Breaking News

Khaisa - မိမိနေရာ နေကြပါ၊ စကားကျယ်ကျယ် မပြောရ

မိမိနေရာ နေကြပါ၊ စကားကျယ်ကျယ် မပြောရ
Khaisa 

(မိုးမခ) မတ် ၂၅ ၊ ၂၀၂၄

ရာသီဥတု အပြောင်းအလဲကာလကြောင့် အခုတလော အအေးမိနေရသဖြင့် မအီမသာကြီး ခံစားနေရသည်။ ဖျားသည်ဟု မဆိုသာ၊ မဖျားပါဟုလည်း ဆို၍မဖြစ်သော အနေအထားဖြစ်သည်။ ညညအိပ်မရပါ။ နှာခေါင်း အလွန်အမင်းပိတ်နေပြီး ပါးစပ်ဖြင့်အသက်ရှူနေရသဖြင့် အာခေါင်အလွန်ခြောက်ကပ် နေရ၍ ရေခဏခဏ သောက်ပေးရသည်။ဆေးများ မှီဝဲနေရသော်လည်း ချက်ချင်းမပျောက်။ ခံရခက်ဘိခြင်း။ 

ညည အိပ်မရသောအချိန်များတွင် ချင်းပြည်တော်လှန်ရေးအကြောင်းများကိုသာ တွင်တွင်ကြီးတွေး နေမိပါသည်။ ထိုတွေးဖြစ်သည်များတွင် ဖြစ်လာစရာ အကြောင်းမရှိသော ပဋိပက္ခများ၊ ကြုံတွေ့စရာမလိုသော ပြဿနာများ၊ စတေးစရာမလိုသော အသက်များ၊ ခံယူစရာမလိုသော အမုန်းတရားများ၊ သိုဝှက်စရာမလိုသော အငြိုးအတေးများ၊ ထုတ်ပြစရာမလိုသော မကျေနပ်ချက်များကို ပြန်လှန်ကြည့်မိတော့ တော်လှန်ရေးကို မအီမသာဖြစ်စေသည်ဟု ကွက်ခနဲ မြင်လိုက်၏။ ကျွန်တော်ကိုယ်တိုင်လည်း ကျန်းမာရေးမအီမသာဖြစ်နေသကဲ့သို့ ချင်းအရေးကလည်း မအီမသာကြီး ဖြစ်နေပေသည်။

ချင်းလူမျိုးများ၏တစ်ခုတည်းသော EAO (သို့) ERO ဖြစ်သည့် CNF/CNA အနေဖြင့် ချင်းအမျိုး သားတည်ဆောက်ရေးတွင် ပိတ်မိနေခြင်းကို ထွက်ပေါက်ရှာရန် အထူးလိုအပ်နေသည့်ကာလဖြစ် သည်။ နိုင်ငံရေးနှင့် အမျိုးသားရေးထွက်ပေါက် (သို့) လမ်းကြောင်းတစ်ခုဟု ယူဆသော Chinland Council ကို ဖွဲ့စည်းခဲ့သော CNF/CNA တွက်ချက်မှုမှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်သော အခြေ အနေဖြစ်သွားခဲ့သည်။ မူရင်းရည်ရွယ်ချက် ကောင်းသည်ဟု ပြောရမည်ဖြစ်သော်လည်း အချိန် အခါရွေးချယ်မှု မှားယွင်းသွားခဲ့ရသည်ကို ​မျက်ဝါးထင်ထင် မြင်တွေ့၊ ကြုံတွေ့သွားခဲ့ပြီဖြစ်သည်။ နောက်တစ်ချက်မှာ နိုင်ငံရေးနှင့် အမျိုးသားတည်ဆောက်ရေးတွင် အဆင့်ကျော်၍မရကြောင်း ကြီးမားသည့် သင်ခန်း စာရသွားခြင်းဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ အောင်မြင်သည်ဟု ယူဆစရာဖြစ်နိုင်ပါသော်လည်း ၎င်းအတိုင်းအတာသည် အားရစရာကောင်းသောအတိုင်းအတာ ဖြစ်မသွားခဲ့ပေ။ ပဋိပက္ခနှင့်သာ ကြုံ တွေ့ရသော စုစည်းမှုအဖြင့် ရှုမြင်ကြရသည်။ 

တကယ်တမ်း CNF/CNA ဆောင်ရွက်သင့်သည့် အ ခြေခံလုပ်ငန်းမှာ CDF များ၏ စိုးမိုးနယ်မြေများတွင် သီးခြားအဖြင့် နေထိုင်ပြီး မစွပ်ဖက်ရေးကို အလေးထား၍ လိုအပ်သော အကူအညီများ၊၎င်းတောင်းဆိုလာသောအကူအညီများကိုသာ ဖြည့်ဆည်းနိုင်သလောက် ကူညီပံ့ပိုးရမည်ဖြစ်ပြီး CDF များ၏ လုပ်ငန်းများကို မစွက်ဖက်ဘဲ နေရမည်ဖြစ်သည်။ အုပ်ချုပ်ရေးကိုလည်း မကိုင်တွယ်ပဲရှိနေရမည်ဖြစ်သည်။ ဒေသန္တရအုပ်ချုပ်ရေးများ ခိုင်မာကျစ်လျစ်တောင့်တင်းသည့်အနေအထားကို စောင့်နေရန် အထူးလိုအပ်သည်။ သက်ဆိုင်ရာနယ်မြေခံ၊ ဒေသခံအများစုက အသိအမှတ်ပြုထားသောအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကိုသာအသိအမှတ်ပြုပြီးအလေးထားဆက်ဆံသင့်သည်။ ဆက်ဆံ​ရေးအဆင့်တွင်သာ CNF အနေဖြင့် ရပ်တည်နေခဲ့သင့်သော ကာလအဆင့်ဖြစ်သည်။ စစ်ဆင်ရေးများတွင် CDF များ၏ သဘောဆန္ဒအရသာ ပူးပေါင်းကူညီဆောင် ရွက်ခဲ့သင့်သည်။ ပဋိပက္ခပြဿနာဖြစ်ပွားပါက သက်ဆိုင်ရာ CDF နှင့် အုပ်ချုပ်ရေးများ၏ အကူ အညီတောင်းဆိုမှုမရှိဘဲ ကြားမဝင်သင့်ပေ။ ရှောင်ရှားရမည်သာ ဖြစ်သည်။ အတတ်နိုင်ဆုံး သီးခြား ရပ်တည်နေရမည်ဖြစ်သည်။ အဘယ်ကြောင့်ဟူမူ နားလည်မှုလွဲမှားရန်နှင့် ပဋိပက္ခဖြစ်ပွားရန် အင်မတန် လွယ် ကူသော အခြေအနေ အချိန်အခါ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ မိမိနေရာ နေကြပါ။

လွှတ်တော်အမတ်များအနေဖြင့် NUG ၏အစည်းအဝေးလုပ်ငန်းများတွင်သာ အလေးထားဆောင် ရွက်သင့်သည်။ CDF များ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမျိုးမှ အထူးရှောင်ရှားရမည်ဖြစ်သည်။ CDF များမှ တောင်းခံသော အကူအညီများကို ပံ့ပူးကူညီနိုင်သလောက် ဖြည့်ဆည်းပေးရန်သာ အလေးထားသင့်ပြီး မစွက်ဖက်သောဆက်ဆံရေးမျိုးကို တည်ဆောက်သင့်သည်။ လွှတ်တော်အမတ်များ၏ လုပ်ငန်းဖြစ်သော ဥပဒေပြုရေးများကိုသာ အလေးပေးဆောင်ရွက်သင့်ပြီး အုပ်ချုပ်ရေးဘက်၌ ဒေသန္တရအုပ်ချုပ်ရေး၏ တင်ပြချက်များအပေါ် အကြံပေးခြင်းများ၊ ကူညီပံ့ပိုးခြင်းများထက် မပိုသင့်ပါ။ ကန့်သတ်သော စည်းဘောင်အတွင်းတွင်သာ ဆက်ဆံရေးထားရှိသင့်သည်။ CNF/CNA နှင့် နိုင်ငံရေးအရ ဆက်ဆံရေးလောက်သာရှိသင့်ပြီး ရောနှောပူးပေါင်းသောအဆင့်အထိ မလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုရသော် မတူညီသောအနေအထားကြောင့် ဖြစ်သည်။ ပူးပေါင်းရသော်လည်း ရေရှည်၊ တာရှည်ခံလိမ့်မည် မဟုတ်ပါ။မိမိနေရာ နေကြပါ။

Fundraising ကော်မတီများအနေဖြင့် ငွေကြေးရှာဖွေရေးတွင်သာ အာရုံစိုက်သင့်ပြီး နိုင်ငံရေးကိစ္စရပ်များတွင် ဝင်စွက်ဖက်ခြင်းများကင်းနိုင်သမျှကင်းရန် ကြိုးစားသင့်သည်။ ထောက်ပံ့လှူဒါန်းမှုအပေါ်တွင် နိုင်ငံရေးအရ သြဇာလမ်းမိုးမှု၊ ပုဂ္ဂလိက သြဇာလွှမ်းမိုးမှု၊ ထိန်းချုပ်မှုမျိုး ရှောင်ရှားသင့်ပါသည်။

ဤတော်လှန်ရေးအတွက် အသက်စတေးထားသူများ၏အသက်သွေးချွေးကို ငွေကြေးဖြင့် ဖိနှိပ် ၍မကစားသင့်ပေ။ မချုပ်ကိုင်သင့်ပေ။ ဤသို့ ပြု လုပ်ခြင်း၊ သဘောထားခြင်း၊ ကြံစည်ခြင်းသည်မြေပြင်မှ ရဲဘော်များအား မထီမဲ့မြင်ပြု စော်ကားရာရောက်ပါသည်။ ရဲဘော်များ၏ စိတ်ဓာတ်အားရိုက်ချိုးပစ်ရာ ကျသည်။ တော်လှန်ရေးကို မူပိုင်အဖြင့် ပြုလုပ်ရာ ကျသည်။ အမျိုးသားရေးစိတ်ဓာတ်အခြေခံစစ်စစ်​ဖြင့် လှူဒါန်းရန်လိုအပ်လှသည်။ အမျိုးသားရေးစစ်စစ် စိတ်ဓာတ်ဟူသည်မှာ တာဝန်အရ မဖြစ်မနေပါဝင်ရမည်ဟူသော နှောင်ကြိုးမဲ့စိတ်စေတနာအပေါ် အခြေခံခြင်းပင် ဖြစ်ပါသည်။

လှူဒါန်းရန် ကျွနိုပ်တာဝန်ဖြစ်၍ လိုအပ်သလိုအသုံးပြုဆောင်ရွက်ရန်မှာ မြေပြင်၏တာဝန်ဖြစ်သည်ဟူသောခံယူချက်မျိုးကို ထားရှိရန်လိုအပ်သည်။ငွေကြေးရံပုံငွေရှာဖွေရေးကော်မတီများကြောင့် မြေပြင်အဖွဲ့အစည်းများအတွင်း ပဋိပက္ခများ ကြုံတွေ့နေရသည်များ ပို၍ များပြားလာနေသည်ကိုတွေ့နေရပြီး ဦးဆောင်မှုအခန်းကဏ္ဍအထိပြင် စွပ်ဖက်ကြိုးကိုင်ခြယ်လှယ်မှုများ ရှိနေသည်ကို တွေ့နေရသည်မှာ ကောင်းမွန်သော လက္ခဏာမဟုတ်ပါ။ မိမိနေရာ နေကြပါ။

မြေပြင်ရှိအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းကို အလွန်နိုင်နင်းရန် လိုအပ်လှသည်။ စီမံခန့်ခွဲမှု၊ ကွပ် ကဲထိန်းချုပ်မှု၊ အာဏာကျင့်သုံးမှု၊ သြဇာသက်ရောက်မှု၊ ထက်အောက်ဆက်ဆံရေး၊ အုပ်ချုပ်မှု၊ ငွေစာရင်းဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ မိတ်ဖက်ဆက်ဆံရေးနှင့် အတူ သတင်းလက်ဦးရယူမှုတို့ကို ကျစ်လစ်စွာ တည် ဆောက်နိုင်ရန် လိုအပ်လှသည်။ စစ်ရေးသည် ပထမ ၊ ဘဏ္ဍာရေးသည် ဒုတိယနှင့် ပြည်သူ့အုပ်ချုပ်ရေးသည် တတိယဟု ဦးစားပေးတာဝန်နှင့် လုပ်ငန်းစဥ်ကို အတိအကျ သတ်မှတ်ထားရန် လိုအပ်သည်။  မြေပြင်ရှိ အဖွဲ့အစည်းများသည် တာဝန်ယူမှုတာဝန် ခံမှုကို အဓိက ခံယူရန် အရေးကြီးသည်။ မိမိနေရာနေကြပါ။ 

အစုအဖွဲ့ကြီး ၄ ခု၏ တာဝန်ဝတ္တရားများကို ခွဲခြားတတ်ရန် အရေးကြီးလှသည်။ CNF/CNA နှင့် ဒေသ န္တရတော်လှန်ရေးအဖွဲ့အစည်းများသည် မြေပြင်၌ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးများကို ပူးတွဲဆောင်ရွက်အကောင်အထည်သူများ ဖြစ်ကြသည်။ ၎င်းအဖွဲ့များသည် တော်လှန်ရေး၏ ပင်မအဖွဲ့အစည်းများဖြစ်ကြသည်။ လွှတ်တော်အမတ်များနှင့်ရံပုံငွေရှာဖွေရေးကော်မတီများသည် တော်လှန်ရေးနှင့်နိုင်ငံရေးပင်မများ မဟုတ်ကြပါ။ လွှတ်တော်အမတ်များမရှိလျှင်လည်း CNF/ CNA နှင့် ဒေသန္တရတော်လှန် ရေးအဖွဲ့အစည်းများက တော်လှန်ရေးနှင့်နိုင်ငံရေးကို ဆောင်ရွက်နိုင်သည်။ CNF/CNAနှင့် ဒေသန္တရတော်လှန်ရေးအဖွဲ့အစည်းများမရှိပါက လွှတ်တော်အမတ်များအနေဖြင့် တော်လှန်ရေးနှင့်နိုင်ငံရေးကို မည်သို့မျှဆောင်ရွက်နိုင်မည်မဟုတ်သည်မှာ ​တွေးစရာပင် မလိုသောအနေအထားဖြစ်သည်။ တော်လှန်ရေးငွေကြေးရှာဖွေရေး ရံပုံငွေကော်မတီဆိုသည်မှာလည်း တော်လှန်ရေးလုပ်ငန်းမရှိပါက မည်သို့မျှ ပေါ်လာစရာမရှိပေ။ ဤအရာများကို နားလည်သဘောပေါက်ရန် အရေးကြီးလှသည်။ လက်ခံနိုင်ရန်လည်း အရေးကြီးလှသည်။ ခွဲခြားတတ်ရန်လည်း လိုအပ်လှသည်။ ယခုတွင်မူ မိမိ နေ ရာ၊ မိမိတာဝန်၊ မိမိအခန်းကဏ္ဍနှင့် မိမိလုပ်ငန်းကို သဘောမပေါက်ဘဲ စည်းဘောင်ပြင်ပ ကျော်လွန်ရောက်ရှိကုန်ပြီး အားပြိုင်လိုက်သော အနေ အထားသို့ရောက်ရှိသွားကာ အပြန်အလှန်လွှမ်းမိုးနိုင်ရေးသို့ ရောက်ရှိသွားတော့သဖြင့် မဖြစ်သင့်သော ပဋိ ပက္ခဖြစ်ပွားရတော့၏။ မိမိတာဝန်၊ မိမိအလုပ်၊ မိမိနေရာ မသိခြင်းပြဿနာဖြစ်သည်။ မိမိနေရာ နေကြပါ။

ကျွန်တော်တို့သည် နံပါတ်စဥ်များ မှားတပ်နေကြသည်ဟုဆိုရမည်ဖြစ်၏။ နံပါတ်စဥ်များရောထွေးနေ၏။ အရောင်မတူ​ပါက ခွဲခြားရန်လွယ်ကူမည်ဖြစ်သော်လည်း  နံပါတ်များအားလုံးမှာ အရောင်တူနေကြသဖြင့်  နေရာတကျပြန်လည်  ချထားရန်ခက်ခဲနေချေပြီ ဖြစ်၏။ နုပျိုငယ်ရွယ်၍ မျက်စိအမြင်အားကောင်းသောလူငယ်များ၊ အစဥ်လိုက်ကိန်းဂဏန်းကို တတ်အပ်သိသော ပညာတတ်လူငယ်များက နံပါတ်များကို နေရာမှန် အစဥ်လိုက်ပြန်လည် တပ်ကြရန် မျှော်လင့်မိပါသည်။ အမြင်စွမ်းအားနည်းပါးလာပြီး မျက်စိမှုန်နေပြီဖြစ်သော လူကြီးများ၏ တုန်ရင်သောလက်ချောင်းများဖြင့်မှားမှားယွင်းယွင်း၊ ရောရောထွေးထွေးတပ်ထားသော ကိန်းဂဏန်းနံပါတ်စဥ်များကို နေရာ တကျ ပြန်လည်ချမှတ်ကြရန်လိုအပ်သည်။ ခေတ်သစ်လူငယ်များအတွက် ကြီးမားသောစိန်ခေါ်မှုကို တမင်တကာစမ်းသပ်ထားသည်ဟုလည်း ခံယူထားရပေမည်။ မျိုးဆက်သစ်လူငယ်ခေါင်း ဆောင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသံတိတ်ဖြင့် သွေးအေးအေး၊ ခေါင်းအေးအေးထားကာ သတ္တိရှိရှိ ဆောင်ရွက်၍ စကားကျယ်ကျယ်မပြောရ။ 

Credit : Zalen မှ ကူးယူဖော်ပြပါသည်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar