Breaking News

ကျော်မင်းထွန်း(NEW YORK) - လွတ်မြောက်ရေးအလံ

လွတ်မြောက်ရေးအလံ

ကျော်မင်းထွန်း(NEW YORK)

(မိုးမခ) မတ် ၄၊ ၂၀၂၄


ဖိနပ်မပါပဲလျှောက်ရတော့ ခြေရာမကျန်ဘူးပေါ့

ခြေထောက်မပါတဲ့ လမ်းတလျှောက်

ဓူဝံကြယ်ပျောက်နေလို့ တိမ်တွေကိုပဲထိုင်ငေးမိတယ်။


ရေဘူးထဲ ရေမရှိပေမယ့်

ခြင်းကြားနဲ့ရေခပ်လို့မှ မရတာ

လေပူတွေ အမြဲတိုက်နေတဲ့အရပ်မှာ

စိမ့်စမ်းရေ ဘယ်လောက်အေးအေး

ခြေမကချွေး နဖူးထိရောက်တယ်။


ဓာတ်ပြားက လည်နေပေမယ့်

အပ်ဖျားကျိုးသွားတဲ့အခါ အသံထွက်နိုင်ပါ့မလား

အသွားနှစ်ဖက်ရှိတဲ့ ဓားလို

ပလီပလာ စကားတွေကြား

သစ္စာတရားကို ယုံထင်ကြောင်ထင်။


ကောင်းကင်ပေါ် ခွေးဟောင်နေတာ

နားထဲမှာ မျက်စိနောက်စရာ

ထိုးကျွေးခံရတဲ့ ဒုက္ခဟာ

ကမ္ဘာပျက်လေ အန္တရာယ်ကြီးလေ။


(၃၅) နှစ်အောက် ငါ့သားနဲ့သမီးလည်း

ငါ့လိုပဲ စစ်မှုထမ်းရမတဲ့

ငါ့လိုပဲ ငါ့ပြည်သူကိုပစ်ရမတဲ့။


အနာဂတ်မရှိတဲ့ အနာဂတ်ကို

ပုံဖော်လို့မရ အိမ်ပြန်လို့မရ

ကျောက်စာကို ခဲဖျက်နဲ့ ဖျက်လို့မရ

အခေါင်းထဲကလူဟာ

သူ့အလောင်းလှ မလှ ထကြည့်လို့လည်းမရ

ဘန်ကာထဲမှ လွတ်မြောက်အောင်

အလံဖြူထောင်ထားလိုက်ပါပြီ။     ။

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar