Breaking News

ဖဆပလခေတ် ပြည်တွင်းစစ်ကာလ ၃နှစ်တာ နှင့် နှိုင်းယှဥ်ကြည့်ခြင်း

မြန်မာနွေဦး ခရိုနီကယ် - မတ်လ ၃ မြင်ကွင်း

(မိုးမခ) မတ် ၄၊ ၂၀၂၄

ဖဆပလခေတ် ပြည်တွင်းစစ်ကာလ ၃ နှစ်တာ နှင့် နှိုင်းယှဥ်ကြည့်ခြင်း

ခေတ်သစ် မြန်မာ့သမိုင်းမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု အပြီးပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးနဲ့ နှိုင်းယှဥ်စရာ အနေအထားဟာ ၁၉၄၉ ကနေ ၁၉၅၀၊ ၅၁ ခုနှစ်တွေအတွင်းဖြစ်ပွားခဲ့တဲ့ လွတ်လပ်ရေးရပြီးခါစ ပြည်တွင်းစစ်ကာလသာလျှင် ရှိတယ်လို့ ဆိုရမှာပါ။ အဲဒီမတိုင်ခင်ဆိုရင်တော့ ၁၈၈၅ ခုနှစ် ဗြိတိသျှ ကိုလိုနီအဖြစ် မြန်မာတနိုင်ငံလုံးကို သိမ်းယူပြီးနောက် လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှုတွေကို ဗြိတိသျှက နှိမ်နှင်းခဲ့တဲ့ခုနှစ်တွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် ဗြိတိသျှကိုလိုနီတွေ က ပုန်ကန်သူတွေကိုနှိမ်နှင်းတဲ့ စစ်ပွဲတွေက ပြည် တွင်းစစ်လို့ ခေါ်ဆိုတာထက် ဗြိတိသျှကိုလိုနီတပ်ကို ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲလို့သာ ခေါ်ဆိုနိုင်မယ့်သဘောထင်ပါတယ်၊။ လွတ်လပ်ရေး ရပြီး လပိုင်းအနည်းငယ်အတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီတောခို ခဲ့ပြီး အဲဒီနောက်မှာ ကေအန်ဒီအို၊ ရဲဘော်ဖြူ စသဖြင့်တဖွဲ့ပြီးတဖွဲ့ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြရာက ပြည်တွင်းစစ်မီးဟုန်းဟုန်းတောက် လောင်ခဲ့တာဖြစ်ပါတယ်။ 

၁၉၄၉ နှစ်ဆန်းကနေ ၁၉၅၀ ပြည့်နှစ်တွေအထိ ဖြစ်ပွားခဲ့တဲ့ ၃ နှစ်တာအတွင်း လူ ၃ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။ အရပ်သား ၂ သောင်း ၂ ထောင်သေဆုံးခဲ့ပြီး စစ်မှုထမ်းနှင့် အရပ်ဖက်ဝန်ထမ်း ၅၇၀၀ အသက်ဆုံးရှုံးခဲ့ကာ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၉၅ သန်း (ထိုခေတ်ထိုအချိန်က ဒေါ်လာငွေတန်ဖိုးဖြင့်) ဆုံးရှုံးပျက်စီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်း ဒေါ်လာ ၅ သန်းဖိုး ဆုံးရှုံးခဲ့သည်ဟု အမေရိကန် စာရေးဆရာ ရစ်ချတ်ဘတ်ဝဲ(လ်) ၏ ရေးသားထားချက်အရ သိရကြောင်း ထိုပြည်တွင်းစစ် အကြောင်းမှတ်တမ်းတင်ထားသည့် စာအုပ်တွင် ဖေါ်ပြထားပါတယ်။  ထိုခေတ်အခါက မြန်မာနိုင်ငံ လူဦးရေ အရဆိုလျင် နိုင်ငံလူဦးရေ၏ ၂၀ ရာနှုန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် သဘောဖြစ်ပါတယ်။  ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေမှာ ၁၆ သန်းကျော် ရှိခဲ့ရာ ၁၉၄၉၊ ၁၉၅၀ ခုနှစ်များတွင် ရှိမည့် လူဦးရေ၏ ၅ ပုံ ၁ ပုံခန့်ရှိမယ်လို့ မှန်းဆရခြင်း ဖြစ်သည်။ 

ယခု ၂၀၂၁ နောက်ပိုင်း ပြန်လည်အရှိန်အဟုန်ဖြင့် တောက်လောင်လာသည့် ပြည်တွင်းစစ် ၃ နှစ်တာကာလ အတွင်း စစ်ဘေးရှောင် အရေအတွက် နကိုရှိနှင့်ပြီး စစ်ဘေးရှောင် ၉ သိန်းဝန်းကျင်ကနေ စုစုပေါင်း ၂.၆  သန်း အထိတိုးမြင့်လာခဲ့တာ ဖြစ်ပါတယ်။ ဖဆပလခေတ်က စစ်ဘေးရှောင် အရေအတွက်လိုမျိုး ကောက်ယူခြင်းထက် ပြည်တွင်းစစ်အတွင်း အိုးအိမ်ဆုံးရှုံးခြင်းတို့ကို အခြေခံထားကောက်ယူခဲ့ကြရာ ထို ပြည်တွင်းစစ် ၃ နှစ်တာ ကာလအတွင်း ဆုံးရှုံးမှုအတိုင်းအတာပမာဏမှာ ယခုအနေအထားထက် ပိုမိုကြီးမားတဲ့ အနေအထားမျိုးလို့ ကောက်ချက်ချနိုင်ပါတယ်။ လက်ရှိပြည်တွင်းစစ်က ပြီးဆုံးသေးခြင်း မရှိသေးတာကြောင့် နောက်ထပ် ဘယ်လောက်ထိ ထပ်မံဆုံးရှုံးနိုင်သလဲ ဆိုတာ မပြောနိုင်သေးသော်လည်း ၃ နှစ်တာ ကာလအတိုင်းအတာတူချင်း နှိုင်းယှဥ်ကြည့်ခြင်းအားဖြင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို မှန်းဆနိုင်တဲ့ သဘောဖြစ်ပါတယ်။ 

ဖဆပလ ခေတ် ၃နှစ်တာအတွင်း အရပ်သား သေဆုံးမှု ၂ သောင်း ၂ ထောင်ကျော်ရှိခဲ့ပြီး အခု ၂၀၂၁ ခုနှစ်နောက်ပိုင်း ၃ နှစ်တာကာလအတွင်းမှာတော့ ၁ သောင်း ၂ ထောင်ကျော် ရှိနေပြီလို့ မှတ်တမ်းတင် အချက်အလက်ကောက်ယူမှုတွေအရသိရတာဖြစ်ပါတယ်။ လက်ရှိပြည်တွင်းစစ်မှာ လက် နက်ကိုင် တပ်တွေရဲ့ သေဆုံးမှု အရေအတွက်တွေတော့ တိတိကျကျမသိရှိနိုင်သေးတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

ဒါတွေက ဖဆပလ ခေတ် ပြည်တွင်းစစ်နဲ့ စစ်ကောင်စီ အာဏာသိမ်းခေတ် ပြည်တွင်းစစ်ရဲ့ ဆုံးရှုံးမှု၊ ပျက်စီးမှု အတိုင်းအတာပမာဏ ကိန်းဂဏန်းတွေကို နှိုင်းယှဥ်ကြည့်တာ ဖြစ်ပါတယ်။ ထိုစဥ်က ဖြစ်စဥ် သမိုင်း၊ နိုင်ငံရေးအင်အားစု အနေအထား၊ ရပ်တည်ချက်၊ ပေါင်းစည်းမှု နဲ့ ရန်ဘက်ဖြစ်ခြင်းတွေကိုလေ့လာကြည့်ဖို့လည်း အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။ နယ်ချဲ့ဗြိတိသျှနဲ့ ဆွေး နွေးပြီး လွတ်လပ်ရေးရယူခဲ့တဲ့ ဖဆပလအစိုးရကို ကွန်မြူနစ်ပါတီ ၂ ပါတီလုံးက ရရှိတဲ့ လွတ်လပ် ရေးက စစ်မှန်တဲ့လွတ်လပ်ရေးမဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်၊ အမျိုးသားဓနရှင်တွေကို ကိုယ်စားပြုတဲ့ အင်အားစု၊ အလုပ်သမား လယ်သမားတွေကို ကိုယ်စားမပြုဘူးဆိုတဲ့ရပ်တည်ချက်နဲ့ လက် နက်ကိုင်တိုက်ခိုက်တာဖြစ်သလို ထိုစဥ်က လက်နက်ကိုင်အင်အားစုတွေအနက် အင်အားကြီးတဲ့ ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံးနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကေအန်ဒီအိုကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ရဲ့ ရပ်တည်ချက်က ကရင်ပြည်နယ်တည်ထောင်ရေး တနည်းအား ဖြင့် အမျိုးသားလွတ်မြောက်ရေးလို့ ဆိုမယ်ဆို ဆိုနိုင်တာဖြစ်ပါတယ်။ 

ဒီနေရာမှာ သတိပြုသင့်တဲ့အချက်က ကွန်မြူနစ်ပါတီ နဲ့ ကေအန်ယူ/ကေအန်ဒီအိုတို့ အကြားမှာ ဘုံသဘောတူညီမှုလိုမျိုး ပူးပေါင်းဆောင်ရွက်မှုလိုမျိုး မရှိတဲ့ အချက်ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီ အနေနဲ့ လူတန်းစားတိုက်ပွဲက အားလုံးသော အရေးတွေထက် သာလွန်အရေးကြီးပြီး အမျိုးသားရေးက လူတန်းစားအရေးရဲ့ လက်အောက်ခံ ကိစ္စရပ်တခုလို့ သာ ရှုမြင်ကြလို့ ကေအန်ယူ/ ကေအန်ဒီအိုနဲ့ ကွန်မြူနစ်ပါတီ တို့အကြား ဆက်ဆံရေးက ဘုံရန်သူ ဖဆပလ အစိုးရ တခုသာရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ကေအန်ယူ/ ကေအန်ဒီအိုတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့စည်းမှု၊ စစ်ရေးအတွေ့အကြုံ၊ လက်နက်အင် အား စတာတွေကို လေ့လာကြည့်ရင် ကေအန်ယူ/ကေအန်ဒီအိုကိုထောက်ခံတဲ့ ကရင်လက်နက် ကိုင်တွေဟာ ဗြိတိသျှခေတ်ကတည်းက ဗြိတိသျှ လက်အောက်မှာ ကရင်သေနတ်ကိုင် တပ်ရင်းတွေအဖြစ် အမှုထမ်းခဲ့ကြတဲ့ တပ်ရင်းအများအပြားရှိကြရာမှာ ၁၉၄၉ နှစ်ဆန်း ဖဆပလအစိုးရတပ်ကို လက်နက်ကိုင် တိုက်ဖို့ အတိအလင်း ကြေညာခဲ့ကြချိန်မှာ ကရင်သေနတ်ကိုင်တပ်ရင်းတွေက မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း ရန်ကုန် တိုင်း၊ ကရင်၊ မွန်၊ တနင်္သာရီ ဒေသတွေမှာ နကိုကတည်းက တပ်အနေနဲ့ အခြေချပြီးရှိနေကြတာမို့လို့ အနီးအနားက မြို့တွေကို အချိန်တိုအတွင်း သိမ်းယူနိုင်ခဲ့တဲ့ အနေအထားမျိုးဖြစ်ပြီး ပဲခူးတိုင်းအနောက်ပိုင်း၊ မန္တလေးတိုင်း မကွေးတိုင်းက မြို့တွေ၊ ဒေသတွေက ကွန်မြူနစ်ပါတီရဲ့ လက်နက် ကိုင်အဖွဲ့တွေ ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဗမာ့သေနတ်ကိုင်တပ်ရင်း ၃ ရင်းကိုယ်တိုင်က ဗမာပြည်ကွန်မြုူနစ်ပါတီနဲ့ ပူးပေါင်းသွားခဲ့တာကြောင့် လက်ဦးမှုနဲ့ အင်အားအသာစီးရခဲ့တာတွေ ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်ဆန်းပိုင်းမှာ ဖဆပလ အစိုးရတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးအရေအတွက်က တဒါဇင်ကျော်ရုံမျှသာရှိပြီး ရန်ကုန်မန္တလေး ကားလမ်း၊ ရထားလမ်းတွေကိုလည်း နေရာအနည်း ငယ်ကလွဲလို့ ထိန်းချုပ်မထားနိုင်တော့တဲ့အနေအထားထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ တနေရာကတနေရာကို လေယာဥ်နဲ့ သွားလာဆက်သွယ်ရတဲ့ အနေအထားမျိုး၊ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့ လည်း ကာလအတိုင်းအတာတခုထိ သူပုန်တွေသိမ်းယူထားနိုင်တဲ့အနေအထားရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ထိုစဥ်က ကေအန်ဒီအို၊ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော် နဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ စစ်ရေးအရ ထိန်းချုပ်ထားနိုင်တဲ့နယ်မြေ အကျယ်အဝန်း၊ မြို့ကြီးတွေအရေအတွက် စတဲ့ ရှုထောင့် က ကြည့်ရင် ဖဆပလ အစိုးရဆန့်ကျင်ရေးအင်အားစု လက်နက်ကိုင် အဖွဲ့တွေက အပုံကြီးသာတဲ့အနေအထားလည်း ဖြစ်ပါတယ်။ သို့ပေမယ့် တဖက်မှာ အမျိုးသားလွတ်မြောက် ရေး ရည်မှန်းချက်ထားတဲ့ ကေအန်ယူ/ကေအန်ဒီအိုလို လက်နက်ကိုင်အဖွဲ့နဲ့ ကွန်မြူနစ် လက်နက် ကိုင်အဖွဲ့အကြား မဟာမိတ် ဆက်ဆံရေး၊ ပူးပေါင်းလှုပ်ရှားမှုလိုမျိုး မရှိခဲ့ပါဘူး။ ကွန်မြူနစ်ပါတီ ဘက်က ခေါင်းဆောင်တချို့က ဗမာ့တပ်မတော်ကို အကယ်၍ ကေအန်ဒီအိုကို ၄င်းတို့ဝိုင်းတိုက် ခိုက်ပေးမယ်ဆိုရင် ဘယ်လိုသဘောတူညီချက်တွေသဘောတူရမယ်ဆိုတဲ့တိတ်တဆိတ် ဆွေးနွေးမှုမျိုးတောင် ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲဒီခေတ် ပြည်တွင်းစစ် ၃ နှစ်တာအတွင်း တနိုင်ငံလုံးမှာ ရှိတဲ့ မြို့ ၁၂ မြို့ကျော်လောက်သာ ထိန်း ချုပ်ထားနိုင်တော့တဲ့ ဖဆပလအစိုးရတပ်အနေနဲ့တနှစ်သာသာအတွင်း စစ်ရေးချိန်ခွင်လျှာ အပြောင်း အလဲဖြစ်စေခဲ့တဲ့ အကြောင်းအချက်တွေ အများအပြား ရှိလိမ့်မှာ ဖြစ်ပါတယ်။ အဓိက တချက်ကတော့ ဗမာ့တပ်မတော် ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ရန်သူလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးနောက်ခံ၊ ရည်မှန်းချက် အကျိုးစီးပွားတွေ သိသိသာသာ ကွဲပြားနေကြတဲ့အချက်က အဓိက ကျတဲ့အချက်ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ နောက်တချက်က လွတ်လပ်ရေး ရပြီးခါစ၊ ဗမာ့တပ်မတော်ဟာ ဗမာလူထုက ထောက်ခံနေဆဲ တပ်မတော်ဖြစ်တဲ့ အချက်ကလည်း အရေးကြီးတဲ့ အချက်တချက်အဖြစ် ထည့်သွင်းစဥ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ဗမာ့တပ်မတော်နဲ့ ဆန့်ကျင် ဘက် လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ နိုင်ငံရေးရည်မှန်းချက်အရ ဘုံသဘောတူညီချက် မရှိခြင်း၊ လက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်း လှုပ်ရှားမှုမရှိခြင်းက ထိုစဥ်က ဆုံးရှုံးခဲ့ခြင်းရဲ့ အခြေခံ အကြောင်းအချက်တွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ဆင်ခြင်သုံးသပ်စရာ ရှိပါတယ်။ 

အခု ၂၀၂၁ ခုနှစ် နောက်ပိုင်း ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်က ၁၉၄၉၊ ၁၉၅၀ ခုနှစ်တွေနဲ့ စာရင် အရှိန်အဟုန် အနည်းငယ်နှေးကွေးတဲ့ တိုက်ခိုက်မှုတွေလို့ အကဲဖြတ်ကောင်း အကဲဖြတ်နိုင်ပါလိမ့်မယ်။ ၃ နှစ်တာအတွင်း နယ်မြေအနေအထား ထိန်းချုပ်မှုကြီးမားစွာ အပြောင်းအလဲ မရှိခဲ့ပဲ လွန်ခဲ့တဲ့ ၄ လတာကာလမှသာ ရှမ်းမြောက်နဲ့ ရခိုင်၊ ကရင်နီဒေသတို့မှာ သိသာတဲ့ နယ်မြေ ထိန်းချုပ်မှုတွေ ရလာတဲ့ သဘောဖြစ်ပါတယ်။ တဖက်မှာလည်း ဖဆပလခေတ်ပြည်တွင်းစစ်ကာလတုန်းနဲ့ တစိတ်တပိုင်း အလားသဏ္ဍာန်တူတဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အကျိုးစီးပွားကွဲပြားမှုတွေ ရှိနေဆဲဖြစ်ပြီး ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်မလဲဆိုတဲ့အချက်က စစ်ရေး ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းလဲနိုင်စေလိမ့်မယ့် သဘောလည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar