Breaking News

လှကျော်ဇော - တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒများ

လှကျော်ဇော - တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒများ

(မိုးမခ) မတ် ၁၅ ၊ ၂၀၂၄

တရုတ်ပြည်မှာ နှစ်စဉ် မတ်လ ပထမပတ်အတွင်း ကျင်းပတတ်တဲ့ နိုင်ငံရေး ညီလာခံကြီး နှစ်ရပ် ရှိပါတယ်။

၁။ တရုတ်နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) နဲ့

၂။ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တို့ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကြီး နှစ်ရပ်ဟာ တပြိုင်တည်း ကျင်းပတာဖြစ်ပြီး တနိုင်ငံလုံးက လာကြတဲ့ ကိုယ်စားလှယ်တွေက ၃-၄ ထောင်ကျော်လောက် ရှိပါတယ်။ မနှစ်က အစိုးရရဲ့ လုပ်ဆောင်ချက် (အကောင်း-အဆိုး) တင်ပြချက်တွေ၊ နောင်နှစ် လုပ်ဆောင်မယ့် စီမံကိန်းတွေ ပါသလို နိုင်ငံတကာ အခြေအနေ ဆွေးနွေးချက်တွေ၊ အကြံပေးချက်တွေလည်း ပါတတ်ပါတယ်။

အစည်းအဝေးများရဲ့ ဘေးပန်းမှာ ပြုလုပ်တဲ့ ၀န်ကြီးဌာနများရဲ့ သတင်းစာရှင်းလင်းပွဲတွေ၊ ဒေသအသီးသီးက ကိုယ်စားလှယ်များရဲ့ သတင်းထောက်များနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ စသဖြင့် အခန်းကဏ္ဍ အမျိုးမျိုးရှိတဲ့အနက် ပြည်တွင်းရော၊ နိုင်ငံတကာကပါ စိတ်ဝင်တစား စောင့်ကြည့်ခြင်းခံရတဲ့ အစီအစဉ်တရပ်ကတော့ နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲပါ။

မတ်လ ၇ ရက်နေ့က ကျင်းပသွားတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ သတင်းစာရှင်းလင်းပွဲဟာ တနာရီခွဲကျော်ကြာမြင့်ပြီး အဲဒီအစည်းအဝေးတွေကို ထောင်နဲ့ချီ တက်ရောက်သတင်းယူနေတဲ့ ပြည်တွင်း ပြည်ပ သတင်းထောက်များရဲ့ မေးခွန်းပေါင်း ၂၀ ကျော်ကို ဖြေဆိုသွားပါတယ်။ ဒီအဖြေတွေကို ကြည့်ခြင်းအားဖြင့် တရုတ်ပြည်ရဲ့ ဆက်လက်ကျင့်သုံးမယ့်နိုင်ငံခြားရေးမူဝါဒများကို တစုံတရာ နားလည်ဆုပ်ကိုင်မိနိုင်ပါတယ်။ သူတို့ ပြည်တွင်းရေးများလည်း ပါဝင်သင့်သလောက် ပါပေမယ့် အဓိက မေးခွန်းများကတော့ တရုတ်နိုင်ငံခြားရေးဆိုင်ရာမူဝါဒများသာ ဖြစ်ပါတယ်။

အဓိကအချက်များကတော့—

၁။ ၀င်ရိုးစွန်း အများအပြား ပါဝင်တဲ့ ဗဟုစုံဝါဒ(Multipolar world)ပေါ်ထွက်လာရေး

ကမ္ဘာ့လူဦးရေအရ အများစုဖြစ်နေတဲ့ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ (နိုင်ငံပေါင်း ၁၄၀ ကျော်)ရဲ့တန်းတူညီမျှ အခွင့်အရေးနဲ့ ပြောရေးဆိုခွင့်ရှိဖို့ တရုတ်နိုင်ငံအနေနဲ့ ကုလသမဂွရဲ့ လုပ်ငန်းစဉ်များနဲ့အတူပူးတွဲ လုပ်ဆောင်နေကြောင်းနဲ့ တရုတ်အနေနဲ့ ဒီအရေးကို ဖြေရှင်းနိုင်ဖို့၊ အေးအတူ ပူအမျှ လူ့အဖွဲ့အစည်းတရပ် ဖွဲ့စည်းရေး အဆိုကို လွန်ခဲ့တဲ့ ၁၀ နှစ်ကစလို့ တင်ထားကြောင်းနဲ့ ဒီအဆိုကိုလည်း နိုင်ငံအတော်များများနဲ့ သဘောတူညီချက်များ ရရှိထားတဲ့အပြင် ကုလ အပါအ၀င် ရှံဟဲ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO၊BRICS) နဲ့ တခြား နိုင်ငံတကာအဖွဲ့များရဲ့ လုပ်ငန်းစဉ်များမှာလည်း ပါဝင်နေပြီဖြစ်ကြောင်းတွေ ပြောသွားတာ တွေ့ရပါတယ်။

ကုလသမဂ္ဂ အခန်းကဏ္ဍကို ပိုမိုခိုင်မာအောင်လုပ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ကိုယ်စားပြုမှုပိုရဖို့ ကုလရဲ့ ပြုပြင်ပြောင်းလဲရေး (UN Reform) လုပ်ရေးများကိုလည်း ပြောသွားပါသေးတယ်။

"တရုတ်အနေနဲ့ ကမ္ဘာကြီးရဲ့ တန်းတူညီမျှရေးအတွက် တွန်းဆော်နေတဲ့ တိုက်ပွဲဟာ ရှေ့မှာအကောက်အကွေ့ အခက်အခဲတွေ ပြည့်နေပေမယ့် အနာဂတ်ကတော့ ထွန်းပြောင်နေပါတယ်" တဲ့။

ဉာဏ်ရည်တုကိုလည်း— 

၁။ လူသားများကို အကျိုးပြုရမယ်။

၂။ လုံခြုံရေးရှိရမယ်။

၃။ လူသားများရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမယ်။

ဒါ့အပြင် (A.I gap) ကွာခြားမှုများကိုလည်း ထိန်းညှိပေးရမယ် တဲ့။

၂။ တရုတ်-အမေရိကန် ဆက်ဆံရေး

တစုံတရာ ကောင်းမွန်လာပေမယ့် အမေရိကန်ရဲ့ တရုတ်အပေါ် အမြင်စောင်းမှုများဟာ အံ့သြစဖွယ် ရှိနေရုံမက အမျိုးမျိုးသော ပိတ်ဆို့မှုတွေကို လုပ်နေတာ တွေ့ရကြောင်း၊ ကတိလည်းမတည်ကြောင်း၊ တရုတ်ရဲ့ သဘောထားကတော့ တသမတ်တည်း မပြောင်းမလဲရှိနေကြောင်းတွေ ပြောသွားပြီး၊

"အမေရိကန်အနေနဲ့ အပြောတမျိုး အလုပ်တမျိုး လုပ်နေရင် နိုင်ငံကြီးတနိုင်ငံရဲ့ ဂုဏ်သိက္ခာ ဆိုတာ ဘယ်ရောက်သွားပြီလဲ"

"အမေရိကန်အနေနဲ့ တရုတ် ဆိုတဲ့ စကားလုံး ကြားလိုက်တာနဲ့ ကယောင်ကတမ်းတွေ ဖြစ်ကုန်ရင် နိုင်ငံကြီး တနိုင်ငံရဲ့ မိမိကိုယ်ကို ယုံကြည်မှုစိတ်ဓာတ် ဆိုတာ ဘယ်ရောက်သွားပြီလဲ"

"အမေရိကန်အနေနဲ့ ကိုယ်ပဲ ချမ်းသာချင်နေပြီး တခြားနိုင်ငံတွေရဲ့ တရားဝင် ဖွံ့ဖြိုးတိုးတက်မှုကို လက်မခံနိုင်ရင်-နိုင်ငံတကာ တရားမျှတမှုဆိုတာ ဘယ်ရောက်သွားပြီလဲ"

"အမေရိကန်အနေနဲ့ တန်ဖိုးမြင့်နည်းပညာများကို လက်ဝါးကြီးအုပ်ထားပြီးတရုတ်ကိုတော့တန်းဖိုးနိမ့်နည်းပညာများနဲ့သာ နေစေချင်ရင်-တရားမျှတတဲ့ ယှဉ်ပြိုင်မှု ဆိုတာ ဘယ်ရောက်သွားပြီလဲ" လို့လည်း မေးခွန်းတွေ ထုတ်သွားပါတယ်။

တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အခြေခံသင့်တဲ့ မူများ ဆိုတာကိုလည်း—

၁။ အပြန်အလှန် လေးစားရေး မရှိမဖြစ် လိုအပ်ချက်း။

၂။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံရရှိရမယ့်အချက်။ (ထိပ်တိုက်တွေ့မှုများရှိရင် မမျှော်မှန်းနိုင်တဲ့ အကျိုးဆက်များရှိနိုင်)။

၃။ နှစ်ဦးနှစ်ဖက် အကျိုးရှိရေး (win-win)--ရည်မှန်းချက် ဆိုပြီး သရုပ်ခွဲပြသွားပါတယ်။  

တရုတ်အနေနဲ့ အမေရိကန်နဲ့ ပြည်သူအချင်းချင်းကြား ဆက်ဆံရေးတွေကို တိုးမြှင့်လုပ်ဆောင်နေလို့ နောင်လူငယ်များခေတ်မှာတော့ ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာနိုင်ပါတယ်"တဲ့။

၃။ ကမ္ဘာအပူကွက်များကို ကူညီ ထိန်းသိမ်းပေးခြင်း

သတင်းထောက်တယောက်က ဒီလိုမေးပါတယ်။

- အီရန်နဲ့ ဆော်ဒီအာရေဗျအကြား သံခင်းတမန်ခင်း ပြန်ဆက်သွယ်နိုင်ရေး။

- ဗမာပြည်မြောက်ပိုင်းက စစ်ပွဲများ အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ကူညီတဲ့ ကိစ္စ။

- အီရန်နဲ့ ပါကစ္စတန်အကြား ပဋိပက္ခများကို ကြားဝင်စေ့စပ်ပေးမှု စတာတွေမှာ တရုတ်အနေနဲ့ဘယ်လိုနည်းနဲ့ ချဉ်းကပ် ပါဝင်ခဲ့ပါသလဲ" တဲ့။

၀မ်ယိက ဒီလို ဖြေပါတယ်။။

"တရုတ်အနေနဲ့ ကုလရဲ့ လုံခြုံရေးကောင်စီဝင် တဦးအနေနဲ့ အပူကွက်များကို ကူညီဖြေရှင်းပေးဖို့ဝတ္တရားရှိပါတယ်။ ဒါကြောင့်ပဲ တရုတ်အနေနဲ့ ဘက်ပေါင်းစုံနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ထားရှိပါတယ်။ ဒီလို အပူကွက်တွေကို ဝင်ရောက်ဖြေရှင်းထိန်းသိမ်းပေးရာမှာ တရုတ်အနေနဲ့အခြေခံထားတဲ့ အချက် ၄ ရပ်ရှိပါတယ်။

၁။ တပါးနိုင်ငံများရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ရေးနဲ့ ကုလက သတ်မှတ်ပေးထားတဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ နယ်မြေတဆက်တစပ်တည်းရှိမှုကို မထိခိုက်စေရေး။

၂။ ပြဿနာများကို ဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းရမယ်။

၃။ မိမိတို့အနေနဲ့ ဘက်လိုက်မှုလည်း မရှိ၊ စံချိန်စံညွှန်း ၂ မျိုးလည်း ဘယ်တော့မှမသုံး။

၄။ ပြဿနာများရဲ့ လက္ခဏာများရော၊ အရင်းခံအကြောင်းရင်းများကိုပါ အဓိကထား ဖြေရှင်းပေးရမယ်" လို့ ဖြေသွားပါတယ်။

ယူကရိန်းအရေးမှာလည်း သူတို့ ဘယ်လို ပါဝင်ကူညီ ဖြေရှင်းပေးနေတာတွေကိုလည်း ပြောပြသွားပါတယ်။

"ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်စနိုင်ဖို့နဲ့ ယူကရိန်းရော ရုရှားရော လက်ခံနိုင်တဲ့ ညီမျှတဲ့၊ရေရှည်ခံတဲ့ လုံခြုံရေးစနစ် ပေါ်ပေါက်လာရေးအတွက် ဝိုင်းကူညီသင့်တယ်" လို့လည်း ဆိုသွားပါတယ်။

"သူတို့အနေနဲ့ ဒီပဋိပက္ခများကနေ အမြတ်ထုတ်ဖို့လည်း မစဉ်းစားဘူး။ ဒါတွေအပေါ် ဓာတ်ဆီလောင်းဖို့လည်း ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး"တဲ့။

ဒါတွေကတော့ တရုတ်နိုင်ငံခြားရေးဝန်ယိရဲ့ သတင်းစာရှင်းလင်းပွဲအတွင်းပြောကြားခဲ့တဲ့ အရေးကြီးတဲ့ တရုတ်ပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒတချို့ဖြစ်ပါတယ်။

လှကျော်ဇော

၁၃-၃-၂၀၂၄။

ကိုးကား။ https://news.cgtn.com/news/2024-03-07/Wang-Yi-presser-takeaways-Equality-absurdity-mediation-and-tragedy-1rLXP7U2P9S/p.html

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar