Breaking News

မြန်မာနိုင်ငံက လူငယ်တွေရဲ့ ဒုက္ခကို ဘယ်လိုကူညီနိုင်မလဲ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၂၄ မြင်ကွင်း

(မိုးမခ) မတ် ၂၅၊ ၂၀၂၄

မြန်မာနိုင်ငံက လူငယ်တွေရဲ့ ဒုက္ခကို ဘယ်လိုကူညီနိုင်မလဲ

မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ ဒုက္ခတွေက လူတန်းစားအသီးသီး အလွှာအသီးသီးမှာ သူ့ဟာနဲ့ သူ ရှိနေကြတာပါ။ မကြာခင် ရက်ပိုင်းအတွင်း ဗြိတိသျှ နိင်ငံခြားရေး ဝန်ကြီး မှတ်ချက်ပြုသလို အဖွဲ့ပေါင်းစုံ၊ ဘက်ပေါင်းစုံပါဝင်တဲ့ ပြည်တွင်းစစ်မီး တောက်လောင်နေပြီ ဆိုတဲ့ မြန်မာနိုင်ငံမှာ ကျေးရွာတွေမှာနေတဲ့ လူထုအနေနဲ့ အသက်အန္တရာယ်နဲ့ ပိုင်ဆိုင်မှု အားလုံးဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိသလို နယ်မြို့တွေမှာနေတဲ့ သူတွေလည်း အသက်အန္တရာယ် နဲ့ နေအိမ်တွေ မီးလောင်၊ ပျက်စီးဆုံးရှုံးတာတွေ ခံရနိုင်တာဖြစ်ပါတယ်။ မြို့ကြီးတွေမှာ နေထိုင်ကြတဲ့ လူထုအနေနဲ့တော့ ဖမ်းဆီးခံရနိုင်တာ၊ စစ်ဆေးရေး ဂိတ်တွေ၊ ညဧည့်စာရင်းစစ်တာတွေမှာ အဆင်မသင့်တာနဲ့ မတရား ငွေညှစ်တာ၊ ရိုက်နှက်တာတွေ ခံရနိုင်တဲ့ အန္တရာယ်၊ စားဝတ်နေရေးအတွက် အဆမတန်မြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေအကြား အသက်ရှင်သန် နေထိုင်နိုင်ဖို့ ရုန်းကန်ကြရတာတွေ ကြုံနေကြရပြီး အခုနောက်ဆုံး ဖေဖေါ်ဝါရီ လဆန်းမှာတော့ စစ်မှုမထမ်း မနေရ ဥပဒေနဲ့ တနိုင်ငံလုံးက စစ်ကောင်စီအုပ်ချုပ်ရေး လက်လှမ်းမှီတဲ့ဒေသတွေမှာ နေထိုင်သူအားလုံး စစ်မှုထမ်း ခေါ်ခံရမယ့် စိုးရိမ်မှုက ထပ်ဆင့်တိုးမြင့်လာခဲ့တာ ဖြစ်ပါတယ်။ 

နဂိုကတည်းက ရှိနေပြီးသား ဒုက္ခတွေအပေါ်ကို စစ်မှုမထမ်းမနေရ ဆိုတဲ့ စစ်ကောင်စီရဲ့ နောက်ထပ် ဒုက္ခကြီးတခုကို အပေါ်ဆုံးက ထပ်ဆင့်တင်လိုက်တဲ့အခါ လူထုရဲ့ ဘဝတွေက ရှိသမျှ ကျန်သမျှ ငွေကြေး၊ ပိုင်ဆိုင်မှုတွေ ထုခွဲ၊ ချေးငှားပြီး သားတွေ သမီးတွေကို စစ်မှုထမ်းနဲ့ လွတ်ရာလွတ်ကြောင်း ပို့ကြဖို့ ကြိုးစားနေကြတာတွေ ပတ်ဝန်းကျင်မှာ နေရာတိုင်းတွေ့နေရပြီ ဖြစ်ပါတယ်။ 

စစ်မှုဘာကြောင့် မထမ်းချင်ကြလဲ လို့မေးရင် အခုလို တိုင်းရင်းသား အချင်းချင်း၊ တိုင်းရင်းသား တမျိုးနဲ့ တမျိုး သို့မဟုတ် လူမျိုးစုတစုထဲမှာ နိုင်ငံရေးအယူအဆ မတူကွဲပြားတဲ့ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မှာ နာမည်ဆိုးနဲ့ လူအများသတ်မှတ်ထားကြတဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ထဲဝင်ရောက်ရမယ့် အဖြစ်က ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ကိုယ်ဖျက်ဆီးသလို ဖြစ်စေတယ်လို့ ခံယူထားကြတာ နံပါတ် ၁ အချက်ဖြစ်ပါတယ်။ 

ဒုတိယအနေနဲ့ က အခုလို လူမုန်းအများဆုံး၊ နာမည်အပျက်ဆုံး စစ်ကောင်စီရဲ့ တပ်တွေက စစ်မျက်နှာအများအပြားမှာ ထိခိုက်သေဆုံးမှု အများအပြားနဲ့ ရှုံးနေတဲ့ ကာလမှာ စုဆောင်းခံရတဲ့ စစ်သားတွေ အနေနဲ့ အသက်ဆုံးရှုံးနိုင်ခြေက ၇၀ ရာနှုန်းလောက်ရှိ နေတာကြောင့် စစ်သားစုဆောင်းခံရတဲ့ အနေအထားရောက်ရင် အသက်ရှင်လျှက်ပြန်လာဖို့ အခွင့်အလမ်း အနည်းငယ်သာရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လူ့အသက်လည်းဆုံးရုံသာမက ဂုဏ်သိက္ခာပါ ဆုံးရှုံးရမယ့် အခြေအနေမျိုးကို စစ်တပ်ကို ထောက်ခံသူ မိသားစုတွေတောင် စစ်မှုထမ်းအဖြစ်ကနေ တိမ်းရှောင်ဖို့ ကြိုးစားနေကြတာကို ကြည့်ရင် သိနိုင်ပါတယ်။ 

တိုင်းပြည်ကနေ ထွက်ခွာဖို့ ကြိုးစားနေကြသူတွေ နေ့စဥ် အုံးအုံးကျွက်ကျွက်နဲ့ နိုင်ငံကူးလက်မှတ် ရဖို့ ကြိုးစားနေကြတာ၊ ထိုင်းနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာလျှောက်တဲ့နေရာမှာ အုတ်အောင်သောင်းနင်း ဖြစ်နေကြတာ၊ ရန်ကုန်လေဆိပ်မှာ ဘယ်တော့ ပြန်လာနိုင်မယ်ဆိုတာ မမှန်းဆနိုင်တဲ့ မိသားစုဝင်တွေကို လိုက်ပို့ကြတဲ့ မြင်ကွင်းတွေ နေ့စဥ် ကြားသိ၊ မြင်တွေ့နေရတာ ဖြစ်ပါတယ်။ 

စစ်မှုမထမ်းလိုတဲ့ လူငယ်တိုင်း ထိုင်းနိုင်ငံကို ထွက်ခွာနိုင်ကြသလားလို့ မေးရင် အဲလိုအခြေအနေမျိုးတော့ မဟုတ်ဘူးလို့ပဲ ဆိုရမှာပါ။ စစ်မှုထမ်းဖို့ အသက်အရွယ်အရ အကျုံးဝင်သူ ကျားရော မ ပါ ၁၃ သန်းကျော် ရှိတဲ့အနက် အမျိုးသမီးဦးရေ ဖယ်ထားခဲ့ရင် အမျိုးသားဦးရေ ၆ သန်း လျော့လျော့မှာ လေဆိပ်ကနေ တရားဝင်သွားနိုင်တဲ့ သူက အများဆုံး သိန်းဂဏန်း အနည်းငယ်မျှသာ ဖြစ်ပါလိမ့်မယ်၊ ကျန်တဲ့အရေအတွက်တွေထဲက သောင်းနဲ့ ချီတဲ့အရေအတွက်က တရားမဝင်ဖြစ်စေ နယ်စပ်ကတဆင့် ရွှေ့ပြောင်းအလုပ်သမား အနေနဲ့ တရားဝင်၊ တရားမဝင် သွားရောက်ကြမယ်လို့ မှန်းဆရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ အနက် အများဆုံးသွားရောက်ကြတဲ့ ထိုင်းနိုင်ငံဘက်ကလည်း တရားဝင် လာရောက်သူတွေကိုသာ လက်ခံနိုင်မယ့် အနေအထားဖြစ်ပြီး တရားမဝင် နယ်စပ်က ခိုးဝင်သူတွေကို ကာကွယ်ဖို့ ဝန်ကြီးချုပ်ဖြစ်သူက မကြာသေးခင်က ညွှန်ကြားထားတာ ဖြစ်ပါတယ်။ 

အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားဝင်၊ တရားမဝင် သွားရောက်သူအရေအတွက်ထက် သိသိသာသာ နည်းပါးတဲ့ အရေအတွက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေဆီ ခိုလှုံပြီး လက်နက်ကိုင် တပ်ဖွဲ့တွေထဲ ဝင်ရောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့လည်း သောင်းနဲ့ သိန်းနဲ့ချီ ဝင်ရောက်လာမယ်ဆိုရင်တောင် ရိက္ခာ၊ လက်နက်၊ စတဲ့ ပစ္စည်းတွေ လုံလောက်အောင် ထောက်ပံ့ပေးဖို့ မလွယ်ကူ တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီလို ရွေးချယ်စရာ နည်းလမ်းတွေ အမျိုးမျိုးရှိတဲ့အနက် မိမိတို့ မိသားစု အနေအထား နောက်ခံအနေအထား အရ ပြည်ပလည်း မထွက်နိုင်၊ ပြည်တွင်းမှာလည်း စစ်မှုထမ်းဥပဒေအရ အခေါ်မခံချင်တဲ့ လူငယ်တွေလည်း အများအပြား ရှိနေကြမှာ ဖြစ်ပါတယ်။  လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်တွေကနေ နုတ်ထွက်ကြပြီး စစ်ကောင်စီရဲ့ စုဆောင်းခံရမှုကနေ လွတ်မြောက်ဖို့ ကြိုးစားကြမယ့်သူတွေ အများအပြားရှိနေပြီး လူမှုအသိုင်းအဝိုင်းမှာ လှုပ်ခတ်နေတဲ့အနေအထား ဖြစ်ပါတယ်။ 

အခုလို အနေအထားမှာ စစ်မှုမထမ်း ချင်တဲ့ လူငယ်တွေကို ဘာလုပ်ပါဆိုတဲ့ တခုထည်းသော အကြံဉာဏ်က ပေးဖို့ မလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ်။ တဦးချင်းရဲ့ နောက်ခံ အခြေအနေ၊ ဆန္ဒတို့အပေါ် မူတည်ပြီး ရွေးချယ်ကြရမယ့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ စစ်သား စုဆောင်းမှုကို မခံရဖို့ တိမ်းရှောင်သူတွေကို စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ထဲ ဝင်ဖို့ သိမ်းသွင်းခြင်းက တဖက်မှာ တော်လှန်ရေးအတွက် အကျိုးရှိဖို့ ရည်ရွယ်ချက်ကောင်းပေမယ့် ကာယကံရှင်ရဲ့ ဆန္ဒအရသာ ဖြစ်သင့်ပြီး အခက်အခဲအကျပ်အတည်းမှာ အခွင့်ကောင်းယူ စုဆောင်းတာမျိုးက နည်းနာအမှား ဖြစ်နေတာပါ။ 

သောင်းနဲ့ သိန်းနဲ့ ချီဝင်ရောက်လာခဲ့ရင်လည်း ဒီတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လက်ခံနိုင်တဲ့ အနေအထားမရှိတာကြောင့် ဒီလိုနည်းလမ်းမျိုး မလုပ်သင့် မလိုအပ်တဲ့ အနေအထားဖြစ်ပါတယ်။ 

လောလောဆယ် ရပ်ကွက်တွေ မှာ စာရင်းကောက်ယူလာနေပြီ ဖြစ်လို့ ဘာလုပ်ရမလဲ၊ ဘယ်သွားရမလဲ ဆုံးဖြတ်ရခက်ခဲနေတဲ့ သိန်းနဲ့ချီတဲ့ လူငယ်တွေကို ကူညီစဥ်းစားပေးဖို့ ၊ မှန်ကန်တဲ့ သတင်းအချက်အလက် ကူညီပံ့ပိုးပေးဖို့ လုပ်နိုင်တဲ့သူတွေ လုပ်ပေးကြဖို့ အရေးကြီးလှပါတယ်။

အသက်အရွယ်အားဖြင့် တက်ကြွဆုံးအရွယ်၊ ရုပ်ပိုင်း နဲ့ စိတ်ပိုင်းဆိုင်ရာ အင်အားအပြည့်နဲ့ တက်ကြွဆုံးအရွယ် လူငယ်တွေ သူတို့ ဆုံးဖြတ်ချက် မှန်ကန်စွာချနိုင်ဖို့ နယ်ပယ်အသီးသီးက အဖွဲ့အစည်းအသီးသီးက တာဝန်ရှိပါတယ်။ 

စစ်ကောင်စီ မကောင်းတဲ့အချက်ကို ထပ်မံ သက်သေထူရုံ၊ ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်မှတ်တားတဲ့သူတွေ အခု ကိုယ်ထိတော့မှ ပူမှန်းသိပြီလားဆိုတဲ့ အပြစ်တင်မှုမျိုးတွေ ပြောဆိုတာမျိုး မဟုတ်ဘဲ လူငယ်တွေကို မှန်ကန်တဲ့ ရွေးချယ်မှု ရွေးချယ်နိုင်ဖို့ ကူညီခြင်းသည်သာ အဖြေဖြစ်တယ်လို့ ဆိုချင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar