Breaking News

ပအိုဝ်း သာမန်ပြည်သူတွေကို အမြင် စိတ်ဓာတ် အဆိပ်ခပ်မှု ရပ်ချိန်တန်

ခွန်ကကြီး - ပအိုဝ်း သာမန်ပြည်သူတွေကို အမြင် စိတ်ဓာတ် အဆိပ်ခပ်မှု ရပ်ချိန်တန်

(မိုးမခ) မတ် ၁၄ ၊ ၂၀၂၄ 


ပအိုဝ်းဆရာကြီးများ ဘုန်းကြီးများဟာ ဒီအဏာသိမ်းမှုနဲ့ ဒီတော်လှန်ရေးကို "ဗမာထီးနဲ့ ဗမာမရန်ဖြစ်တဲ့ကိစ္စ" လို့သတ်မှတ်ပြီး ပအိုးဘက် ကူးစက်လာတဲ့အခါ "ဘာ့လို့ငါတို့ပအိုဝ်းအိမ်လာဖျက် ငါတို့ပြည်သူကို ဒုက္ခလာပေးရတာလဲ" လို့ ပြောကြ ဟောကြ သင်ပေးကြတယ်။ PNLOက သယ်လာတဲ့လက်နက်တွေကို PNO က ဖြတ်လုလို့ တိုက်ပွဲစဖြစ်တဲ့အကြောင်းတော့ ဘယ်သူမှ မဟကြဘူး။ 

လေယာဉ်မှူး ခိုင်သန့်မိုး မိတဲ့သတင်း၊ ‌ဂျက်လေယာဉ် ပစ်ချခံရတဲ့ သတင်းမျိုးဆိုရင် "ဒေါ်လာစားသတင်းသမားအချင်းချင်းဘဲ လိမ်ကြ၊ ဒို့ကို လာလိမ်လို့မရဘူး" လို့ပြောပြီး အယုတ္တ အနတ္တတွေ ဆဲ ပအိုဝ်းအောက်ခြေလူထုထဲ  သတင်းလွဲတွေ ပြန်ဖြန့်ကြတယ်။ အဲဒီတော့ ပအိုဝ်းတွေအမြင်မှာ ဒီလိုမျိုးထိလုပ်လို့ ရစတမ်းလား၊ တပ်မတော်ကြီးကို ဘယ်လိုလူက ထိပါးနိုင်မှာလဲလို့ ယူဆကြတယ်။ သူတို့ကိုးကွယ်ရာကြီး ချိနဲ့အားနည်းပျက်ပြိုယိုယွင်းလာပြီဆိုတာ အသိမခံနိုင်ကြဘူကိုး။ 

ရှမ်းမြောက် စစ်ရှုံးသတင်းတွေဆိုလဲ "ပလောင်လီးစုပ်ပြီး အင်တာနက်ပေါ် ထည့်ရေးပေးရတာလား" လို့ ညစ်ညစ်ကန်းကန်း ပြောကြ။ "အလွန်အတဲ့ပအိုဝ်းအနည်းအကျဉ်းလေးကဘဲ ယုံမယ်" လို့ဆိုကြပေါ့။ ပလောင်တွေ စစ်နိုင်လို့ နယ်မြေတွေ အပိုင်ရသွားပြီဆိုတာ ယုံတမ်းပုံပြင်လို သဘောထားကြတယ်။ အဖြစ်မှန်လို့လက်ခံသူ အတော်ရှားတယ်။ 

"ငါတို့ပအိုဝ်းတွေရဲ့ ကြွယ်ချမ်းသာမှုကို အချောင်လိုချင်တဲ့မြေ မရှိရေ မရှိ ပတောင်တွေ" လို့ ကရင်နီတွေကို ဖိနှိပ်ပြောဆိုပြီး မာန်ထောင်ကြအောင်လုပ်၊ ပြီးတော့မှ  စစ်တပ် ဗုံးကြဲ ဖျက်ဆီး အမြောက်နဲ့ ထုဖြိုတာကို ပအိုဝ်းနီနဲ့ ပီးဒွေတွေဝင်လို့၊ ပစ္စည်းယူလို့ လုပ်ရသယောင် ပြောနေကြတုန်း။ သူတို့ အဲလို ကာပြောလေ ပအိုဝ်းမြို့ ရွာတွေ ကြေလေဆိုတာ မတွေးကြဘူး။ ခုဆို ပအိုဝ်းတို့ အသည်းနှလုံးမြို့ သ‌ထုံလေးဆိုတဲ့ဆီဆိုင်ဟာ ပြာမှုန်မြေမှုန်ဖြစ်ပြီ။ ကျောက္ကချားလို ပအိုဝ်းလက္ခဏာ အသားအိမ်စုယဉ်ကျေးမှုရွာလဲ မီးလောင်တိုက် သွင်းခံရလုလု။ ပအိုဝ်းဘုန်းကြီးကျောင်းကြီးတွေလဲ ဆက်တိုက်အဖြိုခံနေရ။ ပအိုဝ်းနီတွေ ပီးဒွေတွေ ဝင်လို့ သတင်းပေး ဗုံးကြဲခိုင်းတယ်ဆိုတာကတော့ "ငါ့အဖေနဖူးကိုက်တဲ့ခြင်တော့ သိရသေးတာပေါ့ဆိုပြီး ပုဆိန်ဆွဲ နဖူးကိုခုတ်ခွဲတဲ့သားမိုက်လို" ဆိုပြီးတောင် ပြောနေကြရဲ့။ 

"ဦးအောင်ခမ်းထီထက် နိုင်ငံရေးသိသူ ဒီနိုင်ငံမှာ မရှိ၊ ဒါ့ကြောင့် မင်းအောင်လှိုင်ရော ဒေါ်စုရော လာဂါရဝပြုကြရတာ၊ မဟနဆရာတော်ကြီးတွေတောင် လာတွေ့ရတာ" လို့ တလွဲ ဂုဏ်ယူခိုင်းလို့ခိုင်း။ 

ပအိုဝ်းတွေက သူတို့ဟာ ဧည့်သည်ဆိုတဲ့ အငုံ့စိတ်နဲ့  အိမ်ရှင်ဟာ ဗမာစစ်တပ်သာ ဖြစ်တယ်လို့ အူကြောင်ကြား ပုံဖော်မှုတွေတောင် ရှိပါတယ်။ ဒါမှ အိမ်ရှင်ဟာ ရှမ်းမဟုတ်ဘူး ဆိုတဲ့ အတွေးနဲ့ ခနတာ စိတ်ဖြေစရာရှိမှာကိုး။

ဒါဟာ ကိုယ်ပိုင် ဆုပ်ဆုပ်ကိုင်ကိုင် အမျိုးသားရေးအတွေးအခေါ် မရှိဘဲ တက်လာသူမှန်သမျှနဲ့ စိမ်းစိမ်း နီနီ အဆင်ပြေအောင်ပေါင်းရမယ်ဆိုတဲ့ ပအိုဝ်းလအုမူရဲ့ အကျိုးဆက်ပါ။ လူမျိုးသမိုင်း ဇာတ်ကြောင်းတွေကလဲ တခေတ်တမျိုး မရိုးစေရလို့ ဆိုရမယ်။ လအုမူကလဲ အဲဒီခေတ် အခြေအနေအလိုက် ဖန်တီးခဲ့ကြတဲ့ ဇာတ်ကြောင်းတွေက ဆင်းသက်လာတာပါဘဲ။ 

တကယ်တော့ ဒီနေ့ ဒီအခါမှာ မြေပိုင်ဆိုင်မှုဆိုတာ နေထိုင်သူတွေက ဆုံးဖြတ်ရတာပါ။ အတီတေသမိုင်းဦးက ဇာတ်ကြောင်းတွေ ကိုင်ပြီး လူမနေထိုင်ဘဲ ပိုင်လို့ရကြတော့တာမှ မဟုတ်တာ။ အဲဒါကို ရှင်းရှင်းရဲရဲ လက်ခံပြီး ငါတို့ဟာ ရွှေ့ပြောင်းလာသူတွေ ဆိုတဲ့ သိမ်ငယ်စိတ်ဖျောက်ပြီး ကိုယ့်ပြည်သူကို လက်ရှိ အခြေအနေမှန်ကို ကျကျနန လက်ခံစေရမှာပါ။ နိုင်ငံရေးအမြင် ဖွင့်ရမှာပါ။ 

ပြီးရင် မဆီမဆိုင် ရှမ်းပြည်ကိုလက်နက်နဲ့ လက်ဝါးကြီးအုပ် လာစီမံ ကုပ်သွေးစုပ်နေတဲ့ စစ်အုပ်စုကို ရှမ်းမြေမှာ အတူနေထိုင်သူတွေနဲ့ လက်တွဲတွန်းလှန်ပြီး တကယ့်အစစ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တည်ဆောက်မှသာ အသက် အိုးအိမ်စည်းစိမ် စိတ်ချရတဲ့ အနာဂတ်ပအိုဝ်းပြည် ပေါ်ပေါက်နိုင်စရာရှိပါကြောင်း။ 






Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar