ကချင်ပြည်နယ်က တပြိုင်နက်တည်း စခန်းအများအပြားကို KIA တိုက်ခိုက်
မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၇ မြင်ကွင်း
(မိုးမခ) မတ် ၈၊ ၂၀၂၄
ကချင်ပြည်နယ်က တပြိုင်နက်တည်း စခန်းအများအပြားကို KIA တိုက်ခိုက်
၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ နံနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကချင်ပြည်နယ်ထဲက မြစ်ကြီးနားနဲ့ ဗန်းမော်ကားလမ်း တလျှောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ရေးအခြေစိုက်စခန်း အများအပြားကို တပြိုင်နက်တည်း စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၇ ရက်နေ့မှာတင် စခန်းငယ်အချို့ကို သိမ်းယူရရှိထားပြီလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကို ကိုးကားပြီး သတင်းဌာနတွေမှာ ဖော်ပြထားကြပါတယ်။ မြစ်ကြီးနား ဗန်းမော်ကားလမ်း လိုင်ဇာသွားတဲ့ လမ်းနဲ့ ဆက်စပ်နေတဲ့ နေရာတွေအပြင် ဝိုင်းမော် မြို့နယ်ထဲက လီဆူ လူမျိုးနွယ်တွေ နဲ့ ဖွဲ့စည်းထားတဲ့ ရွှေမင်းပြည်သူ့စစ် အဖွဲ့ရဲ့ အောင်မြေ စခန်းတို့ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းအချို့က ဖော်ပြထားကြပြီး ရွှေမင်း ပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဦးရွှေမင်း စီးနင်းလာတဲ့ကားကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ သေဆုံးသွားခဲ့ကြောင်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ မတ်လ ၇ ရက်နေ့မှာ စတင်တဲ့ KIA ရဲ့ စစ်ဆင်ရေးကို ၀၇၀၃ လို့ ရက်စွဲ နဲ့ လကို အစွဲပြုပြီး သတင်းမီဒီယာအချို့က ခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၇ ရက်မှာ စတင်တဲ့ စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေးလို့ မြောက်ပိုင်း ညီနောင်မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေက အမည်ပေးထားခဲ့ကြပြီး အခု စစ်ဆင်ရေးကိုတော့ KIA ဘက်က အမည်ပေးထားတာ မဟုတ်ပေမယ့် သတင်းမီဒီယာတွေမှာ ၀၇၀၃ စစ်ဆင်ရေးလို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ စစ်ဆင်ရေးတွေ စတင်တဲ့ ရက်ကို ရွေးချယ်ရာမှာ ဂဏန်းအားဖြင့် ပေါင်းခြင်း ၉ ရတဲ့ ၂၇ ရက် ၊ အခုတကြိမ်မှာ ၇ ရက် တို့ကို ရွေးချယ်တာဟာ အောင်မြင်မှုအနေနဲ့ ရည်ရွယ်ရွေးချယ်ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အခုစစ်ဆင်ရေးဟာ စစ်ကောင်စီအဖို့ လုံးဝ မျှော်လင့်မထားတဲ့ စစ်ဆင်ရေးတော့ မဟုတ်လောက်ပါဘူး။ သို့ပေမယ့် ဘယ်လိုအချိန် ဘယ်နေရာတွေကို တိုက်ခိုက်လာမလဲဆိုတာတွေတော့ စစ်ကောင်စီဘက်က ခန့်မှန်း သိရှိချင်မှ သိရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ စစ်ကြောင်စီနဲ့ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့အကြား ယာယီအပစ်ရပ် သဘောတူညီချက်ရပြီး မကြာခင်မှာပဲ KIA အနေနဲ့ ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာ နဲ့ နမ့်ခမ်းအနီး မံစီမြို့နယ်ထဲက စခန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့တာ၊ မိုးမိတ်နဲ့ မဘိမ်းမြို့တွေကို တိုက်ခိုက်သိမ်းယူဖို့ လုပ်ဆောင်ခဲ့တာတွေကို လေ့လာကြည့်ရင် KIA အနေနဲ့ မြောက်ပိုင်း ၃ ဖွဲ့က အပစ်ရပ်ထားချိန်မှာ ၄င်းရဲ့ နယ်မြေစိုးမိုးမှုရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အလမ်းအနေနဲ့ ရှုမြင်ထားမှာ သေချာတဲ့ အနေအထားဖြစ်လို့ စစ်ကောင်စီဘက်ကလည်း KIA ရဲ့ လှုပ်ရှားလာနိုင်ခြေကို တွက်ဆမိပြီး ဖြစ်နိုင်ပါတယ်။
စစ်ကောင်စီအနေနဲ့ ရခိုင်မှာ စစ်ရေးအရေးနိမ့်နေချိန်၊ ရှမ်းမြောက်မှာ ခံစစ်အဖြစ် ခုခံချထားနေရချိန်၊ ရှမ်းတောင် ပအိုဝ်းဒေသမှာ NCA ထိုးထားတဲ့ PNLA လက်နက်ကိုင် အဖွဲ့နဲ့ စတင်တိုက်ပွဲတွေ ဖြစ်ပွားလာနေတဲ့ အနေအထားမှာ စစ်ကောင်စီ သိမ်းယူထားတဲ့ ကချင်ပြည်နယ်ထဲက နယ်မြေတွေ စစ်ရေးအရ အရေးပါတဲ့ စခန်းတွေကို သိမ်းယူမယ့် အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။
KIA အနေနဲ့ ကချင်ပြည်နယ်ထဲက အဖိုးတန်ဆုံး ကျောက်စိမ်း သယံဇာတထွက်ရှိတဲ့ ဖားကန့်ဒေသကိုလည်း စစ်ကောင်စီနဲ့ ခွဲဝေကောက်ခံနေရတဲ့ အနေအထားထက် ၄င်းတို့လက်နက်ကိုင် အဖွဲ့က ပြည့်ပြည့်ဝဝ ချုပ်ကိုင်ထားနိုင်ဖို့ ရည်မှန်းချက်လည်း ရှိနေတဲ့ သဘောမျိုး မှန်းဆရပါတယ်။ ခု သီတင်းပတ်တွေမှာ ဖားကန့်နယ်မြေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ကေအိုင်အေက ဖားကန့် ကျောက်စိမ်းနယ်မြေကို တဖွဲ့ထဲ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ရှမ်းမြောက် ညီနောင်လက်နက်ကိုင် ၃ ဖွဲ့နဲ့ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသတွေမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ မဖြစ်ဖို့ သဘောတူညီချက် ရထားတဲ့နောက် စစ်ကိုင်းတိုင်းကို ပိုမိုအာရုံစိုက် တိုက်ခိုက်လာမလား ဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနေပြီး အခုလို ကချင်ပြည်နယ်မှာ KIA ရဲ့ ထိုးစစ်ဆင်မှုကို ခုခံကာကွယ်နေရတဲ့ အခြေအနေမျိုးပေါ်ပေါက်လာရင် စစ်ကိုင်းတိုင်းကို လှည့်နိုင်မယ့် အခွင့်အလမ်းနည်းသွားလိမ့်မယ်လို့ မှန်းဆရပါတယ်။
စစ်ကောင်စီအနေနဲ့ ရခိုင်၊ ရှမ်းမြောက်စတဲ့ စစ်မျက်နှာတွေမှာ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်နေရချိန်၊ တပ်တွေ ဖွဲ့စည်းပုံ လျော့ရဲလာပြီး ပြန်လည်စုစည်းဖို့ အင်အားဖြည့်ဖို့ အချိန်ယူရမယ့် အနေအထားမျိုးကို ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်ရေးအရ အခွင့်အရေးတခုအဖြစ် ရှုမြင်ကြမှာ အသေအချာပင် ဖြစ်ပါတယ်။ ကေအိုင်အေလိုပဲ ချင်းပြည်နယ်က CNF ၊ ပအိုဝ်းဒေသက PNLA၊ ကရင်ပြည်နယ်က KNU နဲ့ မွန်ပြည်သစ်ပါတီ (AD ) တို့အနေနဲ့ စစ်ကောင်စီ ရဲ့ စခန်းတွေ သို့မဟုတ် မြို့တွေကို သိမ်းယူဖို့ ကြိုးစားကြမယ့် အနေအထားလည်း ရှိနေနိုင်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒေသခံ ဗမာလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနချိတ်ဆက် PDF တပ်ရင်းတွေက ကနီနဲ့ အခြားဒေသတွေမှာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေကြတာလဲ သတင်းတွေမှာ ဖော်ပြနေတာ တွေ့နိုင်ပါတယ်။
အခုလို အချိန်ဟာ စစ်ကောင်စီ အပြီးတိုင် ပြိုလဲဖို့ ဖြစ်မလာနိုင်သေးရင်တောင် စစ်ကောင်စီ လက်ထဲမှာရှိတဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ၊ ဒေသတွေကို သိမ်းယူနိုင်ဖို့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ကြိုးပမ်းကြမှာ ဖြစ်ပါတယ်။
အဲဒီလို ထိန်းချုပ်နိုင်မှသာ အခွန်ကောက်ခံရရှိမယ့် အခွင့်အလမ်း၊ သယံဇာတတွေ ကို အတိုင်းအတာတခုထိ ထိန်းချုပ် ရယူနိုင်မယ့် အခွင့်အလမ်းတွေ ရရှိမှာဖြစ်ပြီး လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ၄င်းတို့ရဲ့ ရပ်တည်ရေးကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ ဒီအခွင့်အလမ်းတွေကို လက်လွှတ်ခံကြမှာ မဟုတ်ပါဘူး။
တဖက်မှာတော့ စစ်မက်ဖြစ်ပွားမှုတွေကြောင့် ကျေးလက်နေလူထုနဲ့ မြို့တွေမှာ နေထိုင်ကြတဲ့ လူထုတွေ အနေနဲ့ ဖြစ်ပွားလာမယ့် စစ်ဘေးကနေ တိမ်းရှောင်ရမယ့် အရေအတွက်တွေ တိုးတက်လာမယ့် အနေအထားတွေ ရှိလာမယ့် အခြေအနေဖြစ်ပါတယ်။ စစ်မက်ဖြစ်ပွားရာ ဒေသက လူထုအနေနဲ့ ယခင်တုန်းက စစ်ဘေးရှောင်တဲ့အခါ တိုက်ပွဲလွတ်တဲ့ နေရာတွေကို တကြိမ်တိမ်းရှောင်ပြီး သီတင်းပတ်၊ လနဲ့ နေထိုင် တိမ်းရှောင်ခဲ့ကြပေမယ့် အခုနောက်ပိုင်း စစ်ဘေးရှောင်သူတွေအဖို့ စစ်မီးကျယ်ပြန့်လာနေတာကြောင့် တမြို့ကနေ နောက်တမြို့ကို ထပ်မံတိမ်းရှောင်ရတဲ့ အနေအထားတွေ ဖြစ်ပေါ်လာနေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျယ်ပြန့်လာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မကွေး၊ ပြည်၊ နေပြည်တော်၊ ပုသိမ် တို့လိုမြို့တွေက လွဲရင် ကျန်တဲ့ မြို့တွေက စစ်မီး ပျံ့နှံလာနိုင်တဲ့ အနေအထားမျိုး ရှိနေပြီ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar