ၊ နှိုးဆော်တာတွေ ရှိပေမယ့် နိုင်ငံတကာ အနေနဲ့ ပြည်တွင်းမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်မှုထမ်း ဥပဒေ တိမ်းရှောင်ရေးကို မူအရ အားပေးဖို့ ခက်ခဲနေတဲ့ အနေအထားမျိုး ရှိကောင်းလည်း ရှိနေနိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံ၊ တည်ငြိမ်အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်တဲ့ နိုင်ငံလိုအဖို့တော့ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ခြင်းဟာ နိုင်ငံသား တယောက်အနေနဲ့ တာဝန်ပျက်ကွက်မှု လို့ မှတ်ယူကြမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံလို စစ်အာဏရှင်၊ ပြည်တွင်းစစ်မှာ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ စစ်ကောင်စီလို အာဏာရှင်ရဲ့ စစ်မှုထမ်းဆင့်ခေါ်မှုက တရားဝင်ရဲ့လား ဆိုတဲ့ မေးခွန်းရှိနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ကုလ အစည်းအဝေးတရပ်မှာ NUG အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ဦးကျော်မိုးထွန်းက စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက မြန်မာနိုင်ငံက လူငယ်တွေကို ခြိမ်းခြောက်နေတဲ့ အကြောင်းပြောဆိုပြီး နိုင်ငံတကာ အနေနဲ့ ပိုမိုပြီး အရေးယူဖိအားပေးဖို့ နှိုးဆော်ခဲ့တာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံမှာ အခုလို အဖြစ်အပျက်တွေမတိုင်ခင် အလားတူ ဖြစ်ရပ်မျိုး ရုရှားဖက်ဒရေးရှင်းမှာ ယူကရိန်းစစ်ပွဲဖြစ်ပွားပြီး လအတန်ကြာမှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားတပ်တွေ အနေနဲ့ အကျအဆုံး အများအပြားရှိနေတာကြောင့် ရုရှားအနေနဲ့ စစ်မှုမထမ်းမနေရ ဥပဒေ လုပ်ထုံးလုပ်နည်းကို အသက်သွင်းခဲ့ရာမှာ ရုရှားနိုင်ငံသားအများအပြား ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ CIS နိုင်ငံတွေဆီ၊ အချို့လည်း အာရှ၊ ဥရောပ တို့အထိ ထွက်ခွာတိမ်းရှောင်ပြီး ပူတင် ဆုံးဖြတ်တိုက်ခိုက်နေတဲ့ ယူကရိန်း-ရုရှားစစ်ပွဲမှာ မပါဝင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ 

ခြုံငုံသုံးသပ်ကြည့်ရရင်တော့ မြန်မာနိုင်ငံ ပြည်တွင်းမှာ နေထိုင်နေတဲ့ လူငယ်တွေ၊ စစ်မှု မထမ်းဆောင်လိုတဲ့ လူငယ်တွေအတွက် သတင်းစကား၊ လမ်းညွှန်ချက် ဘယ်သူပေးနိုင်မလဲ ဘယ်သူပေးဖို့ ဝတ္တရားရှိသလဲ ဘယ်လို လမ်းညွှန်ချက်မျိုး ပေးမလဲ စတဲ့ မေးခွန်းတွေက လောလောဆယ် ပေါ်ထွက်လာပေမယ့် အဖြေ မရှိသေးတဲ့ မေးခွန်းတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar