Breaking News

NCA လက်မှတ်ထိုး EAO အချို့ရဲ့ အစည်းအဝေး ထိုင်းမှာကျင်းပ

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၁၇ မြင်ကွင်း

(မိုးမခ) မတ် ၁၈၊ ၂၀၂၄

NCA လက်မှတ်ထိုး EAO အချို့ရဲ့ အစည်းအဝေး ထိုင်းမှာကျင်းပ 

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားတာ ၁၀ ဖွဲ့ရှိတဲ့အနက် ၇ ဖွဲ့က ကိုယ်စားလှယ်တွေ ခုရက်ပိုင်းအတွင်း ချင်းမိုင်မြို့မှာ မျက်နှာစုံညီ အစည်း အဝေးလုပ်နေကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ၈ ဖွဲ့လက်မှတ်ထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ နောက်ထပ် ၂ ဖွဲ့ က်မှတ်ထိုးခဲ့တဲ့ အတွက် စုစုပေါင်း ၁၀ ဖွဲ့ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေထဲက ၇ ဖွဲ့က တက်ရောက်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ ABSDF, CNF နဲ့ KNU တို့ကတော့ စစ်အာဏာသိမ်းပြီးနောက်မှာ NCA ပျက်ပြယ်တဲ့ သဘောမျိုး မှတ်ယူပြီး စစ်ကောင်စီက ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုလည်း တက်ရောက်တာ မရှိတော့ပါဘူး။ အခု အစည်းအဝေးက စစ်ကောင်စီနဲ့ သက်ဆိုင်ခြင်းမရှိဘဲ NCA လက်မှတ်ထိုး လက်နက်ကိုင် အဖွဲ့တွေ စုစည်းဖွဲ့စည်းထားတဲ့ NCA EAO လို့ ခေါ်ဆိုတဲ့ အဖွဲ့က စီစဥ်ဖိတ်ကြားကာ ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။ 

NCA ပျက်ပြယ်ပြီး၊ မပျက်ပြယ်သေးဘူးဆိုတဲ့ သဘောထားကွဲလွဲမှုတွေလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲမှာတင် ရှိနေကြပြီး ပြီးခဲ့တဲ့ နှစ်တွေမှာ စစ်ကောင်စီက ဖိတ်ကြားတဲ့ အစည်းအဝေးတွေကို တက်ရောက်တဲ့ ကိစ္စ၊ တွေ့ဆုံစကားပြောဆိုတဲ့ ကိစ္စတွေအပေါ် လက်နက်ကိုင် အဖွဲ့အစည်းတခုအတွင်းမှာကို သဘောမတူကွဲလွဲကြတဲ့ အမြင်တွေ ကျင့်သုံးမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခင် ကေအန်ယူ ဥက္ကဋ္ဌဖြစ်သူ စောမူတူးဆေးဖိုး အနေနဲ့ စစ်ကောင်စီက ဖိတ်ကြားတဲ့ NCA နှစ်ပတ်လည် အခမ်းအနားလိုမျိုးမှာ တက်ရောက်ခဲ့တဲ့ အဖြစ်အပျက်တွေ ရှိခဲ့တာဖြစ်ပါတယ်။ မကြာသေးတဲ့ သီတင်းပတ် အနည်းငယ်က စတင်ပြီး စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ အနေနဲ့လည်း ပြီးခဲ့တဲ့နှစ်တွေက စစ်ကောင်စီက ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်ရောက်ခဲ့ပြီး မကြာခင်ကမှ လက်နက်ကိုင် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အခု လက်ရှိအစည်းအဝေး တက်ရောက်တဲ့ အဖွဲ့တွေအနက် RCSS/SSA လို့ ခေါ်ဆိုတဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်တဲ့ အဖွဲ့က လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ အင်အားအကြီးမားဆုံး အဖွဲ့လို့ ဆိုနိုင်ပါတယ်။ ဒီမျက်နှာစုံညီ အစည်းအဝေးကို ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး NCA လက်မှတ်ထိုး အဖွဲ့တွေ အနေနဲ့ ဘုံအရေးကိစ္စတွေ ဆွေးနွေးကြမယ်လို့ မှန်းဆရပါတယ်။ အစည်းအဝေးရဲ့ သဘာပတိဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရွက်စစ်က အဖွင့်မိန့်ခွန်းပြောဆိုရာမှာ NCA လက်မှတ်ထိုးထားတဲ့ အီးအေအိုတွေ အနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေး စနစ်နဲ့ စတင်အုပ်ချုပ်ဖို့ ဆိုပြီး ရည်ညွှန်းပြောဆိုသွားတဲ့ အပေါ် သတင်းမီဒီယာတွေက အလေးထား အဓိပ္ပာယ်ဖွင့်ဆိုနေကြတာလည်း ဖြစ်ပါတယ်။ အခုတက်ရောက်လာကြတဲ့ အဖွဲ့ ၇ ဖွဲ့အနက် အချို့သော အဖွဲ့တွေအနေနဲ့ ထိန်းချုပ်နယ်မြေ ကျယ်ကျယ်ဝန်းဝန်းမရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်ပြီး ၄င်းတို့ လူမျိုးစုတွေထဲမှာ အခြားသော လက်နက်ကိုင် အဖွဲ့တွေရှိနေတာ၊ နယ်မြေအများစုကို ထိန်းချုပ်ထားတာ လည်း တွေ့ရမှာဖြစ်ပါတယ်။ 

အခု တက်ရောက်တဲ့ ၇ ဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသား နယ်မြေတွေမှာ စစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲ၊ နယ်မြေ ထိန်းချုပ်မှု အခြေအနေ အပြောင်းအလဲတွေ ကြီးကြီး မားမား ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေက အခုလက်နက်ကိုင် ၇ ဖွဲ့ကို မျက်နှာစုံညီအစည်းအဝေး ကျင်းပဖို့ နှိုးဆော်စေသလားလို့လည်း ကောက်ချက်ချနိုင်ပါတယ်။ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ကောင်စီထိန်းချုပ်နယ် မြေ အများအပြားကို တိုင်းရင်းသားလက်နက်ကိုင်တွေက သိမ်းယူထိန်းချုပ်နိုင်ခဲ့ပြီး အဲဒီဒေသတွေမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးတွေစတင်နေပြီဖြစ်လို့ NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက် ကိုင်တွေအနေနဲ့ အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေနဲ့ လိုက်ဖက်ညီတဲ့ နိုင်ငံရေးခြေလှမ်း လှမ်းကြမယ့် သဘောမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကိုးကန့်ဒေသ၊ တအာန်းပလောင် ဒေသနဲ့ ရခိုင်ဒေသတွေမှာ စစ်ကောင်စီ ထိန်းချုပ်ခဲ့တဲ့ နယ်မြေတွေကို မကြာသေးတဲ့လပိုင်းအတွင်း သိမ်း ယူနိုင်ခဲ့တဲ့နောက် ၄င်းတို့ကိုယ်ပိုင် အုပ်ချုပ်ရေးတွေ စတင်နေကြတာဖြစ်လို့ NCA လက်မှတ်ထိုး လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့အနေနဲ့လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးတခုကို ခြေလှမ်းလှမ်းကြမယ့်သဘောလို့ ယူဆရပါတယ်။ နကိုကတည်းကလည်း မိမိတို့နယ်မြေတွေမှာ လက်နက်ကိုင်အဖွဲ့တွေက အုပ် ချုပ်နေပြီးသားဖြစ်လို့ အခုလိုကိုယ်ပိုင်အုပ်ချုပ်ရေးက ဘာထူးခြားလာမလဲဆိုတဲ့မေးခွန်းလည်း ရှိနိုင်ပါတယ်။ RCSS၊ MNSP၊ DKBA၊ KNU/KNLA (PC)၊ PNLO တို့အနေနဲ့ ယခုလို စစ်ကောင်စီက စစ်ရေးအရ ထိန်းချုပ်ထားနိုင်တဲ့အင်အား သိသိသာသာလျော့ကျလာချိန်မှာ ထိန်းချုပ်ပြီးသားနယ်မြေတွေရဲ့ နိုင်ငံရေးအရ တရားဝင်မှုကို ပိုမိုမြင့်မားလာအောင်ကြိုးပမ်းကြတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ NCA လက်မှတ်ထိုး ၇ ဖွဲ့အကြား စုဖွဲ့မှုပုံစံသစ်နဲ့ ဖွဲ့စည်းပုံစည်းမျဥ်းတွေကိုအဆို ပြုပြီး အတည်ပြုသွားဖို့လည်း RCSS ဥက္ကဋ္ဌဖြစ်သူက အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားတယ်လို့ သတင်းထဲ ပါရှိပါတယ်။ 

ယခင်စစ်အာဏာမသိမ်းမီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဖွဲ့စည်းမှုပုံစံအမျိုးမျိုး ရှိခဲ့ပြီး နိုင်ငံရေးအခြေအနေအပြောင်းအလဲ၊ အင်အားစုတွေတိုးလာတဲ့အချက်၊ နယ်နိမိတ်ချင်းထိစပ်နေတဲ့အိမ်နီးချင်းနိုင်ငံရဲ့ သြဇာ စတာတွေအပေါ်မူတည်ကာ တဆင့်ပြီးတဆင့်ပြောင်းလဲခဲ့တာ တွေ့ရမှာပါ။ 

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ ပါဝင်ဖွဲ့စည်းခဲ့တဲ့ UNFC လို့ ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီဟာ ၂၀၁၅ ခုနှစ်လောက်ထိ အပစ်ရပ်ရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အဓိကကျတဲ့အဖွဲ့ချုပ်တခုဖြစ်ခဲ့ပြီး အဲဒီကာလမှာပဲ ၂၀၁၃ ခုနှစ် လိုင်ဇာညီလာခံကနေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာအဖွဲ့ (Nationwide Ceasefire Coordination Team – NCCT) UNFC အဖွဲ့ဝင် ၁၂ ဖွဲ့အပြင် အခြားအဖွဲ့တွေပါ ပါဝင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅ ခုနှစ်မှာ UNFC ထဲက မြန်မာနိုင်ငံ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တချို့ နှုတ်ထွက်ကြပြီး FPNCC လို့ အတိုကောက်ခေါ်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေး ကော်မတီအဖွဲ့ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ မတူညီတဲ့ရပ်တည်ချက်တွေ က ပေါ်လွင်ထင်ရှားလာပြီး NCA လက်မှတ်ထိုးအဖွဲ့တွေ အကြားစုစည်းမှုတခုအနေနဲ့ PPST လို့ခေါ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ ထပ်မံဖွဲ့စည်း ခဲ့ကြတာ ဖြစ်ပါတယ်။ 

အထက်ကအဖွဲ့အစည်းတွေ အသစ်ထွက်ပေါ်လာလိုက် စုစည်းမှုပုံစံပြောင်း ရပ်တည်ချက်ပြောင်း လဲပြီး အဖွဲ့အစည်းအသစ်ထပ်မံဖွဲ့စည်း လှုပ်ရှားလိုက် ဖြစ်လာခဲ့တာ ပြီးခဲ့တဲ့ဆယ်စုနှစ်တခုကျော်ကာလအတွင်း တွေ့ရမှာ ဖြစ်ပါတယ်။ အခု NCA EAOs အဖွဲ့တွေရဲ့ စုစည်းမှု ပုံစံသစ်၊ ဖွဲ့စည်းပုံစည်းမျဥ်းသစ်တွေ ပေါ်ထွက်အောင် ကြိုးပမ်းမယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးရွက်စစ်ရဲ့ အဖွင့်မိန့်ခွန်းစကားက အထက်မှာဆိုခဲ့သလို ခေတ်ကာလအခြေအနေနဲ့ လိုက်ဖက်ညီမယ့်အဖွဲ့သစ်တဖွဲ့ ထပ်မံဖွဲ့စည်းထာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar