Breaking News

ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်သည့် လူသားချင်းစာနာမှုအကူအညီ

ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်သည့် လူသားချင်းစာနာမှုအကူအညီ

သီအိုဇော် ၊ (မိုးမခ) မတ် ၁၈ ၊ ၂၀၂၄

စစ်မီးတောက် ပိုကြီးမားလာတာနဲ့အမျှ အသက်အန္တရာယ်ကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာရတဲ့ ပြည်သူတွေ ပိုများလာကြတာက ရှောင်လွှဲမရနိုင်သလို၊ ဘက်ပေါင်းစုံက အကူအညီတွေလည်း ပိုလိုအပ်လို့ လာပါတယ်။ လူသားစာနာ ကူညီရေးအစီအစဉ်ကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခြင်း ဆိုတာမျိုးက နွေဦးတော်လှန်ရေးကို တ ဖက်တလမ်းက အထောက်အကူပြုရာလည်း ရောက်ပါတယ်။

ထိုင်းနိုင်ငံဘက်က အဆိုပြု အကောင်အထည်ဖော်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး စင်္ကြံအပေါ် အမြင်အမျိုးမျိုးနဲ့ တုံ့ပြန်ကြတာကို တွေ့ရပါတယ်။ အခုကာလက အရေးတကြီး အကူအညီ လိုအပ်နေတဲ့အချိန် ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ရည်ရွယ်ချက်အခြေခံတဲ့ စိတ်ရင်း စေတနာမှန်နဲ့ ကူညီပံ့ပိုးရေး အစီအစဉ် မှန်သမျှကို အပြုသဘောနဲ့ မြင်နိုင်တယ်လို့ပဲ ဆိုချင်ပါတယ်။ တချိန်တည်းမှာ အများသူငါလိုပါပဲ ဒေတာ အချက်အလက် လုံခြုံမှုကအစ၊ အမှန်လိုအပ်တဲ့သူတွေလက်ထဲ တကယ်ရော ထိထိရောက်ရောက် ရောက်ရှိသွားနိုင်ပါ့မလား ဆိုတဲ့ အတွေးမျိုးကတော့ ရှိနေပါတယ်။

မပြတ်ပေါ်ပေါက်နေတဲ့ နိုင်ငံတကာပဋိပက္ခများမှာ လုပ်ဆောင်ရင်း တွေ့ကြုံရတဲ့ သင်ခန်းစာတွေကို ရယူပြီး လူသားစာနာကဏ္ဍ ကူညီရေးတွေ ဆက်လက်ဆောင်ရွက်နေကြပေမယ့်လည်း၊ မြေပြင်လက်တွေ့ လုပ်ဆောင်မှု တွေက လစ်ဟာချက်တွေ ရှိနေဆဲပါ။ ဒါ့ကြောင့် ထိုင်းအစိုးရနဲ့ အာဆီယံ (AHA Centre) တို့ ကမကထ ပြုကြတဲ့ ဒီအစီအစဉ်မှာလည်း အားမရစရာတွေနဲ့ ကြုံလာရဦးမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီကနဦးခြေလှမ်းက နိုင်ငံတကာအတွက် မြန်မာ့အရေးကို ပိုအာရုံစိုက်စရာလည်း ဖြစ်လာနိုင်ပါတယ်။

တလက်စတည်း အံ့ဩနေမိတာက မြန်မာနိုင်ငံရဲ့  ပြဿနာရေသောက်မြစ်ကို ဖြေရှင်းဖို့အရေးမှာ အာဆီယံ လက်ထဲ ဝကွက်ထားကြသလိုမျိုး၊ လူသားစာနာအကူအညီကိုလည်း အာဆီယံအဝန်းအဝိုင်းကိုပဲ ပုံအပ်ထားလိုက်ပြန်တာလားလို့ တွေးတောစရာ ဖြစ်လာတာကိုပါ။

ပုံမှန်အားဖြင့်က အခုလို လူသားစာနာ အရေးကိစ္စမျိုးမှာ ကုလသမဂ္ဂအနေနဲ့ ကမကထပြု ရှေ့တန်းက ပါဝင်တတ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအရေးမှာတော့ UNOCHA ပုံမှန် ထုတ်ပြန်တဲ့ နိုင်ငံတကာက လျစ်လျူရှုမရနိုင်တဲ့ ကိန်းဂဏန်းတွေ ပြုစုတာ၊ ကုလအေဂျင်စီများရဲ့ ပုံမှန်လုပ်ငန်းဆောင်တာများကလွဲရင်၊ ထူးခြားတက်ကြွတဲ့ အခန်းကဏ္ဍကနေ ဦးဆောင်မှုပေးတာမျိုး မတွေ့ရဘူးလို့ပဲ ယူဆမိပါတယ်။

ယူအန်အဖွဲ့အစည်းရဲ့  ဆောင်ရွက်နေမှုတွေကို အပြင်လူများအနေနဲ့ မှန်းဆရခက်တဲ့အတွက်ကြောင့် များလားလို့ တွေးကြည့်မိပါသေးတယ်။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ချားလ်စ် ပက်ထရီ (Sir Charles Petrie)ရဲ့ ဧရာဝတီ သတင်းဌာနနဲ့ အင်တာဗျူးမှာ ပေးခဲ့တဲ့ မှတ်ချက်အရဆိုရင် လူသားစာနာ အစီအစဉ်အပါအဝင် လက်ရှိမြန်မာ့အရေးမှာ ကုလသမဂ္ဂ ဆောင်ရွက်နေတာတွေအပေါ် သူ ကိုယ်တိုင် အကောင်းမြင်စရာ မရှိ၊ ကျေနပ်စရာမရှိဘူးလို့ နားလည်ခဲ့ရပါတယ်။

ဒီအချက်ကိုထောက်ရင် ကုလသမဂ္ဂရဲ့ လူသားစာနာအရေး ဆောင်ရွက်နေမှုဟာ အံ့အားသင့်စရာ ဆိုတာထက် စိတ်ပျက်စရာလို့တောင် ပြောရမလိုပါ။ စစ်ရှိန်မြင့်တက်လာတာနဲ့အမျှ တနိုင်တပိုင် ထိုင်း-အာ ဆီယံ လူသားစာနာ အစီအစဉ်က အရာမထင်နိုင်တဲ့ အခြေအနေ ရောက်သွားနိုင်တာကို ကုလသမဂ္ဂလို အဖွဲ့အစည်းက မသိနိုင်စရာ မရှိပါဘူး။ သိကြရဲ့သားနဲ့ ဦးဆောင်ဦးရွက် ပြုရမယ့် နေရာကို ဝင်မယူတာကတော့ မေးခွန်းထုတ်စရာပါ။

ကုလသမဂ္ဂအနေနဲ့ လူသားစာနာ အစီအစဉ်‌တွေမှာ အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ တာဝန်ယူဆောင်ရွက်လေ့ရှိတဲ့ အထဲက အရေးကြီးတဲ့ နယ်စပ်ဖြတ်ကျော် လူသားစာနာ ပရိုဂရမ် နမူနာအချို့ကို ကောက်နုတ် ဖေါ်ပြလိုပါတယ်။

နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု လွန်စွာရခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ် အကြောင်းကနေ စတင်ပါမယ်။ လူသား စာနာမှု အကူအညီ လွန်စွာလိုအပ်ကြတဲ့ ဆီးရီးယား ပြည်သူ သန်းပေါင်းများစွာ ရှိပါတယ်။ ၂၀၁၄ ခုနှစ်က ‘ဆီးရီးယား နယ်စပ်ဖြတ်ကျော် လူသားစာနာရန်ပုံငွေ’ အစီအစဉ်(Syria Cross-border Humanitarian Fund)ကို ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၁၃၉နဲ့ ၂၁၆၅ တို့အရ တည်ထောင်ပေးခဲ့ပါတယ်။

ဒီလိုပါပဲ၊ ၁၉၈၂ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကနေ ၂၀၀၁ ခုနှစ် ဒီဇင် ဘာလအထိ သက်ဝင်ခဲ့တဲ့ ကုလသမဂ္ဂ နယ်စပ် ကယ်ဆယ်ကူညီရေး အစီအစဉ် (United Nations Border Relief Operation- UNBRO)ကိုလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၃၄/၂၂ နဲ့ ဖွဲ့စည်းပေးခဲ့တာပါ။ အထွေထွေအတွင်းရေးမှူးချုပ်က UNBRO အတွက် အထူးကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးခဲ့သလို ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး နေရပ်စွန့်ခွာ စစ်ရှောင် ကမ္ဘောဒီးယား ပြည်သူများအတွက် ထိုင်းနိုင်ငံတွင်းမှာ စခန်းများတည်ဆောက် ကူညီပေးခဲ့ပါတယ်။

အဲဒီအချိန်က UNOCHA မဖွဲ့စည်းရသေးပါဘူး၊ UNHCRက တတိယနိုင်ငံကို ပြောင်းရွှေ့ခွင့်ရတဲ့ ဒုက္ခသည်များ အရေး ဆောင်ရွက်ပြီး UNBRO ကတော့ စစ်ဘေးရှောင်အရေးကိစ္စ တာဝန်ယူကြတဲ့ သဘောပါ။ ယူအက်စ် ဆီးနိတ်ကို တင်သွင်းတဲ့ အစီရင်ခံစာတခုမှာ UNBRO စခန်းတွေမှာ ကူညီကယ်ဆယ်ထားခဲ့တဲ့ စစ်ဘေးရှောင် အရေအတွက်က UNHCRစခန်းတွေက (ဒုက္ခသည် + စစ်ဘေးရှောင်)စုစုပေါင်းထက် အဆ ၂၀ လောက် ပိုများတာကို သတိပြုမိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် UNBRO နယ်စပ်ဖြတ်ကျော် လူသားစာနာ အစီအစဉ် ဘယ်လောက် ကြီးမားခဲ့၊ အရှိန်အဟုန်ရခဲ့တယ် ဆိုတာကို သိသာစေပါတယ်။

ဒီဆီးရီးယားနဲ့ ကမ္ဘောဒီးယား အစီအစဉ်တွေဟာ ကုလသမဂ္ဂ ကမကထပြုတဲ့ အစီအစဉ်တွေဖြစ်လို့ ဗျူရိုကရေစီယန္တရားအောက်မှာ လည်ပတ်ကြရပြီး ကြိုးနီစနစ်တွေ ဖြတ်သန်းလုပ်ဆောင်ရတဲ့ အားနည်းချက်များ ထုံးစံအတိုင်း ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ ကောင်းကွက်တခုက ယူအန်ပါဝင်ပတ်သက်မှုကြောင့် နိုင်ငံတကာနဲ့ ကုလသမဂ္ဂမျက်နှာစာမှာ အာရုံစိုက်စရာ ဖြစ်နေတာပါ။

ကမ္ဘာရဲ့ အလေးဂရု ပြုစရာ အာဂျန်ဒါထဲက လွတ်ထွက်မသွားဖို့၊ ကုလသမဂ္ဂ စားပွဲပေါ်ကနေ ပျောက်မသွားစေဖို့၊ အခုလို ကုလသမဂ္ဂ ကမကထပြုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ဆက်ရှိနေဖို့က နိုင်ငံတကာ ပဋိပက္ခများအတွက် အရေးကြီးပါတယ်။ တကယ်လို့ ကုလသမဂ္ဂ ကြီးကြပ်မှုအောက်က လူသားစာနာ အစီအစဉ်တွေကို စစ်ကောင်စီဘက်က လိုက်လျောမှုမရှိလို့ မျှော်မှန်းသလောက် ရှေ့ဆက်မတိုးနိုင်ခဲ့ရင်လည်း၊ ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ သရုပ်မှန်ကို ပိုပေါ်လွင်စေပါလိမ့်မယ်။

တနည်းအားဖြင့် ကိုယ့်ပြည်သူတွေအပေါ်  စိတ်ကောင်းစေတနာမှန် မထားရှိနိုင်တဲ့ စစ်ကောင်စီဟာ ကုလသမဂ္ဂမှာ ကိုယ်စားပြုဖို့ မထိုက်တန်တာကို ကမ္ဘာက ပိုသိမြင်သွားစေမှာ ဖြစ်သလို၊ မြန်မာပြည်သူများကိုလည်း ကိုယ်စားမပြုသင့်သူတွေဆိုတာ ပိုထင်ရှားစေမှာပါ။

ကုလသမဂ္ဂ ဦးစီးဦးဆောင်လုပ်တာဖြစ်လို့ ယူအန်ဘတ်ဂျက် အမြောက်အမြား မသုံးစွဲပေးနိုင်ရင်တောင်မှ၊ အလှူရှင် နိုင်ငံတွေ ထည့်ဝင်ဖို့ အဖွဲ့ကြီးအတွင်းမှာ တွန်းအားပို ပေးနိုင်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အလှူငွေအတွက် လော်ဘီလုပ်လို့ ပိုကောင်းပါတယ်။ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ကလည်း သူတို့နိုင်ငံရဲ့ ဘတ်ဂျက်တွေထဲက အလှူပါဝင်မှုများကို ကုလသမဂ္ဂ အစီအစဉ်ထဲ ထည့်ဝင်ရတာက ပွင့်လင်းမြင်သာမှု ရှိတယ်လို့ မြင်ထားကြပါတယ်။ ယူအန်အေဂျင်စီများအနေနဲ့လည်း ကုလသမဂ္ဂထီးရိပ် တခုတည်းအောက်မှာ ရှိတဲ့အတွက် အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှု ပိုမိုလွယ်ကူ ချောမောပါတယ်။

အခုလုပ်ဆောင်မယ့် ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး စင်္ကြံကို အရေးမပါဘူးလို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ မြန်မာပြည်သူတွေ စစ်ရှောင်ကြတဲ့အခါ အိမ်နီးချင်း နယ်စပ်အားလုံးကို ရောက်သွားနိုင်တာကိုလည်း ထည့်တွက်ကြရမှာပါ။ တကယ်လို့သာ ကုလသမဂ္ဂ အစီအစဉ်နဲ့ နယ်စပ်ဖြတ်ကျော် ကယ်ဆယ်ရေးအတွက် သီးသန့်အထူးကိုယ်စားလှယ်မျိုး ထားရှိနိုင်ခဲ့ရင် ကုလသမဂ္ဂရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ကုလသမဂ္ဂ ကိုယ်စားပြုပြီး အိမ်နီးချင်းနိုင်ငံ အားလုံးရဲ့အစိုးရများ၊ အလှူရှင်နိုင်ငံ၊ အေဂျင်စီ အဖွဲ့အစည်းများနဲ့ တိုက်ရိုက်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ပေးနိုင်တဲ့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။

UNBRO ရဲ့ အကူအညီတွေမှာ ကမ္ဘောဒီးယားပြည်သူတွေအတွက်သာ မဟုတ်ဘဲ ပဋိပက္ခရဲ့ ဆိုးကျိုး သက်ရောက်ခဲ့ရတဲ့၊ ဝန်ပိနေတဲ့ နယ်စပ်နေ ထိုင်းလူမျိုးတွေအတွက်လည်း ထည့်သွင်းစဉ်းစားပြီး အကူအညီပေးခဲ့ပါတယ်။  ကုလသမဂ္ဂရဲ့ကြားက ဒီလိုဆောင်ရွက်ပေးနိုင်မှုဟာ စစ်ဘေးရှောင် ကမ္ဘောဒီးယားလူမျိုးများနဲ့ ဒေသခံ ထိုင်းလူမျိုးများကြား ပေါ်ပေါက်လာနိုင်တဲ့ မလိုလားအပ်တဲ့ တင်းမာမှုတွေကိုလည်း ရှောင်ကွင်းပေးနိုင်ရာ ရောက်ပါတယ်။ ဒီလို အရှည်မျှော်ကိုးပြီး စဉ်းစားဆောင်ရွက်တတ်တဲ့ ကုလသမဂ္ဂ အစီအစဉ်မျိုးတွေကနေ အတုယူစရာတွေလည်း ရှိပါတယ်။

ကုလသမဂ္ဂလို အဖွဲ့အစည်းရဲ့ ကြီးကြပ်မှုအောက်မှာလည်း အားနည်းချက်၊ လစ်ဟာချက်၊ ရှုပ်ထွေးမှုများ မကင်းလွတ်နိုင်ပေမယ့် ဒေသတွင်း နိုင်ငံအနည်းအကျဉ်းရဲ့  ညှိနှိုင်းဆောင်ရွက်ချက်ထက်တော့ သာလွန်နိုင်တယ်လို့ တွက်ဆရပါလိမ့်မယ်။

နွေဦးတော်လှန်ရေး အောင်မြင်သွားတဲ့ တနေ့မှာ အသွင်သဏ္ဌာန်သစ်နဲ့ ကိုယ်ထူကိုယ်ထ တော်လှန်ရေးတခုအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ လူသားစာနာအရေးမှာလည်း ယုတ်စွအဆုံး နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှု မျှော်လင့်သလောက် မရရှိခဲ့ရင်တောင် ကိုယ့်အားကိုယ်ကိုးပြီး ပြည်သူချင်း အတတ်နိုင်ဆုံး ဝေမျှကူညီသွားကြမှာပါ။

ဒါပေမဲ့ အခုလိုလူသားစာနာ အကူအညီများအကြောင်း အရေးတယူ ပြောဆိုနေရတာက ပိုပြည့်စုံထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ ရရှိစေလိုတဲ့ ဆန္ဒကြောင့် သာမက၊ မိမိတို့ရဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို စစ်ရေးစစ် ရာဘက်မှာ ပိုမိုသုံးစွဲနိုင်ခွင့် ရှိလာစေဖို့လည်း ရည်ရွယ်ပါတယ်။

ဒီအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ လူသားစာနာ ကူညီမှု အစီအစဉ်တွေကို အရှိန်မြှင့် တောင်းဆိုကြရပါလိမ့်မယ်။ အခုအချိန်မှာ အကျပ်အတည်း ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူများ အနေနဲ့ အထက်က ဥပမာပြခဲ့တဲ့ ဆီးရီးယား ပြည်သူ၊ ကမ္ဘောဒီးယားပြည်သူများလိုပဲ၊ ကုလသမဂ္ဂဆီက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခွင့်အရေးနဲ့ အကူအညီ အရင်းအမြစ်များကို ထိုက်တန်ကြသူတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာသူကမ္ဘာသားများကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ပင်မ လမ်းညွှန်ချက်အနေနဲ့ ချမှတ်ခဲ့တဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ်၄၆/၁၈၂ မှာ (ခြွင်းချက် မြန်မာနိုင်ငံ မပါ)လို့များ မှတ်ချက်ပြုထားခဲ့ကြသလားဆိုပြီး ပြန်ဆန်းစစ်သင့်တယ်လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။

ဒီကာလက အမှန်တရားဟာ နောက်ကျပြီးတော့မှ ရောက်လာတတ်တယ်ဆိုတဲ့ စိတ်မသက်မသာစရာ စကားကို ပိုအကျွမ်းတဝင် ဖြစ်စေပါတယ်။ ဒီကြားထဲကမှ လူသားစာနာမှု အကူအညီဟာလည်း အချိန်လွန်ပြီးမှသာ ရောက်လာခဲ့ပြန်ဦးမယ် ဆိုရင်တော့ တိုးတက်ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆိုတဲ့ အမည်နာမနဲ့ ထိုက်တန်မှု ရှိ၊ မရှိ ကမ္ဘာကြီးက ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြရပါလိမ့်မယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar