အမေရိကန်ပြည်ထောင်စု နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ဘိုင်ဒင်ဘာတွေ ပြောသွားသလဲ
အမေရိကန်ပြည်ထောင်စု နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ဘိုင်ဒင်ဘာတွေ ပြောသွားသလဲ
နိုင်ငံတကာသာဂိ (မိုးမခ) မတ် ၉၊ ၂၀၂၄
Lexie Schapitl, NPR News ကို ကိုးကားရေးပါတယ်။
သမ္မတဘိုင်ဒင်သည် မတ် ၇ ရက်တွင် ဝါရှင်တန်ဒီစီရှိ အောက်လွှတ်တော်ရှိ Capitol အောက်လွှတ်တော်တွင် ပြည်ထောင်စု နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြောကြားခဲ့ပါသည်။
ကြာသပတေးနေ့တွင် ၎င်း၏ နှစ်ပတ်လည် နိုင်ငံတော် မိန့်ခွန်းတွင် သမ္မတ ဘိုင်ဒင်သည် ၎င်း၏ ပထမဆုံး ရာထူးသက်တမ်း၏ အဓိက အောင်မြင်မှုများကို မီးမောင်းထိုးပြပြီး မဲဆန္ဒရှင်များက သူ့ကို ဒုတိယအကြိမ် ပေးသင့်သည့် ကိစ္စရပ်ကို ပြောကြားလိုက်သည်။
အထွေထွေရွေးကောက်ပွဲရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ - သမ္မတဟောင်း Donald Trump က ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ပြိုင်ဘက်ဖြစ်လာရန် Super Tuesday အကြိုရွေးကောက်ပွဲရလဒ်များအရ ထင်ရှားလာချိန်တွင် နိုင်ငံတော်မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဓိကပြောကြားသည့်အချက်များကို ကောက်နုတ်ရသည် ရှိသော် -
ဘိုင်ဒန်က ယူကရိန်းကို ထောက်ခံဖို့ တောင်းဆိုတယ်။
"ဒါက သာမန်အခြေအနေမဟုတ်ပါဘူး" လို့ Biden က ပြောလိုက်ပါတယ်။ ဥရောပတွင် ဒုတိယကမ္ဘာစစ်ကြီး တဟုန်းဟုန်းတောက်လောင်နေချိန် ၁၉၄၁ ခုနှစ် ဇန်နဝါရီလတွင် သမ္မတဖရန်ကလင်ရုစဗဲ့ ပြောခဲ့သည့် နိုင်ငံတော်မိန့်ခွန်းနှင့် နှိုင်းယှဉ်ပြောလိုက်ပါသည်။ ပြည်တွင်းကော ပြည်ပမှာပါ လွတ်လပ်မှုနှင့် ဒီမိုကရေစီသည် နှောင့်ယှက်ခံနေရသည်ကြောင်း သူက ပြောလိုက်ပါသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကျူးကျော်စစ် နှစ်နှစ်ကျော်အကြာ ယူကရိန်းဘက်မှရပ်တည်ရန် အမေရိကန်အတွက် အရေးကြီးကြောင်း Biden က ပြောကြားခဲ့သည်။ ထို့အပြင် ရီပတ်ဘလစ်ကန် ထိန်းချုပ်ထားသော အောက်လွှတ်တော်တွင် ယူကရိန်းအား အကူအညီများ ပေးအပ်ရန် နှစ်ဘက်ပါတီဥပဒေကြမ်းကို အတည်ပြုပေးဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့သည်။
အမျိုးသမီးများ ကိုယ်ဝန်ဆောင်ရေးနဲ့ မျိုးပွားမှုဆိုင်ရာအခွင့်အရေးများကို မီးမောင်းထိုးပြလိုက်သည်။
Biden သည် ၎င်း၏ မိန့်ခွန်းအတွင်း "ကိုယ်ဝန်ဖျက်ချခြင်း" ဟူသော စကားလုံးကို မပြောခဲ့ပေ။ သို့သော် အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်ခွင့်၊ မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများ အာမခံချက်ရရှိရေးသည် မိန့်ခွန်း၏ အဓိကအချက်ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချခွင့်ကို ပိတ်ပင်ထားသော ပြည်နယ်မှ ထွက်ခွာပြီး မိမိကျန်းမာရေးအတွက် အခြားပြည်နယ်သို့ သွားရောက် ဆေးကုသခဲ့ရသူ အမျိုးသမီး - တက္ကဆက်အမျိုးသမီး ကိတ်ကော့စ်နဲ့ နောက်တစ်ယောက်ကတော့ အလာဘားမားပြည်နယ်ရဲ့ တရားရုံးချုပ်က အေးခဲထားတဲ့ မျိုးဥတွေကို သက်ရှိကလေးများသဖွယ် သဘောထားပြီး မျိုးဥသွင်းကုသမှု IVF တားမြစ်ကြောင်း ဆုံးဖြတ်ချက်ကြောင့် IVF ကုသမှုကို ခေတ္တရပ်ခံထားခဲ့တဲ့ အလာဘားမားအမျိုးသမီး Latorya Beasley တို့ကို လွှတ်တော်ခန်းမမှာ ဖိတ်ကြားထားပြီး ပရိသတ်ကို သက်သေပြလိုက်ပါတယ်။
၂၀၂၂ ခုနှစ်တွင် ကိုယ်ဝန်ဖျက်ချခွင့်ကို ပိတ်ပင်သော ဗဟိုတရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကြောင့် အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်ခွင့် မဆောင်ခွင့် လွတ်လပ်စွာ ဆုံးဖြတ်ခွင့် အာမခံချက် ရှိဖို့ ဘိုင်ဒင်က ဆောင်ရွက်မည်ဟု ကတိပေးလိုက်ပါသည်။
ဘိုင်ဒင်က ထရန့်၏ ရီပတ်ဘလီကန်တွေကို နယ်စပ်အရေး လက်တွဲကြဖို့ တိုက်တွန်း
အမေရိကန် နယ်စပ် ဖြတ်ကျော် လုံခြုံရေးအစီအမံများအတွက် ဆုံးဖြတ်ချက်တွေကို ယူကရိန်း အစ္စရေးထံ နိုင်ငံခြားအကူအညီများ ပေးအပ်သည့် အချက်များနဲ့ တပါတည်း လွှတ်တော်က ပါတီနှစ်ဖက်သဘောတူပေးကြရန် Biden က တောင်းဆိုခဲ့သည်။ ထရန့်နှင့် အောက်လွှတ်တော် ရီပတ်ဘလီကန်များက ကန့်ကွက်ခဲ့ပြီးနောက် အဆိုပါ သဘောတူညီချက်သည် ချောင်ထိုးခံထားရသည်။
မိန့်ခွန်းအပြီးတွင်၊ Biden သည် ပြီးခဲ့သည့်လက အသတ်ခံခဲ့ရသော ဂျော်ဂျီယာတက္ကသိုလ်ကျောင်းသား Laken Riley အကြောင်း Rep. Marjorie Taylor Greene နှင့် အပြန်အလှန် အငြင်းအခုံ ဖြစ်ခဲ့ကြသည်။ သူမ သေဆုံးမှုနဲ့ပတ်သက်ပြီး နယ်စပ်ဖြတ်ကျော် အထောက်အထားမရှိသည့် ဗင်နီဇွဲလားတစ်ဦးကို ဖမ်းဆီးထားခဲ့ပါတယ်။ အဆိုပါ ကျုးလွန်သူကို ဘိုင်ဒင်က Illegal (တရားမဝင်နိုင်ငံသား) ဟု သုံးနှုံးလိုက်လို့ လူတွေက ဝေဖန်ပြစ်တင်ကြပါတယ်။
ပြည်တွင်းတွင် စစ်ပွဲသုံးချေမှုန်းရေးလက်နက်များ ကန့်သတ်ဖို့ Biden က တောင်းဆိုခဲ့သည်။
ပြည်တွင်းတွင် သေနတ်ကိုင် အကြမ်းဖက်သတ်ဖြတ်မှုများကို တားဆီးနိုင်ရန် စစ်ပွဲသုံးချေမှုန်းရေးလက်နက်များ တားမြစ်ချက်ပေးဖို့ နှင့် လက်နက်ကိုင်လိုပါက လူတိုင်းကို နောက်ကြောင်းပြန် ကိုယ်ရေးရာဇဝင်စစ်ဆေးဖို့အပါအဝင် သေနတ်ကို စစ်ပွဲသုံးအဖြစ် မိမိဘာသာပြန်ပြောင်းထုတ်လုပ်တာမျိုး မလုပ်ကြဖို့ ကန့်သတ်ပေးရန် Biden က တောင်းဆိုခဲ့သည်။
တက္ကဆက်ပြည်နယ် Uvalde တွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် အသက် ၉ နှစ်အရွယ် Jackie၏ အမဖြစ်သူကို လွှတ်တော်သို့ ဖိတ်ခေါ်ပြီး သက်သေပြုလိုက်ပါသည် ။
ဂါဇာရှိ ပါလစ္စတိုင်းများအတွက် ထောက်ထားစာနာမှုရှိသော်လည်း ထာဝရအပစ်အခတ်ရပ်စဲရေးတော့ မဖြစ်နိုင်သေးဟု ဘိုင်ဒင်က ဝန်ခံ
အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုအပြီး ငါးလတိတိအကြာတွင် အစ္စရေး၏ တန်ပြန်ထိုးစစ်ကြောင့် ပါလက်စတိုင်း ၃ သောင်းကျော် သေဆုံးခဲ့သည်။ Biden က အရပ်သားသေဆုံးမှု မြင့်တက်လာမှုအတွက် စာနာကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ပိုမိုလုပ်ဆောင်ခွင့်ပြုရန် အစ္စရေးအား တောင်းဆိုခဲ့သည်။ သို့သော် လွှတ်တော်အမတ်များနှင့် မဲဆန္ဒရှင်အချို့က တွန်းအားပေးနေသည့် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေခြင်းအထိ ဘိုင်ဒင်က မပြောခဲ့ချေ။
ဂါဇာကမ်းရိုးတန်းတွင် စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနှင့် အခြားအကူအညီများ ပေးပို့ရာတွင် ကူညီရန်အတွက် အမေရိကန်စစ်တပ်သည် ဂါဇာကမ်းခြေသို့ ပင်လယ်ကနေ ချည်းကပ်နိုင်သည့် ယာယီဆိပ်ခံသစ်တစ်ခု ထူထောင်မည်ဖြစ်ကြောင်းလည်း Biden က ကြေညာခဲ့သည်။
Biden က သူ့အသက်အရွယ်နဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှု မရှိကြဖို့လည်း ပြောလိုက်သည်။
ပါတီနှစ်ရပ်လုံး၏ မဲဆန္ဒရှင်များသည် သမ္မတ၏အသက်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ကြာသပတေးနေ့ညတွင် သူသည် ထိုစိုးရိမ်မှုများကို မျက်စပြစ်ပြီး ခေါင်းညိတ်ကာ ဝန်ခံခဲ့သည်။ “ငါ အဲသလိုမျိုး အိုပုံမပေါက်သေးပါဘူး။ သိုံသော်လည်း ငါ ဒီလောကထဲမှာ အနေကြာနေတာကတော့ အမှန်ပါ” ဟု ရယ်သွမ်းသွေးလိုက်သည်။
“ကျွန်တော် အခုလို သည်အသက်အရွယ်ကို ရောက်လာတဲ့အခါ တစ်ချို့သောအရာတွေက အရင်ကထက် ပို အမြင်တွေရှင်းလင်းလာပါတယ်... ကျွန်တော်တို့ ဘဝတစ်သက်တာမှာ အမေရိကန်ကိုသတ်မှတ်ထားတဲ့ အဓိကတန်ဖိုးတွေဖြစ်တဲ့ ရိုးသားမှု၊ သိက္ခာရှိမှု၊ လူတိုင်းကို လေးစားမှု၊ လူတိုင်းကို မျှတစွာ ဆက်ဆံဖို့ အရေးကြီးတယ်၊ ဖော်ဆောင်နေရမယ်။ အမုန်းတရားတွေအတွက် အမေရိကားမှာ နေရာမရှိစေရဘူး” လို့ သူက ပြောလိုက်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar